Print

ဝက်သက်ရောဂါနှင့် အယူအဆမှားများ

  04-Apr-2020
Preview Image

ဝက်သက်ရောဂါနှင့် ပတ်သက်၍ အယူအဆအမှားများ တချို့ကို တင်ပြပါမည်။ ဝက်သက်ရောဂါမှာ အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း ကလေးများတွင် အဖြစ်များပါသည်။ လူကြီးများတွင် အဖြစ်နည်းခြင်းမှာလည်း ငယ်စဉ်က ဝက်သက်ရောဂါ
ဖြစ်ခဲ့ဖူးသဖြင့် ကိုယ်ခံစွမ်းအားစနစ်၏ ခုခံကာကွယ်နိုင်မှုကြောင့် ဖြစ်နိုင်ပါသည်။ဝက်သက်ပေါက်လျှင် ဆေးမထိုးရဟု လက်ခံထားမှုများရှိသည်။ ဝက်သက်ပေါက်သော ကလေးများအား ဆေးထိုးမိလျှင် ဝက်သက်ငုပ်သွားတတ်သည်။ ကလေးငယ်ပို၍ ခံစားရတတ်သည်။ အန္တရာယ်ရှိသည် စသည်ဖြင့် ယုံကြည်မှုများကြောင့်ဖြစ်သည်။

ဝက်သက်ရောဂါမှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ဗိုင်းရပ်စ်၏ သဘာဝအရ ပဋိဇီဝဆေးဝါးများကြောင့် အကျိုးသက်ရောက်မှု မဖြစ်နိုင်ပါ။ ဝက်သက်ရောဂါတွင် အနီဖုအစက်ပြောက်များမှာ ဆေးထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ သဘာဝအတိုင်း ထွက်လာမည်ဖြစ်၏။ ဗိုင်းရပ်စ်ရောဂါဖြစ်ပေါ်ချိန်တွင် ဒုတိယအဆင့် ဗက်တီးရီးယားကူးစက်မှု Secondary Bacterial Infection ဖြစ်နိုင်သည်။ ထိုအခါမျိုးတွင် ပဋိဇီဝဆေးကို ထိုးဆေးအဖြစ် (သို့) စားဆေးအဖြစ် ပေးရတတ်သည်။ ကိုယ်အပူချိန် အလွန်အကျွံတက်၍လည်း ဆေးထိုးရခြင်းမျိုး ဆေးတိုက်ရခြင်းမျိုး ရှိနိုင်ပါသည်။ ဆေးထိုးခြင်းဖြင့် အန္တရာယ်မရှိပါ။ ဝက်သက်ပေါက်နေသော ကလေးကို ဆေးထိုးပေးနိုင်ပါသည်။

ဝက်သက်ပေါက်သော ကလေးငယ်အား အိမ်တွင်း၌ ပိတ်လှောင်ထားခြင်း၊ ခြင်ထောင်အတွင်း၌ထားခြင်း၊ အဝတ်အထူများ ဝတ်ဆင်ပေးခြင်း စသည့် အပြုအမူများလည်း မှားယွင်းကြောင်း သိထားသင့်ပါသည်။ ကလေးငယ်အား လေဝင်လေထွက်
ကောင်းသော၊ လေကောင်းလေသန့်ရရှိမည့် နေရာတွင်ထားရန်ဖြစ်ပါသည်။ ပိတ်လှောင်ထား၍မရပါ။ အဝတ်အစားမျိုး အထပ်ထပ်ဝတ်ဆင်ပေးခြင်းဖြင့် ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ပြီး နောက်ဆက်တွဲဆိုးကျိုးများ (ဥပမာ - ကိုယ်ပူကြီး၍ တက်ခြင်း) ဖြစ်နိုင်သည်။

ဝက်သက်ညှိုးလိုလျှင် ရေနိုင်နိုင်ချိုးဟူသော အယူအဆတစ်ခုလည်း ရှိပါသည်။ ကလေးငယ်အား ရေအကြာကြီး ချိုးပေးတတ်ကြသည်။ ဝက်သက်ပေါက်သော ကလေးများတွင် နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုမှာ အဆုတ်ရောင်ခြင်း (အဆုတ်အအေးပတ်ခြင်း - နမိုးနီးယား) ဖြစ်သည်။ နမိုးနီးယားဝင်၍ ခန္ဓာကိုယ်အပူချိန် တက်နေသည်ကို ဝက်သက် အပူမစင်ဟု ထင်မှတ်ကာ ရေကို မနက်ပြန် ညပြန်အချိန်ကြာကြာ ချိုးပေးသည်။ နမိုးနီးယား အဆုတ်ရောင်ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါသည်။ ဝက်သက်ရောဂါများ၏ နောက်ဆက်တွဲဆိုးကျိုးများသည် ကလေးငယ်များအတွက် အန္တရာယ်ဖြစ်စေတတ်ပါသဖြင့် ဝက်သက်ပေါက်လျှင် ဆေးပညာရှင်ဆရာဝန်များနှင့် ပြသပြီးကုသမှုခံယူ ရပါမည်။ ကလေးများအား အသက် () လအရွယ်တွင် ဝက်သက်ကာကွယ်ဆေးထိုးခြင်းဖြင့် ဝက်သက်ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါသည်။


Credit : ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18