Print

Zika Virus (ဇီကာ ဗိုင်းရပ်စ်)

  26-Nov-2019
Preview Image



အခုရက်ပိုင်း လူစိတ်ဝင်စားတာ များနေတဲ့ ဇီကာ ဗိုင်းရပ်စ်ပိုးအကြောင်း သိကောင်းစရာလေးတွေကို တင်ပြပေးလိုက်ပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ဖြစ်ပွားခြင်း မရှိသေးပေမယ့် ရောဂါပိုး သယ်ဆောင်နိုင်တဲ့ အေးဒီးစ်ခြင်တွေ ပေါများတဲ့ ဒေသမလို့ သတိပြု ဆင်ခြင်နိုင်ဖို့ ရည်ရွယ်ပါတယ်။

Zika ဗိုင်းရပ်စ်သည် သွေးလွန်တုပ်ကွေး၊ Chikungunya နှင့် Yellow Fever တို့သကဲ့သို့ပင် ခြင်မှတဆင့် ရောဂါကူးစက်ခြင်းဖြစ်ပြီး Aedes (အေးဒီးစ်) ခြင်မှတဆင့် ရောဂါကူးစက်သည်။ ဇီကာဗိုင်းရပ်စ်ကို ၁၉၄၇ ခုနှစ် Uganda နိုင်ငံတွင် Rhesus မျောက်များ၌ စတင်တွေ့ရှိခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် အဆိုပါနိုင်ငံရှိ လူများတွင် ရောဂါစတင် တွေ့ရှိခဲ့ရသည်။ ရောဂါအလျင်အမြန်ပျံ့နှံ့မှုကို အာဖရိက၊ အမေရိက၊ အာရှနှင့် ပစိဖိတ်ဒေသများတွင် တွေ့ရှိခဲ့ရသည်။ ရောဂါပိုးကူးစက်ခြင်း ခံရသောသူ ၅ ဦးတွင် ၁ ဦးမှာ ရောဂါလက္ခဏာများ ဖြစ်ပေါ်ခံစားရတတ်သည်။

ရောဂါလက္ခဏာများ
အဖြစ်များသော လက္ခဏာများမှာ
- ဖျားခြင်း
- အနီစက်များ ဖြစ်ပေါ်ခြင်း
- အဆစ်များ နာကျင်ခြင်း
- မျက်လုံးနီရဲခြင်း
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- ခေါင်းကိုက်ခြင်း စသည်တို့ ဖြစ်ကြသည်။
အများအားဖြင့် လက္ခဏာများမှာ ဆေးရုံတင်ရလောက်အောင် ပြင်းထန်လေ့မရှိကြဘဲ ရက်အနည်းမှ ရက်သတ္တပတ်ခန့်အထိ ဖြစ်ပေါ်ခံစားရနိုင်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ
အဓိကအားဖြင့် ရောဂါရှိသော အေးဒီးစ်ခြင် အကိုက်ခံရခြင်းမှတဆင့် ပိုးကူးစက်ခံရပြီး ရောဂါ ဖြစ်ပွားသည်။ ဗိုင်းရပ်စ်အမျိုးအစားမှာ Flavivirus အမျိုးအစားဖြစ်သည်။ ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း၊ ပိုးရှိသူ၏ သွေးသွင်းမိခြင်းမှတဆင့်လည်း ကူးစက်ကြသည့် လူအနည်းငယ်ရှိသည်ဟု သိရသည်။

နောက်ဆက်တွဲ ပြဿနာများ
ကိုယ်ဝန်ဆောင် မိခင်များ ရောဂါဖြစ်ပွားလျှင် ကလေးတွင် microcephaly ခေါ် ဦးခေါင်း သေးငယ်သည့် ပြဿနာ ဖြစ်ပေါ်ရန် ပိုမိုအခွင့်အရေးများသည်ဟု ယူဆနိုင်ဖွယ်ရှိသည်။ သို့ရာတွင် တိကျသေချာသော ဆက်စပ်မှုကိုမူ လေ့လာနေကြဆဲပင် ဖြစ်သည်။

စစ်ဆေးမှုများ
ဇီကာဗိုင်းရပ်စ်ကို PCR (polymerase chain reaction) နည်းဖြင့် စမ်းသပ်စစ်ဆေးနိုင်သည်။

ကုသခြင်း
များသောအားဖြင့် ရောဂါမပြင်းထန်ကြသည့်အတွက် ကုသမှုမလိုအပ်ကြပေ။ ရောဂါခံစားရသူများသည်
- ကောင်းစွာ အနားယူခြင်း
- ရေများများသောက်သုံးပေးခြင်း
- ဖျားနာကိုက်ခဲခြင်းများအတွက် သာမာန် တုပ်ကွေးအတွက် ဆေးဝါးများ (ဥပမာ- ပါရာစီတမော) သောက်သုံးပေးခြင်း စသည်တို့ဖြင့် ရောဂါသက်သာစေနိုင်သည်။
ရှားရှားပါးပါး ရောဂါပြင်းထန်မှုရှိပါက ဆေးရုံဆေးခန်းတို့တွင် သွားရောက် ကုသရမည်ဖြစ်သည်။

ကာကွယ်ခြင်း
လက်ရှိအချိန်ထိ ဇီကာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသေးပါ။ အဓိကအားဖြင့် ခြင်ကိုက်ခြင်း မခံရအောင် ကာကွယ်ခြင်းဖြင့် ရောဂါပိုးကူးစက်ခြင်း မခံရအောင် ကာကွယ်နိုင်ကြသည်။ ခြင်ကိုက်မခံရစေရန်
- နေ့ခင်းဖြစ်စေ၊ ညဖြစ်စေ အိပ်သည့်အခါ ခြင်ထောင်ထောင် အိပ်ခြင်း
- အကျႌလက်ရှည်များ၊ ဘောင်းဘီရှည်များ စသဖြင့် ကိုယ်လက်အင်္ဂါများ လုံခြုံအောင်ဝတ်ဆင်ခြင်း
- ခြင်မကိုက် လိမ်းဆေးများ လိမ်းကျံခြင်း
- ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ ကို ခြင်ကိုက်မခံရစေရန် ဂရုပြုပေးခြင်း စသည်တို့ကို ပြုလုပ်သင့်သည်။

ကြယ်မင်းတာယာ
Ref: WHO
CDC

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18