Print

အူမကြီးနာဖြစ်တတ်သော လက္ခဏာစုများ

  20-Oct-2019
Preview Image

လူတစ်ကိုယ်လျှင် ဗိုက်နာသောရောဂါ အမျိုးမျိုးရှိကြသည်။ အချို့က အစာနှင့်မတည့်၍ ဗိုက်နာသည်။ အချို့သူများကလည်း အဆီများသောအစာ နို့ဖြင့်ပြုလုပ်ထားသောအစားအစာများ အရက်နှင့် “Caffeine” ကဖင်းကိုသောက်ပြီး ဗိုက်နာဝမ်းပျက်တတ်ပါတယ်။ ထိုဗိုက်နာပြီး ဝမ်းပျက်ရခြင်း အကြောင်းကို အချို့က စိတ်ဖိစီးမှု (သို့) စိတ်ပူပန်မှုကြောင့် ဖြစ်သည်ဟု ယူဆကြသည်။ သို့ရာတွင် အူမကြီးနာဖြစ်တတ်သော လက္ခဏာစုအကြောင်းများနှင့်
ဗိုက်နာဝမ်းပျက်ခြင်း အကြောင်းအရာတို့ မတူပေ။ အူမကြီးနာဖြစ်လွယ်သော လက္ခဏာစုများမှာ အူမကြီးကျုံ့၍ အကြောဆွဲသကဲ့သို့ဖြစ်ပြီး ဝမ်းချုပ်ခြင်း (သို့) ဗိုက်နာအကြောဆွဲပြီး ဝမ်းချုပ်ခြင်း စသည်တို့ဖြစ်ပြီး ဝမ်းဗိုက်အရမ်းနာတတ်သည်။ ထိုသို့ ဗိုက်နာပြီး ဝမ်းသွားလိုက်လျှင် ဗိုက်နာပျောက်သွားတတ်သည်။ အချို့သူများ ဗိုက်ထဲတွင် လေပွခြင်း၊ လေထိုးခြင်း၊ ဝမ်းသွားလျှင် စမြင်းတုံးကလေးများသွားခြင်း၊ ဝမ်းထဲတွင် အချွဲများလည်းပါခြင်း၊ ဤသို့ မကြာခဏဗိုက်နာလိုက်၊ ဝမ်းပွလိုက်၊ ဝမ်းသွားလိုက်၊ ဝမ်းချုပ်လိုက်နှင့် ခဏခဏဖြစ်နေလျှင် အူမကြီးနာဖြစ်လွယ်သော လက္ခဏာစုများဟု ယူဆရပါသည်။

အချို့သုတေသနဆရာများကလည်း အူမကြီး၏အသားနှင့် အကြောအဖွဲ့အစည်းတို့ ဆက်သွယ်မှု မပြေပြစ်သောအခါ ဖြစ်တတ်သည်ဟု ထင်မြင်ယူဆကြပါသည်။ ဝမ်းနှင့်ပတ်သက်သော ရောဂါများမှာ ဝမ်းကိုက်ခြင်း၊ အစာအဆိပ်သင့်ခြင်း၊ သန်ဝမ်းသွားခြင်း၊ စသည်တို့ကို အူမကြီးကင်ဆာကြောင့် ဖြစ်ခြင်းဟု ယူဆ၍လည်း အူမကြီးကိုကြည့်သော မှန်ပြောင်းဖြင့် စစ်ဆေးကြည့်ကြသည်။ အမှန်စင်စစ်ဆိုလျှင် အူမကြီးနာဖြစ်နိုင်သော လက္ခဏာစုသာဖြစ်သည်။ ၎င်းသည် အူကင်ဆာရောဂါလည်း မဟုတ်သလို ပင်လယ်အူနာ ရောဂါလည်း မဟုတ်ပေ။ ဗိုက်နာပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းနာခြင်း၊ အချွဲများခြင်းတို့မှာ အစားအစာနှင့် များစွာသက်ဆိုင်ပါသည်။ အမျှင်များသော အစားအစာများစားလျှင် ဗိုက်ပွ၊ ဗိုက်နာ ဖြစ်တတ်သည်။ ငရုတ်သီး၊ ငရုတ်ကောင်း၊ အချဉ်၊ အပူအစပ်များ စားလျှင်လည်း အူမကြီးနှင့် မတည့်ပေ။ ထို့ပြင် ပဲ၊ နို့နှင့်ပြုလုပ်သော အစားအစာများ အရက်၊ ကော်ဖီတို့ကို စားသောက်မိလျှင်လည်း အူမကြီးနာ ဖြစ်လွယ်ပါသည်။ ဤသို့ ဗိုက်နာပြီး မကြာခဏ ဝမ်းပျက်လျှင်၊ ဝမ်းချုပ်လျှင် ဆရာဝန်များဖြင့် ပြသစစ်ဆေး သင့်ပါသည်။

အူမကြီးနာရောဂါသည် ကင်ဆာမဟုတ်ပေ။ အူမကြီး ကင်ဆာရောဂါဖြစ်လျှင် -

- ကိုယ်အလေးချိန်ကျသွားခြင်း၊
- ဝမ်းသွားလျှင် သွေးပါခြင်း၊
- ဝမ်းကြာရှည်စွာ ချုပ်ခြင်း၊
- ဗိုက်ဖောင်းပွခြင်း၊
- ဗိုက်နာပြီး အန်ခြင်း၊
- နေထိုင်မကောင်းဘဲ သွေးအားနည်းခြင်း
- ဗိုက်ထဲတွင် အလုံးစမ်းမိခြင်းနှင့် အကျိတ်ရောင်ခြင်းတို့ ဖြစ်တတ်သည်။

အူမကြီးနာဖြစ်တတ်သော လက္ခဏာစုများမှာ -

- ဗိုက်နာ၊ ဗိုက်အောင့်၊ ဗိုက်ပွ၊ ဗိုက်ဖောင်းဖြစ်တတ်ခြင်း၊
- တစ်နေ့တွင် ဝမ်းသုံးခါကျော် သွားလျှင်သော်လည်းကောင်း (သို့) တစ်ပတ်လျှင် ဝမ်းသုံးခါလောက်သာ သွားလျှင်သော်လည်းကောင်း ဖြစ်တတ်ခြင်း၊
- ဝမ်းသွားသည့်အခါ အခဲ၊ အတုံး (သို့) ပျော့ပျော့နှင့် အရည်များသွားတတ်ခြင်း၊
- ဝမ်းနှင့်အတူ ချွဲများပါတတ်ခြင်း စသည်တို့ဖြစ်တတ်ပါသည်။

ဤသို့ဖြင့် အထက်ပါလက္ခဏာစုများ ဖြစ်ပေါ်လာပါက ပြောင်းဖူး၊ ပဲအမျိုးမျိုး၊ နို့နှင့် ပတ်သက်သော အစားအစာများ၊ အပူအစပ်များမစားရန် ဆရာဝန်များက သတိပေးသော်လည်း အချို့လူနာများက စားလျှင် ချက်ချင်းပင် ဗိုက်အောင့်၊ ဗိုက်နာဖြစ်မည်။ ဝမ်းလည်းပျက်မည်။ အလွန်နာကျင်သော ဝေဒနာကိုလည်း ခံစားရပါမည်။ အချို့ဆရာဝန်များက ဤလက္ခဏာစုများအတွက် ဆေးများပေးကြသည်။

- Amitriptyline (အေမီတရစ်တိုင်လင်း)
- Colestyramine (ကိုလက်စ်တိုလ်ရမင်း) စသည့်ဆေးများ ပေးကြသည်။
“ Irritable bowel syndrome” ဟူသော အူမကြီးနာဖြစ်လျှင် ဝမ်းလည်းသွားမည်။ ဝမ်းလည်းချုပ် တတ်သည်။ ဗိုက်အရမ်းနာ၍ လေပွမည်။ ဆရာဝန်များက စမ်းသပ်
စစ်ဆေးပြီး မတည့်သော အားဆေးများကို ရှောင်ခိုင်းလျှင် ရှောင်ဖြစ်အောင်ရှောင်ပါ။ ဆရာဝန်များက သင့်တော်သောဆေးများကို ပေးလျှင်လည်း မှန်မှန် သောက်ရပါမည်။ ဤသို့ဖြင့် ဆရာဝန်များပေးသောဆေးများနှင့် ရှောင်ခိုင်းထားသော အစားအစာများကို လိုက်နာကျင့်သုံးပါက အူမကြီးနာဖြစ်တတ်သော လက္ခဏာစုများ သက်သာပျောက်ကင်းနိုင်ပါသည်။

Credit : ယုဝတီခင်ဦး


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18