Print

Low BP သွေးဖိအားနည်းတာနဲ့ Anemia သွေးအားနည်းတာ မတူပါ

  12-Oct-2019
Preview Image

၂မျိုးလုံးကနေ ခေါင်းမူးတာကို ဖြစ်စေနိုင်တယ်။ ဖြစ်နေတာတိကျမှ ဆေးနည်းညွှန်တာသင့်ပါမယ်။ ဘာလို့ ဖိအားကျနေသလဲ။ ဘာလို့ သွေးအားနည်းလဲ ခွဲသိရပါမယ်။

သွေးယိုရင် သွေးအားနည်းမယ်။ တိုင်းကြည့်ရင် BP ကျနေမယ်။ လူက နေမကောင်း
ဖြစ်မယ်။ သွေးလဲ မယိုတော့၊ ဆေးလိုတာကုလိုက်ရင်လဲ သွေးဖိအားပြန်ကောင်းမယ်။
ဒါပေမဲ့ လူက မကောင်းသေးတာ ဖြစ်တတ်တယ်။ အဲဒါ သွေးအား ဆက်နည်းနေသေး
တာပါ။

ဒါကို နားလည်ဘို့ Anemia “သွေးအားနည်းတာ” နဲ့ Blood pressure “သွေးဖိအား” ဆက်စပ်တာလေး နဲနဲသိဘို့လိုတယ်။ သွေးဖိအားကို တချို့က “သွေးပေါင်ချိန်” လို့ ခပ်လွယ်လွယ်ခေါ်တာ နုတ်ကျိုးနေကြတယ်။ “သွေးဖိအား” ဆိုမှ မှန်တယ်။ အရေအတွက်၊ ပမာဏ၊ အတိုင်းအတာတွေကိုပြောရင် ကိန်းဂဏန်းတွေရဲ့ နောက်မှာ (ယူနစ်) တခုခု ထည့်ပြောရတယ်။

(ယူနစ်) ဆိုတာ
“အရပ် ၅ ပေ ၂ လက္မရှိတဲ့ မွေးလူနာ ရောက်လာတယ်။ ကိုယ်အပူချိန် ၉၈့၆ ဒီဂရီ F ဖါရင်ဟိုက် နဲ့ နှလုံးခုန်နှုန်း 80/min ရှိတယ်။ သွေးဖိအား တိုင်းတော့ 100/70 mmHg ရှိတယ်။ ကြာနေလို့ 5% Dextrose 500 cc ထဲမှာ သားအိမ်ညှစ်အား ကောင်းတဲ့ဆေး Oxytocin 2 ml တလုံးထည့်ပြီး သွင်းပေးတယ်။ ၂ဝ၁ဝ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက် ည ၁၁ နာရီ ၃ဝ မိနစ်မှာ သူမွေးလိုက်တဲ့ ကလေးက ၅ ပေါင် ၈ အောင်စ လေးတယ်။ ကလေးခေါင်းက ၃၂ စင်တီမီတာရှိတယ်။”

ဒီမှတ်တမ်းထဲမှာ ‘ယူနစ်’ တွေ အမျိုးမျိုးတွေ့ရပါမယ်။ ‘ပေ’၊ ‘လက္မ'၊ ‘ဖါရင်ဟိုက်’၊ ‘mmHg’, ‘ml’ စတာတွေ။ သွေးဖိအားကို mmHg ဆိုတာနဲ့ မှတ်သားပါတယ်။ mm ဆိုတာမီလီမီတာ၊
Hg ဆိုတာ (မာကျူရီ)။ သွေးဖိအားတိုင်း ကရိယာမှာ မာကျူရီ ခေါ်တဲ့ ပြဒါးပါပြီး၊ ဖန်ပြွန်
လေးမှာ ရေးမှတ်ထားတာတွေက မီလီမီတာတွေမို့ (မီလီမီတာ-မာကျူရီ) ဆိုပြီးရေးရတာ
ဖြစ်ပါတယ်။ ‘ပေါင်’ နဲ့ မဟုတ်ပါ။

သွေးဖိအား အနည်း-အများကို BP နဲ့ တိုင်းရပေမဲ့၊ သွေးအားအနည်း-အများကိုတော့ လူကို ကြည့်လိုက်ရင် အသားအရေ ဖြူဖွေးနေတာ မြင်ရမယ်၊ ခေါင်းမူးတယ်၊ အလုပ်လုပ်ရင်မောတယ်၊ စသဖြင့် (ကွန်ပလိန့်) လုပ်မယ်။ ဓါတ်ခွဲခန်းမှာ သွေးစစ်မှ တိတိကျကျသိရလိမ့်မယ်။ အဖြေထွက်ရင် Hb (ဟီမိုဂလိုဘင်) ဘယ်လောက် ရှိတယ်ဆိုတာပါလာမယ်။
• မွေးစကလေး = 17-22 gm/dl
• ကလေး = 11-13 gm/dl
• လူကြီး-ယောက်ျား = 14-18 gm/dl
• လူကြီး-မိန်းမ = 12-16 gm/dl

လူကြီးတယောက်မှာ သွေးထုတည် ၅ (၄့၇) လီတာ ရှိတယ်။ Drip ပုလင်း ၁ဝ ပုလင်း
ပေါ့။ လူ့သွေးဆိုတာ ကြည့်ရင်တော့ အရည်၊ သေသေခြာခြာစစ်ရင် အရည်ထဲမှာ အခဲတွေလဲပါတယ်။ အခဲဆိုတာတွေက သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးမှုံတွေ ဖြစ်တယ်။ အချိုးအဆက အခဲ ၄၅% နဲ့ အရည် ၅၅%။ သွေးရဲ့အလုပ်က အာဟာရနဲ့ အောက်စီဂျင်
တွေကို သယ်ပို့ပေးတာနဲ့ မလိုတာတွေကို ပြန်စွန့်တာလဲလုပ်ပါတယ်။ အပူချိန်ကိုလဲ ထိန်းညှိပေးသေးတယ်။ နောက်ပြီး ရောဂါဘယတွေကို တိုက်ထုတ်တာမှာလဲ သူပါသေးတယ်။

“တောင်ပေါ်-မြေပြန့်၊ တမြေထဲနေ-တရေထဲသောက်၊ တသွေးထဲ-တသားထဲ” ဆိုတာ အင်မတန်ကောင်းလှတဲ့ နိုင်ငံရေး (စလိုဂင်) ဖြစ်ပါတယ်။ ကွာတာလေး ထောက်ပြရင် တမျိုး မထင်ကြပါနဲ့။ အမြင့် နေရသူတွေမှာ သွေးပိုကြတယ်။ သူတို့မှာ သွေး ၁ လီတာ
ကနေ ၁့၉ လီတာ ပိုရှိကြတယ်။ ပြောခဲ့သလို အောက်စီဂျင် သယ်ပို့တာ လုပ်ရတော့ အထက် ရောက်လေ လေပါးလေမို့၊ လိုတာ လုပ်နိုင်အောင် ပိုတာ ဖြစ်လာစေပါတယ်။

နှလုံးကနေ သွေးတွေကို ညှစ်ထုတ်နေတာက လက်ထဲမှာ စပရင်ထည့်ပြီး လက်မောင်းကြွက်သား သန်မာအောင် လုပ်နေသလိုဘဲ။ ညှစ်လိုက်၊ လျှော့လိုက်။ မီးသတ်ပိုက်ကနေ ရေပန်းသလိုမဟုတ်ပါ။ ညှစ်တဲ့အခါ နှလုံးအဆို့ရှင်တွေ ဖွင့်တာ-ပိတ်တာနဲ့ နှလုံးထဲက သွေးတွေက လှိုင်းတွေလိုဖြစ်တော့ နှလုံးခုန်သံဆိုတာ
ဖြစ်လာစေတယ်။ ဗိုက်ထဲက ကလေး နှလုံးခုန်သံကို Doppler ကရိယာနဲ့ နားထောင်တော့ ကိုယ်ဝန် ၉-၁ဝ ပါတ် ရှိမှသာ ကြားနိုင်ပေမဲ့၊ သန္ဓေသား ၅ ပါတ် ကတည်းကနေ နှလုံးစခုန်တယ်။ သေဆုံးတဲ့အထိ မရပ်မနား ခုန်နေတယ်။

အဲလို နှလုံးက ညှစ်ထုတ်တဲ့အခါ သွေးတွေကနေ သွေးလွှတ်ကြောနံရံအပေါ်မှာ သက်ရောက်နေတဲ့အား ဘယ်လောက် ရှိလဲ တိုင်းတာကို သွေးဖိအားလို့ ခေါ်လိုက်
တယ်။ သွေးဖိအားဆိုတာ အမြဲပြောင်းနေတာပါ။ နှလုံး တခါ ခုန်တာမှာ နှစ်ခါ
ပြောင်းတယ် ပြောရမှာဘဲ။ နှလုံးညှစ်ချိန်မှာ ရှိတဲ့အားက များတာပေါ့။ မညှစ်တဲ့ချိန်မှာလဲ နည်းပေမဲ့၊ ဖိအားက ရှိနေတာမို့ သုညတော့ မဟုတ်ဘူး။ အပေါ်ဂဏန်းကို Systolic pressure နဲ့ အောက်ဂဏန်းကို Diastolic pressure လို့ ခေါ်တယ်။

သွေးဖိအားကို သက်ရောက်စေတာတွေက အလွန့်အလွန်များတယ်။ ကြီးတာက စရရင် ကမ္ဘာ့ဆွဲအား၊ ကျား-မ၊ အသက်၊ လှုပ်ရှားမှု၊ စတာတွေ အားလုံးထဲမှာ သွေးအား
နည်းတာနဲ့ တိုက်ရိုက်ဆိုင်တာတွေက သွေးအပျစ်-အကျဲနဲ့ သွေးထုတည်။

သွေးအားနည်းတာဆိုရင် အစာအာဟာရ ပြည့်ဝ-မျှတအောင်စားတာက ဆေးထက် ပိုထိရောက်တာလဲရှိပါတယ်။ သွေးအားနည်းတာကို ယေဘုယျ သံဓါတ်ပါတဲ့
ဆေး-အစာလိုတယ်။ Iron သံဓါတ်ပါတာမျိုး၊ ဥပမာ Ferrous sulfate, Ferrous fumarate, Furamin BC, Obimin စားဆေး။ သွေးဖိအားဆိုတာ တချို့မှာ ပုံမှန်ကိုက နည်းနေတာလဲ ရှိတတ်တယ်။ နည်းနေလို့ ဘယ်လိုမှ မနေရင် စိုးရိမ်စရာမရှိပါ။ အတူနေပြီး ခေါင်းကိုက်တာဟာ Viagra လိုဆေးမျိုး သောက်ထားရင် ဖြစ်ပါတယ်။

လူတယောက် ဘာလို့ သွေးအားနည်းရလဲ။

လွယ်လွယ်လေးပြောရရင် သွေးယို-သွေးသွန်လို့ပါ။ (သွားဖုံး၊ နှာခေါင်း၊ ဆီးထဲ-ဝမ်းထဲ) ဘယ်ကပါပါ၊ (အနာ-ဒဏ်ရာ၊ မီးဖွါး၊ ကလေးပျက်၊) ဘာကြောင့်ထွက်ထွက်၊ သွေးအား
နည်းမယ်။ အခု ထွက်ရင် အခု သွေးအားနည်းမယ်။ ဖြစ်နေတာကြာသူတွေမှာ
နာတာရှည် သွေးအားနည်းတာ ဖြစ်မယ်။ ဒီလူနှစ်ဦး မတူကြဘူး။

ဆိုပါစို့ လူတယောက်ကနေ သွေး ၂ ပုလင်းစာ၊ ၁ လီတာလောက် ယိုထွက်-ကုန်ခမ်းသွားမယ်။ သူ့မှာ နေကောင်းတုံးက ၁ဝ ပုလင်း ရှိခဲ့တော့ ၈ ပုလင်းဘဲ ကျန်တော့မှာပေါ့။ ချက်ချင်း သွေးဖိအားကျတော့မယ်။ ပြောခဲ့သလို ကွန်ပြူတာထက်
ကောင်းတဲ့ သမမျှတနေစေအောင် စီမံမှုစနစ် Homeostasis ကနေ အရည်ထုထည်ကို ၁ဝ ပုလင်းစာ ပြန်ရှိလာအောင် အပြင်းအထံ ကြိုးပမ်းတော့တယ်။

သွေးထုထည်ကို သုံးမျိုးကနေ အဓိကလုပ်ပေးတယ်။ နှလုံးသွေးထုတ်နိုင်စွမ်း၊
သွေးထုထည်နဲ့ တစ်ရှူးတွေရဲ့ စိမ့်ထွက်နိုင်စွမ်းတွေက သံကြိုးကွင်းဆက်တွေ ဖြစ်တယ်။
သွေးပမာဏ ကျသွားရင် နှလုံးကထုတ်နိုင်တာ လျှော့လို့ ရင်းစားပြန်ရအောင် တစ်ရှူးထဲ
က အရည်တွေကို ထုတ်သုံးတယ်။

အရည်တွေကို သွေးထဲ စုပ်ယူလို့ ထုထည်တော့ ပြည့်ပါရဲ့ သွေးနီဥတွေကို အချိန်မီ
ထုတ်မပေးနိုင်သေးတာမို့ အခဲကနည်း အရည်ကများလို့ သွေးကျဲတယ်ဆိုတာ ဖြစ်လာ
တယ်။ ရေရောတဲ့ ယမကာသောက်ရသလို အရက်သမားမမူးပါ။ သွေးအား နည်းသူ
ကတော့ မူးလိမ့်မယ်။ အလုပ်ပုံမှန်မလုပ်နိုင်၊ လှုပ်ရှားရင် မောလွယ်မယ်။

သွေးထုထည် တိုးလာတာနဲ့ သွေးဖိအားလိုက်တက်လာမယ်။ သွေးဖိအားကို ထိန်းညှိတဲ့ တခြားရှုတ်ထွေးတဲ့ အစီအမံ တွေကလဲ လိုက်လုပ်ပေးတယ်။ တချိန်မှာတော့ BP တိုင်း
ကြည့်ရင် (နော်မယ်လ်) ဖြစ်လာလိမ့်မယ်။ ခက်တာက သူ့ကိုယ်က ပုံမှန် မရောက်သေး
ပါ။ ဘာတွေလိုသေးလဲ၊ ဘာတွေဖြစ်ကုန်တာလဲ။

သွေးနီဥရဲ့ ပင်မတာဝန်က သွေးကို သန့်အောင်လုပ်ပေးတာ ဖြစ်တယ်။ အသက်ရှူတဲ့
ထဲက အောက်စီဂျင်ကို သွေးနီဥမှာ ပါတဲ့ (ဟီမိုဂလိုဘင်) နဲ့ သွားပေါင်းပေးရတယ်။ လူတယောက်ရဲ့ သွေးတစက် (၁ စီစီ) ထဲမှာ သွေးနီဥပေါင်း ၅ သန်း၊ အဖြူ ၅ ထောင်
ကနေ ၁ သောင်း၊ သွေးမှုံ ၂ သိန်းကနေ ၃ သိန်းပါတယ်။ သွေးအရည်ပိုင်း (ပလာစမာ) ထဲမှာ အာဟာရအပြင် ဓါတ်ဆားတွေလဲ ပါသေးတယ်။ သွေးအားနည်းနေသူဟာ လူပုံလူပမ်း မပိန်ရင်တောင် လေးချိန်က လျှော့နေမယ်။ ကိုယ်အလေးချိန်ရဲ့ ၁၁ ပုံ ၁ ပုံက သွေးကြောင့် လေးတာဖြစ်တယ်။ သွေးနီဥထဲက (ဟီမိုဂလိုဘင်) ဆိုတာ သံဓါတ်နဲ့ လုပ်တာမို့ လေးပါတယ်။

ဒါ့ကြောင်း သွေးယိုလို့ သွေးအားနည်းနေသူကို သွေးသွင်းတာ အကောင်းဆုံးဖြစ်တယ်။ Drip သွင်းတာဟာ အရေးပေါ်သာ ကောင်းပြီး၊ သွေးထုထည်ကိုတော့ များလာမှာမို့ (ပရက်ရှာ) တက်လာပေမဲ့ သွေးကျဲနေမယ်။ ဆေး၊ အာဟာရတွေနဲ့ ကုစားရင် အချိန်
ယူရလိမ့်မယ်။ ကြားထဲကာလမှာ လူမမာသာ ဖြစ်နေအုံးမယ်။ ခြေလက် အေးစက်
နေမယ်။ မျက်နှာတွေ၊ နုတ်ခမ်းတွေ ဖြူရော်နေမယ်။ လက်ကောက်ဝတ် သွေးခုန်တာ
မြန်နေမယ်။ လိုတာ မီအောင် နှလုံးက ပိုလုပ်ပေးနေရလို့ပါ။

နေကောင်းတုံးကလို ရှိသမျှသွေးက တကိုယ်လုံး အနှံ့ ညီတူ-မျှတူ မဝေနိုင်ဘူး။ စိတ်ဝင်စားဘို့ ကောင်းတာက ဗဟိုကျတာ အရေးပါတာတွေကိုသာ ဦးစားပေး
ရတော့တယ်။ ခြေဖျား-လက်ဖျား၊ နားရွက်နားတွေထက် နှလုံး၊ ဦးနှောက်
ကျောက်ကပ်တွေကို မျက်နှာလိုက်တယ်။ “အကျိုးစီးပွါး ဝိရောဓိ ဖြစ်တယ်” ဆိုတာ နိုင်ငံရေးနဲ့ စီးပွါးရေးမှာသာ ရှိတာ မဟုတ်ပါ။ ဇီဝကမ္မဗေဒမှာလဲ ရှိတာဘဲ။
    
Credit : Forward Myanmar

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18