Print

သွေးပြန်ကြောအတွင်း သွေးခဲခြင်း (DVT)

  26-Mar-2020
Preview Image

သွေးပြန်ကြောအတွင်းတွင် သွေးခဲဖြစ်ပေါ်လာခြင်းကို ဆေးပညာအရ DVT (deep vein thrombosis) ဟု ခေါ်ပါသည်။ အများအားဖြင့် ခြေထောက်တွင်ရှိသော သွေးပြန်ကြောများတွင် ဖြစ်ပွားနိုင်ပါသည်။

ဖြစ်ပွားစေသော အကြောင်းရင်းများ


() အချိန်ကြာမြင့်စွာ လှုပ်ရှားမှုမရှိခြင်း (သွေးကြောတွင်း သွေးလျှောက်မှုနည်းပြီး သွေးအိုင်လာကာ သွေးခဲနိုင်ပါသည်။)
- ခွဲစိတ်မှုခံယူပြီး၊ ထိခိုက်ဒဏ်ရာရပြီး၊ နေမကောင်းခြင်းကြောင့် အိပ်ရာပေါ်တွင် အချိန်ကြာ လှှဲနေရသူများ၊
- ခရီးဝေးသွားရသည့်အခါ ခြေထောက်ကို မလှုပ်ရှားမိပဲ အချိန်ကြာမြင့်စွာ ထိုင်သူများ၊
- လေဖြတ်ထားခြင်းကြောင့် ခြေထောက် မလှုပ်ရှားနိုင်သူများ

() ကိုယ်ခန္ဓာတွင်းရှိ သွေးခဲသည့် အဖွဲ့အစည်းပုံမှန် အလုပ်မလုပ်ခြင်းဖြင့် သွေးခဲဖြစ်ပေါ်စေခြင်း
- မွေးရာပါ သွေးခဲမှု ပုံမှန်မဟုတ်ခြင်း
- မိသားစုတွင် သွေးပြန်ကြောတွင်း သွေးခဲရောဂါ (သို့) အဆုတ်သွေးကြောပိတ်ရောဂါ ဖြစ်ဖူးသူရှိခြင်း
- ကင်ဆာရောဂါ ကုသမှုကို ခံယူနေရသူများ
- သွေးကြောထုံး၊ နှလုံးရောဂါနှင့် လေဖြတ်ရောဂါသည်များ
- ကိုယ်ဝန်ဆောင်များ၊ မီးဖွားပြီးစအမျိုးသမီးများ
- ဟော်မုန်းဆေးသောက်နေသူများ
- ဆေးလိပ်သောက်သူများ

() သွေးကြောများ ထိခိုက်ပြီးနောက် သွေးခဲမှု ဖြစ်ပွားစေခြင်း
- လတ်တလော ခြေသလုံး၊ တင်ပါး၊ ဗိုက်နှင့် ဦးနှောက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုခံယူထားသူများ
- ထိခိုက်ဒဏ်ရာရပြီး တင်ပါးရိုး ကျိုးထားသူများ

ရောဂါဖြစ်နိုင်ချေ များသူများ


- အသက် ၄ဝ နှစ်ကျော်သူများ
- ကိုယ်အလေးချိန်ဝလွန်းသူများ
- ဆရာဝန်ညွှန်ကြားချက်အတိုင်း သွေးကျဲဆေးပုံမှန်မသောက်သူများ

လက္ခဏာများ

သွေးပြန်ကြောအတွင်း သွေးခဲလျှင် အများအားဖြင့် ရောဂါလက္ခဏာမပေါ်တတ်ပေ။ သို့မဟုတ် ရောဂါလက္ခဏာ အနည်းငယ်ပေါ်သည်လည်း ဖြစ်နိုင်ပါသည်။


တွေ့ရနိုင်သော ရောဂါလက္ခဏာများမှာ
- ခြေသလုံးများ ရောင်လာခြင်း
- ခြေသလုံးများ ပူလာခြင်း
- ခြေသလုံး၊ ပေါင်တစ်လျှောက် အလိုလိုနာလာခြင်း၊ (သို့) ထိလိုက်၊ ကိုင်လိုက်၊ မတ်တပ်ရပ်၊ လမ်းလျှောက်မှ နာလာခြင်း
- နီလာခြင်း
သွေးပြန်ကြောတွင် သွေးခဲခြင်း မဟုတ်သော အခြားရောဂါများ (အရေပြား ရောင်ရမ်းခြင်း၊ ကြွက်သားရောဂါများ) တွင်လည်း ယခုလို ရောဂါလက္ခဏာများ တွေ့ရှိရနိုင်ပါသဖြင့် ဆရာဝန်နှင့် ပြသပြီး ရောဂါကို အသေအချာ စစ်ဆေးစမ်းသပ်ရှာဖွေရန်  အရေးကြီးပါသည်။

နောက်ဆက်တွဲ ပြဿနာများ

() သွေးပြန်ကြောတွင် သွေးခဲမှုဖြစ်ပွားလျှင် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေတစ်ခုမှာ အဆုတ်တွင်ရှိသော သွေးလွှတ်ကြောထဲသို့ ခြေထောက်မှ သွေးခဲပြုတ်ထွက်ပြီး ရုတ်တရက်ပိတ်ဆို့သွားနိုင်ခြင်း ဖြစ်ပါသည်။ အဆုတ်တွင်ရှိသော သွေးလွှတ်ကြော ရုတ်တရက်ပိတ်သွားလျှင် အောက်ဖော်ပြပါ အခြေအနေမျာ းဖြစ်နိုင်ပြီး နီးစပ်ရာ ဆေးရုံ၏ အရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရန် လိုအပ်ပါသည်။
- အသက်ရှူမဝခြင်း၊ အသက်ရှူရ ခက်ခဲလာခြင်း
- ရင်ဘတ်အောင့်ခြင်း
- ချောင်းဆိုးလျှင် သွေးပါခြင်း
- နှလုံးခုန်မြန်လာခြင်း
- ဖြူဖျော့လာခြင်း
- သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်း မမှန်ခြင်း
- ချွေးစေးပျံခြင်းတို့ ဖြစ်နိုင်ပါသည်။

သက်သာစေရန်- သွေးပြန်ကြောအတွင်း သွေးခဲပိတ်ခြင်းကို စနစ်တကျ ကုသမှုခံယူခြင်းဖြင့် သွေးခဲတဖြည်းဖြည်း ကြီးထွားလာပြီး အခြားနေရာတွင် ပိတ်ဆို့နိုင်ခြင်းကို လျော့နည်းစေပါသည်။

() သွေးပြန်ကြောတွင်း သွေးခဲပြီးနောက်
- ခြေသလုံးများ ရောင်လာခြင်း၊ ဖောလာခြင်း
- ခြေသလုံးများနာလာခြင်း
- အရေပြားတွင် အရောင်ပြောင်းလာခြင်း
- အရေပြားတွင် တင်းနေခြင်း၊ အနာဖြစ်လာခြင်း

စစ်ဆေးမှုများ

- ရောဂါရာဇဝင် မေးမြန်းခြင်း
- လိုအပ်သော စမ်းသပ်မှုများ ပြုလုပ်ခြင်း
- အာလ်ထရာဆောင်းရိုက်ခြင်း
- သွေးစစ်ခြင်း (ဥပမာ- D-dimer, APTT, PT(INR) စစ်ခြင်း)
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်ပါသည်။ D-dimer test.

ကုသခြင်း

() ဆေးပေးကုသခြင်း(သွေးကျဲဆေးများ အနည်းဆုံး ၃လခန့်ပေးခြင်း)
သွေးခဲအသစ်ဖြစ်ပေါ်လာခြင်းကို တားခြင်း၊ ရှိပြီး သွေးခဲများ ကြီးမလာစေရန် ကာကွယ်ပေးခြင်းတို့ကို ပြုလုပ်ပေးပါသည်။

သွေးကျဲဆေးသောက်နေသူများတွင် သတိထားရမည့် အချက်များ
- ဒဏ်ရာရလဲကျခြင်း မဖြစ်အောင် ကာကွယ်ခြင်း (ထိခိုက်ဒဏ်ရာရလျှင် သွေးတိတ်ရန် ခက်ခဲနိုင်ပါသည်။)
- ဆရာဝန်ညွှန်ကြားချက်ဖြင့် ပုံမှန်သွေးစစ်ရန် လိုအပ်ခြင်း
သွေးကျဲဆေးများကို အချို့သောခွဲစိတ်ကုသမှုများ ပြုလုပ်ပြီးနောက်တွင် ပေးနိုင်ပါသည်။

() သွေးခဲ ချေဖျက်ဆေးများ
သွေးခဲအမြန်ပျော်ရန် လိုအပ်နေသူများတွင် ဆေးရုံတွင် အသုံးပြုလေ့ရှိပါသည်။

() ခွဲစိတ်မှု ပြုလုပ်ခြင်း
သွေးခဲဖယ်ထုတ်ရန် ခွဲစိတ်မှု သည် သွေးခဲအလွန်ကြီးပြီး သွေးကြောကြီးများတွင် ပိတ်ခြင်း အခြေအနေတွင် အသုံးပြုနိုင်ပါသည်။

() အဆုတ်အတွင်းသွေးခဲမသွားနိုင်စေရန် ဇကာခံပေးခြင်း (Vena Cava Filter)

ကာကွယ်ခြင်း


- ခြေသလုံးကြွက်သားများအတွင်း သွေးလည်ပတ်မှုကောင်းမွန်စေရန် လေ့ကျင့်ခန်းလုပ်ခြင်း၊ ခြေထောက်ကို မြှောက်ပြီးဆန့်တန်းပြီး ခြေချောင်းလေးများကို အပေါ်သို့ ကော့တင်ပေးပါ။ ပြီးလျှင် အောက်ချပေးပါ။ ထိုသို့လေ့ကျင့်ခန်းမျိုးကို ပုံမှန်ပြုလုပ်ပေးပါ။

(အထူးသဖြင့် အကြာကြီး ထိုင်နေရသည့် အခြေအနေမျိုးတွင် လုပ်ပေးခြင်းဖြင့် သွေးခဲခြင်းကို လျှော့ချပေးနိုင်ပါသည်။ လေယာဉ်အကြာကြီး စီးရသူများတွင် မိနစ်၃ဝကြာတစ်ခါ ထပြီး လမ်းလျှောက်ပေးသင့်ပါသည်။)
- အိပ်ရာပေါ်တွင် လှဲနေရသောလူနာများကိုလည်း သွေးလည်ပတ်မှုကောင်းစေရန် လေ့ကျင့်ခန်းလုပ်ပေးရပါမည်။
- ခြေသလုံးအစွပ်(compression stockings) များကိုလည်း အသုံးပြုပေးနိုင်ပါသည်။

Credit : Myat Noe

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18