Print

သွေးလေးဖက်နာ

  14-Dec-2019
Preview Image

အခုပြောမယ့် လေးဖက်နာကတော့ ပိုးကြောင့်ဖြစ်တဲ့ လေးဖက်နာမဟုတ်ပါဘူး။ သွေးကြောင့်ဖြစ်တာ၊ ပိုးသတ်ဆေးတွေ စားလို့ မပျောက်ပါဘူး။ သွေးကို ပြန်ပြီးသန့်ပေးတဲ့ ဆေးစားရပါမယ်။
သွေးလေးဖက်နာဟာ ကြာရင်၊ မကုသရင် အဆစ်အကောက် ကွေးသွားတက်ပါတယ်။ ခန္တာကိုယ်ထဲမှာ အပြင်ကရောဂါပိုးမွှားတွေ ဝင်လာရင် ခုခံဓာတ်ရှိပါတယ်။ ဒီခုခံဓာတ်က တစ်ခါတလေမှာ မျက်စိလည်ပြီးတော့၊ ပိုးကိုမတိုက်ဘဲ ကိုယ့်ပစ္စည်း ကိုယ်ပြန်တိုက်တာရှိတယ်။ အဲဒီအခါမှာ ထွက်လာတဲ့ဓာတ်ကို RHEUMATOID FACTOR (RF) လို့ခေါ်ပါတယ်။ အဲဒီဓာတ်က အရိုးအဆစ်တွေကို တိုက်ခိုက်တဲ့အခါ သွေးလေးဖက်နာ ဖြစ်ပွားရပါတယ်။

အရွယ်မရွေး၊ ကျားမ မရွေးဖြစ်နိုင်ပါတယ်။ အသက် (၃ဝ) မှ (၅ဝ)ကြား အဖြစ်များပါတယ်။ မိဘမျိုးရိုးထဲမှာ ဖြစ်ဖူးတဲ့ လူရှိရင်လည်း ဖြစ်နိုင်ချေရှိပါတယ်။ ကင်ဆာရောဂါလိုပဲ ကံဆိုးတဲ့လူတွေမှာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ လူ ၁ဝဝ မှာ ၁ ယောက် နှုန်းလောက် ဖြစ်ပွားပါတယ်။

အဓိကလက္ခဏာကတော့ အဆစ်နာတာပဲ။ အဆစ်တစ်ဆစ်တည်း မဟုတ်ဘဲ လေးခုလောက်နာပါတယ်။ ဒူးအဆစ်တစ်ခုပဲ နာတယ်ဆိုရင်တော့ အရိုးကျီးပေါင်း ဖြစ်ဖို့များပါတယ်။ အဆစ်ဟာနာရုံတင်မကဘဲ ရောင်ရမ်းနေမယ်။ ဖောင်းနေမယ်ဆိုရင် စမ်းသပ်စစ်ဆေးရပါမယ်။

နောက်တစ်ခုကတော့ နာတဲ့အဆစ်ကို လက်ညှိုးနဲ့ လက်မကြားမှာ ဖျစ်ညှစ်ကြည့်လိုက်လို့ ပိုမနာဘူးဆိုရင် ကိစ္စမရှိဘူး။ မခံနိုင်အောင် နာတယ်ဆိုရင်တော့ သွေးလေးဖက်နာ ဖြစ်နိုင်ချေပိုများပါတယ်။ တတိယတစ်ချက်ကတော့ အဆစ်နာတာက လှုပ်လိုက်ရှားလိုက်ရင် ပိုမနာဘဲ သက်သာပြီး၊ မနက်စောစောမှာ တစ်နာရီကျော် နာနေတာပါပဲ။

ရောဂါနုစဉ် ကြိုတင်ပြင်ဆင်ခြင်း

ရောဂါဖြစ်စမှာ သုံးလအတွင်း ဆရာဝန်နဲ့ သြ စစ်ဆေးပြီး ရောဂါရှိရင် ဆေးကုသမှုခံယူရမယ်။ အချိန်ကြာထားပြီး ကုသမှု ကောင်းစွာမခံယူရင် အရိုးများကောက်ပြီး ခွဲစိတ်ကုသရတတ်တယ်။

အဆစ်ရောင်ရောဂါ ပျောက်ဆေးသောက်ရင် ရက်အနည်းငယ်မှာ ရောဂါ သက်သာပျောက်ကင်းပေမယ့် ခုခံအား ဟန့်တားစေတဲ့ ဆေးကို အနည်းဆုံး နှစ်နှစ်ခန့်သောက်မှ ရောဂါပျောက်ကင်းတယ်။

ခုခံအား ဟန့်တားတဲ့ဆေးကို တစ်လ သို့မဟုတ် နှစ်လခန့်သာ သောက်ပြီး ဖြတ်ထားရင် ရောဂါပြန်ဖြစ်နိုင်တယ်။ အသက်အရွယ် ကြီးရင့်သူများအနေနဲ့ အဆစ်များနာရင် ရောဂါပျောက်နှုန်းနှေးတယ်။

ဆရာဝန် ညွှန်ကြားတဲ့ ဆေးကို လနဲ့နှစ်နဲ့ ချီပြီး သောက်ရမယ်။ ခွဲစိတ်မှု မခံရအောင် ရောဂါနုစဉ် ဆရာဝန် နဲ့ပြပြီး စောစီးစွာ ကုသမှု ခံယူရမယ်။

ရောဂါရှာဖွေနည်း

ရောဂါရှာဖွေနည်းမှာ ဓာတ်မှန်နည်းအရ လက်ဆစ်များ ပွန်းထားပြီး ပုံပျက်နေမှုများ တွေ့နိုင်သလို သွေးစစ်ဆေးရင် သွေးထဲ အေအက်စ်အို များနေမယ်။ ပုံမှန် ၂ဝဝ အိုင်ယူရှိပြီး ယင်းဓာတ်များရင် လေးဖက်နာ ဖြစ်တတ်တယ်။

ရောဂါကုသခြင်း ရောဂါရှိ၊ မရှိစစ်ဆေးပြီးနောက် ဆရာဝန်နဲ့ ကုသရမယ်။ အများအားဖြင့် အဆစ်ရောင် ပျောက်ဆေးပေး တတ်တယ်။ အဆစ်ရောင် ပျောက်ဆေးပေးပြီး ခန္ဓာကိုယ်ရဲ့အဆစ်များဟာ ကောက်ကွေး လာတတ်တယ်။

လူနာရဲ့ အဆစ်များ ပြင်းထန်စွာနာကျင်ပြီး အိပ်ရာမှ မထနိုင်ရင် စတီးရွိုက် ဆေးများပေးရတယ်။ လျှပ်စစ်ဓာတ်နဲ့ ကုသပေးရသလို ခွဲစိတ်ပြုပြင် ရတတ်တယ်။ ဆေးနှစ်နှစ်သောက်ပြီး ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း လုပ်ပေးရမယ်။ ထိုးဆေး လစဉ်ထိုးပေးရင်လည်းရတယ်။

ရှောင်ကြဉ်ရန် အအေးမိနှာစေး၊ ချောင်းဆိုးခြင်းတို့ မဖြစ်အောင် ရေစိုအဝတ်များ ကြာရှည်မဝတ်ထားရ။ အအေးမခံရပါ။

ရှောင်ကြဉ် ရမည့်အစာ


အက်စစ်ဓာတ်ဖြစ်စေတဲ့ အမဲနှင့်ဆိတ် ကလီစာများ၊ နို့နှင့်နို့ထွက် ပစ္စည်းများ၊ ဖြူဖွေးနူးညံ့တဲ့ ပေါင်မုန့်ဖြူ၊ ပီဇာ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ကိုကာကိုလာ၊ ကိတ်မုန့်၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ဆီးသီး၊ ငှက်ပျောသီး၊ ဥအမျိုးမျိုး အသင့် အမြန်စား အစာများ မစားရပါ။

Credit : Aye Chan Mon

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18