Print

နှလုံးကို ကျန်းမာ၊ ကင်ဆာကို ကာကွယ်တဲ့ အစားအစာ

  29-Dec-2019
Preview Image

          အစားအသောက် အနေအထိုင်တွေဟာ နိုင်ငံအလိုက် လူမျိုးနဲ့ ကိုးကွယ်ရာဘာသာအလိုက် ကွဲပြားကြပါတယ်။ အဲဒီလို ကွဲပြားကြလို့ အဖြစ်များတဲ့ ရောဂါတွေဟာလည်း ဒေသအလိုက်ခြားနားသွားကြတယ်။ ဥပမာ ဂျပန်လူမျိုးတွေက ငါးနဲ့ အသီးအရွက် အသီးအနှံကို ပိုမိုစားသုံးကြလို့ ကင်ဆာအဖြစ်ပိုနည်း၊ အသက်ပိုရှည်ကြတယ်လို့ ဆိုကြပါတယ်။ အလားတူပဲ ကျန်းမာရေးလိုက်စားသူတိုင်းအနေနဲ့ မြေထဲပင်လယ်ဒေသ အစားအသောက်တွေဟာ နှလုံးကျန်းမာရေးနဲ့ ကင်ဆာရောဂါကာကွယ်ရေးအတွက် အရေးကြီးပါတယ်။ နာမည်ကြီးတယ်ဆိုတာ သိကြပါတယ်။


          မြေထဲပင်လယ်အစားအသောက်ထဲမှာ ပါဝင်လေ့ရှိတာက သံလွင်ဆီ၊ လတ်ဆတ်တဲ့ အသီးအရွက်အမျိုးမျိုး၊ အစေ့အဆန်တွေ၊ ငါးအမျိုးမျိုး၊ ကြက်သားအနည်းငယ်နဲ့ အသီးအနှံတွေ အများစုပါဝင်ပါတယ်။ နီတဲ့အသားတွေ၊ အမျိုးမျိုးပြုပြင်ဖန်တီးထားတဲ့ တာရှည်ခံ အစားအစာတွေ၊ အချိုရည်အမျိုးမျိုး၊ အမြန်စာ (Junk Foods) အားလုံးကို ရှောင်ကြဉ်တယ်။ ဒါမှမဟုတ် အနည်းအကျဉ်းပဲ စားကြတယ်။ အဲဒီမြေထဲပင်လယ်အစားအစာ စားလေ့ရှိသူတွေမှာ နှလုံးကျန်းမာရေးကောင်းစေတာအပြင် နောက်ထပ်လေ့လာမှုတွေအရ ကင်ဆာရောဂါတွေနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်စွမ်းရှိတာ တွေ့လာရပါတယ်။


          မေလ ၂၀၁၄ ထုတ် Advanced in Nutrition စာစောင်မှာ အာဟာရပိုင်းဆိုင်ရာ ကျယ်ပြန့်တဲ့လေ့လာမှုတစ်ခုကို PREDIMED မှ ပြုလုပ်တင်ပြခဲ့တယ်။ အရင်တုန်းက ပြုလုပ်ခဲ့တဲ့ ၅ နှစ်ကြာလေ့လာမှုတစ်ခုမှာ တွေ့ရတာက အုပ်စု ၂ ခုအနက် မြေထဲပင်လယ်အစားအစာစားတဲ့အုပ်စုက Control Group ထက် နှလုံးရောဂါ ဖြစ်ပွားတာ ၃၀ ရာခိုင်နှုန်းတောင် လျော့နည်းပါတယ်။


          နောက်လေ့လာမှုမှာ တွေ့ရတာက အဆိုပါလူတွေမှာ အမျိုးအစား ၂ ဆီးချိုအဖြစ်ပါ နည်းလာတာတွေ့ခဲ့ရတယ်။ မက်တာဘောလစ် ဆင်ဒရုန်း (Metabolic Syndrome) ဆိုတဲ့ မကူးစက်တတ်သောရောဂါများဖြစ်တဲ့ ဆီးချိုအပြင် နှလုံးရောဂါ၊ သွေးတိုးနဲ့ လေဖြတ်ရောဂါတွေရဲ့ အခြေအနေလည်း တိုးတက်ကောင်းမွန်လာစေတယ်။


          ဒါ့အပြင် ကင်ဆာဖြစ်စေတဲ့ အန္တရာယ်များမှလည်း ကာကွယ်ပေးနိုင်တယ်။ နှလုံးကျန်းမာသန်စွမ်းစေတဲ့ မြေထဲပင်လယ်စာတွေထဲမှာ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ သစ်သီးသစ်နှံတွေ၊ အစေ့အဆန်တွေနဲ့ သံလွင်ဆီတို့က ပင်တိုင်ဇာတ်လိုက်အဖြစ် ပါဝင်ကြတယ်။ နောက်ပြီး အတော်အသင့်ပမာဏရှိတဲ့ ငါးများ၊ ဒိန်ချဉ်၊ ထောပတ်၊ ကြက်သားနဲ့ ဝိုင်နီလည်း စားသုံးကြတယ်။ ဒါပေမယ့် နီတဲ့အသားတွေဖြစ်တဲ့ အမဲ၊ ဆိတ်၊ သိုး၊ မြင်းသားတွေနဲ့ အချိုပါတဲ့ အစားအစာတွေ၊ အချိုရည်တွေကို နည်းနည်းပဲ စားသုံးကြတယ်။ သို့မဟုတ် တချို့လူတွေက အနည်းငယ်တောင် မစားဘဲ ရှောင်ကြဉ်ကြတယ်။ အရက်နဲ့ မူးယစ်ဆေးဝါးကိုလည်း ရှောင်ကြတယ်။ ကြာရှည်ခံအောင် ပြုပြင် Preserved လုပ်ထားတဲ့ အစားအစာတွေကိုတော့ လုံးဝရှောင်ကြဉ်ကြတယ်။ အရက်နဲ့ မူးယစ်ဆေးကိုလည်း ရှောင်ကြတယ်။


          အခြေခံအချက်ကတော့ အပင်၊ အသီး၊ အရွက်(Plant Based) အစားအသောက်တွေက ဝိတ်မကျစေဘဲ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။ အခုလေ့လာမှုမှာ ပါဝင်သူတွေက နှလုံးရောဂါအဖြစ်များတဲ့ အသက်အရွယ်တွေဖြစ်တဲ့ အသက် ၅၅ နှစ်မှ ၈၀နှစ်အထိ ပါဝင်တာဖြစ်လို့ ကျန်းမာစေချင်ရင် ကင်ဆာနဲ့ ဆီးချိုရောဂါဘေးကင်းဝေးချင်ရင် ဘယ်အသက်အရွယ်ရောက်နေနေ စားသောက်မှုပုံစံကိုသာ အထက်ပါအတိုင်း ပြောင်းလဲလိုက်ရင် ကောင်းကျိုးတွေ ရရှိမှာ မလွဲပါဘူး။


          အချုပ်အားဖြင့်ပြောရရင် ကျန်းမာရေးကို ညီညွှတ်စေ၊ နှလုံးကျန်းမာရေးကောင်းစေ၊ ကင်ဆာနဲ့ ဆီးချိုအဖြစ် နည်းပါးစေတဲ့ အကုန်အကျလည်း သက်သာစေနိုင်တဲ့ မြေထဲပင်လယ်စားသောက်မှုပုံစံကို ပြောင်းလဲပြီး သတိထားစားသောက်ဖို့ စာရေးသူတော့ အခုပဲဆုံးဖြတ်လိုက်မိပါတယ်။ စာရှုသူကိုလည်း စကားမစပ် တိုက်တွန်းလိုက်ပါရစေ။ မြေထဲပင်လယ် အစားအစာတွေကိုသာ ရွေးချယ်စားသောက်ကြပါစို့လား။

Credit : ဒေါက်တာ မြမြချယ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18