Print

ကလေးငယ်တွေ အိပ်ချိန်ဘယ်လောက်လိုအပ်သလဲ

  28-Dec-2019
Preview Image

ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ အိပ်ချိန်ပမာဏဟာ ကလေးရဲ့အသက်အရွယ်နဲ့အခြားသော အချက်တွေအပေါ်မူတည်ပြီး ကွာခြားမှုတွေရှိပါတယ်။

(၁ - ၄) ပတ်သားအရွယ် : တစ်နေ့၁၅ - ၁၆ နာရီ

မွေးကင်းစကလေးတွေဟာ တစ်နေ့ကို ၁၅နာရီကနေ ၁၈နာရီ အထိ အိပ်လေ့ရှိကြပါတယ်။ဒါပေမယ့် တစ်ခါအိပ်ရင် ၂နာရီကနေ ၄နာရီလောက် အထိ အချိန်တိုလေးတွေပဲ အိပ်ကြတာပါ။ လမစေ့ပဲ မွေးတဲ့ကလေးတွေ ကတော့ ဒီ့ထက်ပိုအိပ်လေ့ရှိကြပါတယ်။ မွေးကင်းစကလေးတွေမှာ ကိုယ်တွင်းဇီဝနာရီ သို့ နေ့ညသတ်မှတ်တဲ့ စနစ်ဟာ ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့အတွက် သူတို့ရဲ့အိပ်စက်တဲ့ပုံစံဟာ နေ့ဘက်ရယ် ညဘက်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိသေးပါဘူး။

(၁ - ၄ ) လသားအရွယ် : တစ်နေ့ ၁၄ - ၁၅နာရီ

အသက် ၆ ပတ်သားအရွယ်ရောက်တဲ့ အချိန်မှာ ကလေးရဲ့အိပ်စက်တဲ့ပုံစံဟာ စတင်ပြီး ပုံမှန်ဖြစ်စပြုလာပါတယ်။ တစ်ခါအိပ်ရင် ၄နာရီကနေ ၆နာရီလောက်အထိ အိပ်လာပြီး ညနေပိုင်းတွေမှာ ပိုအိပ်လာပါတယ်။နေ့ညမမှန်တာတွေ ပြီးဆုံးစပြုလာပါတယ်။

(၄ - ၁၂ ) လသားအရွယ် : တစ်နေ့၁၄ - ၁၅ နာရီ

၁၅ နာရီအထိ အိပ်တာဟာ စံသတ်မှတ်ထားတဲ့ အိပ်ချိန်ဖြစ်ပေမယ့် အသက် (၁၁) လသားလောက်အထိ ကလေးတွေဟာ တနေ့ကို ၁၂ နာရီလောက်ပဲ အိပ်လေ့ရှိကြပါတယ်။ ဒီအသက်အရွယ်မှာ  ကလေးတွေရဲ့ အိပ်စက်မှုပုံစံဟာ လူကြီးတွေနဲ့ ပိုတူလာတဲ့အတွက် ကလေးတွေ အိပ်စက်တာ မှန်ကန်အောင် စတင်လေ့ကျင့်ပေးဖို ့အရေးပါပါတယ်။ ပုံမှန်အားဖြင့် ကလေးတွေက နေ့ဘက်ပိုင်း ၃ ကြိမ်လောက် တရေးအိပ်လေ့ ရှိကြပေမယ့် အသက်(၆)လလောက်ကစပြီး ၂ကြိမ်လောက်ပဲ အိပ်ပါတော့တယ်။ ညဘက်တွေမှာလည်း ပိုအိပ်လာပါတယ်။ ဇီဝနာရီဖြစ်စဉ်ဟာလဲ ဒီအချိန်မှာ ပိုမိုဖွံ့ဖြိုးလာပါပြီ။ ကလေးတွေက မနက်ပိုင်း (၉) နာရီလောက်မှာ တရေးအိပ်တတ်ကြပြီး တစ်နာရီလောက် ကြာတတ်ပါတယ်။ နေ့လည်ပိုင်းမှာတော့ (၁၂) နာရီနဲ့ (၂) နာရီကြားမှာ တစ်နာရီ၊ နှစ်နာရီလောက် အိပ်တတ်ကြပါတယ်။ မွန်းလွဲပိုင်း(၃) နာရီ နဲ့(၅) နာရီ ကြားမှာလဲ တရေးအိပ်လေ့ရှိကြပါတယ်။

(၁ - ၃) နှစ်အရွယ် : တစ်နေ့ ၁၂ - ၁၄ နာရီ

ကလေးအသက် (၁) နှစ်ကျော်လာတာနဲ့အမျှ မနက်ပိုင်းနဲ့မွန်းလွဲပိုင်း တရေးမအိပ်တော့ပဲ တနေ့ကို တစ်ကြိမ် နေ့လည်ဘက်ပဲ တရေးအိပ်ပါတော့တယ်။ အသက်(၂) နှစ်နဲ့(၃) နှစ်အရွယ်ကလေးအများစုဟာလဲ တစ်နေ့ကို တစ်ကြိမ်လောက်တော့ တရေးအိပ်ဖို ့လိုပါသေးတယ်။ ဒီအရွယ်တွေမှာတော့ ည (၇) နာရီကနေ (၉) နာရီလောက်မှာ အိပ်ရာဝင်တတ်ကြပြီး မနက်ဆို (၆) နာရီကနေ (၈) နာရီလောက်မှာ နိုးတတ်ကြပါတယ်။

( ၃ - ၆) နှစ်အရွယ် : တစ်နေ့ ၁၀ - ၁၂ နာရီ

ဒီအသက်အရွယ်မှာလဲ ည (၇) နာရီ (၉) နာရီလောက်မှာ အိပ်ရာဝင်ပြီး မနက် (၆) နာရီ (၈) နာရီလောက်မှာ နိုးလေ့ရှိကြပါတယ်။ အသက် (၃) နှစ်လောက်အထိ တရေးအိပ်တတ်ကြပြီး အသက် (၅) နှစ်လောက်ရောက်ရင် အိပ်လေ့မရှိကြတော့ပါဘူး။ တရေးအိပ်ချိန်တွေလဲ တဖြည်းဖြည်းပိုမိုလျော့နည်းလာပါတယ်။

(၇ - ၁၂) နှစ်အရွယ် : တစ်နေ့ ၁၀ - ၁၁ နာရီ

ဒီအရွယ်တွေမှာတော့ အိပ်ရာဝင်ချိန်ဟာ တဖြည်းဖြည်းနဲ့နောက်ကျလာပါပြီ။ (၁၂) နှစ်အရွယ် ကလေးတွေအများစုဟာ ည (၉) နာရီလောက်မှ အိပ်ရာဝင်ကြပါတော့တယ်။ ညအိပ်ရာဝင်ချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ စုစုပေါင်း အိပ်ချိန်ဟာ လဲ အပြောင်းအလဲတွေရှိလာပါတယ်။ ပျမ်းမျှအားဖြင့်တော့ တစ်ညကို စုစုပေါင်းအိပ်ချိန် (၉) နာရီလောက်တော့ရှိရပါမယ်။

( ၁၂ - ၁၈) နှစ်အရွယ် : တစ်နေ့ ၈ - ၉ နာရီ

ဆယ်ကျော်သက်အရွယ်ရောက်လာပေမယ့်လဲ ငယ်ငယ်တုန်းကလိုပဲ အိပ်ချိန်လိုအပ်ချက်တွေဟာ ကျန်းမာရေးအတွက် အရေးကြီးနေပါသေးတယ်။ဒါပေမယ့် ဆယ်ကျော်သက်အများစုက လူမှုဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဖိအားတွေ ကြုံတွေ့ရတတ်တာကြောင့် သင့်တင့်တဲ့အိပ်ချိန် အလုံအလောက်မရှိတာမျိူးတွေ ဖြစ်တတ်ကြပါတယ်။တစ်နေ့ကိုတော့ အနည်းဆုံး (၈) နာရီခန့် အိပ်စက်ပေးဖို ့လိုအပ်ပါတယ်။


Credit : Dr. Yamone Oo

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18