Print

နားရောဂါကြောင့် ခေါင်းမူးဝေခြင်း

  08-Oct-2019
Preview Image

မူးဝေခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားတတ်သည့် ဝေဒနာတစ်မျိုး
ဖြစ်ပြီး လူတိုင်း ခံစားဖူးကြပါမည်။ သွေးတိုးကြောင့် သော်လည်းကောင်း၊ ဆီးချိုကြောင့် သော်လည်းကောင်း၊ သွေးပေါင်ကျလျှင်
သော်လည်းကောင်း၊ ဦးနှောက် အာရုံကြောကြောင့် သော်လည်းကောင်း အစရှိသည့် အကြောင်း အမျိုးမျိုးကြောင့် မူးဝေတတ်ကြမည် ဖြစ်သည်။ သို့သော် နားကြောင့် မူးဝေ အော့အန်ခြင်း ဟူသည့် ဝေဒနာကို လူအတော်များများ သတိပြုမိမှု နည်းပါးတတ်ကြပြီး တကယ်တမ်း ထိုကဲ့သို့ ခံစားရပါကလည်း နားကြောင့် မူးဝေခြင်းဟု မသိရှိကြဘဲ အခြားသော ရောဂါကုသသည့် ဆရာဝန်များထံ ရောက်ရှိသွားတတ်ကြ၍ ဝေဒနာနှင့် ကုသမှု ထပ်တူကျမှု မရှိဘဲ ဖြစ်တတ်ကြကြောင်း သိရသည်။
"နားကြောင့်မူးတာ အများကြီး ရှိကြပေမယ့် နား၊နှာခေါင်း ဆရာဝန်တွေဆီ မရောက်ဘဲ လည်လည်နေတတ်ကြတယ်" ဟု နား၊နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန် ပါမောက္ခ ဒေါက်တာသန်းထွန်းက ပြောသည်။
အခြားသော အကြောင်းအရာများကြောင့် မူးဝေပါက တစ်ခါတစ်ရံတွင် သတိလစ်သွား တတ်သော်လည်း နားကြောင့် မူးဝေပါက သတိလစ်မှု မရှိကြောင်း သိရသည်။ ထို့အပြင် နားကြောင့် မူးဝေပါက အရက်မူးသကဲ့သို့ ချာချာလည် မူးဝေတတ်သည်ဟု ပါမောက္ခ ဒေါက်တာသိန်းထွန်းက ပြောသည်။
နားကြောင့် မူးဝေခြင်းသည် လူအများတွင် ဖြစ်ပွားတတ်သည့် ဝေဒနာတစ်ခု ဖြစ်ပြီး ဦးနှောက်အာရုံကြောကြောင့် မူးဝေခြင်း နှစ်ဆယ်ရာခိုင်နှုန်း ရှိပါက နားကြောင့် မူးဝေခြင်း ရှစ်ဆယ်ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ အလားတူ လူအများတွင် နားကြောင့် မူးဝေခြင်း ခံစားရပါက မည်သည့် အကြောင်းကြောင့် မူးဝေသည်ဟု မရှိဘဲ မိသားစု ဆရာဝန် (သို့မဟုတ်) နီးစပ်ရာ ဆရာဝန်များထံ ပြသလေ့ရှိကြပြီး ပျောက်ကင်းသွားပါက ပေါ့ပေါ့ဆဆပင် ပြန်နေတတ်ကြကြောင်း သိရသည်။

နားကြောင့် မူးဝေခြင်းသည် အကြောင်းအရင်း လေးမျိုးကြောင့် ဖြစ်ပွားတတ်သည်ဟု သိရသည်။

ပထမ အကြောင်းရင်းမှာ နားအတွင်းရှိ ချိန်သီးသည် တစ်စုံတစ်ရာနှင့် ထိခိုက်မိသောအခါ ချိန်သီးအတွင်းရှိ အရည်ကြည်များတွင်းသို့ ကယ်လ်စီယမ် အခဲလေးများ ပျော်ဝင်လာပြီး ချိန်သီးအတွင်း၌ လှုပ်ရှားနေသဖြင့် ချိန်သီး၏ မျှခြေမမျှတတော့သည့် အချိန်တွင် မူးဝေခြင်း ဖြစ်ပွားတတ်ကြောင်း သိရသည်။ ထိုအကြောင်းအရင်းကြောင့် မူးဝေပါက မူးဝေသူတွင် ချွေးများထွက်လာခြင်း၊ မျက်စိအမြင် မကြည်လင်ခြင်း၊ ကြည့်မိသည့် အရာများသည် လှုပ်လှုပ်ရှားရှား ဖြစ်နေခြင်းတို့ ခံစားရတတ်ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပွားသည့် နားထဲတွင် မျှခြေ အခြေအနေ မမျှတမှုကြောင့် ဖြစ်ပွားခြင်း ဖြစ်သည့်အတွက် မျှခြေများနေသည့် ဘက်သို့ လှည့်မိပါက မူးဝေခြင်းခံစားရပြီး အခြားဘက်သို့ ပြန်လှည့်လိုက်ပါက မူးဝေခြင်း ပျောက်ကင်းသွားတတ်ကြောင်း သိရသည်။ ထိုမူးဝေခြင်းသည် ဖြစ်ပွားချိန် စက္ကန့်ပိုင်းခန့်သာ ကြာမြင့်တတ်ကြောင်း သိရသည်။ "အဲဒီလိုဖြစ်တာက လူအတော်များများမှာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ လူတွေက ဘာကြောင့်ဖြစ်တယ်ဆိုတာ သတိမထားမိဘူး။ ဒီဘက်လှည့်လိုက်ရင် မူးတယ်။ ဒါပေမဲ့ ဟိုဘက်လှည့်လိုက်ရင် အမူးသက်သာသွားတယ် အဲဒီအခါကျတော့ နောက်ပိုင်းမှာ လူတွေက အလှည့်တွေကို သတိထားပြီး ဖြည်းဖြည်း လှည့်တဲ့အခါကျ ပျောက်သလိုလို သက်သာသလိုလို ဖြစ်သွားတတ်တယ်။ တစ်ခါတစ်ရံ သတိမေ့ပြီး လှည့်လိုက်မိကာမှသာ ပြန်ဖြစ်တတ်ကြတာပါ" ဟု ဒေါက်တာသိန်းထွန်းက ပြောသည်။

ဒုတိယ အကြောင်းအရင်းကြောင့် မူးဝေခြင်းတွင် အလုပ် များခြင်းကြောင့် သော်လည်းကောင်း၊ စိတ်ဖိစီးမှု များခြင်းကြောင့် သော်လည်းကောင်း၊ ညဘက်အိပ်ရေးပျက်ခြင်းကြောင့်သော် လည်းကောင်း စသည့် အကြောင်းများကြောင့် မူးဝေတတ်ကြသည်။ အထက်ပါ အကြောင်းအရာများ ဖြစ်နေချိန်တွင် နားတွင်းရှိ အရည်များ စုလာကာ တင်းလာတတ်သည်။ ထိုသို့ အရည်များ တင်းလာချိန်တွင် ခံနိုင်ရည် အားနည်းသည့် အမှေးပါး (Reissner's membrane) အတွင်းပိုင်း နေရာမှ ပေါက်ထွက်ကာ မူးဝေခြင်း ဖြစ်ပွားတတ်ကြောင်း သိရသည်။ ယခုကဲ့သို့ မူးဝေနေချိန်တွင် နားအူခြင်းပါ ခံစားရတတ်ပြီး နားထဲတွင် ဝီဝီ၊ ဝေါဝေါ အစရှိသည့် အသံများ ကြားရတတ်ကြောင်း သိရသည်။ ယခုကဲ့သို့ မူးခြင်းသည် အချိန်အတန်အသင့် ကြာမြင့်တတ်ပြီး နားထဲတွင် အရည်များ တင်းနေချိန်သည် အမူးဆုံးအချိန် ဖြစ်ပြီး မူးဝေချိန် တစ်နာရီခန့် ကြာမြင့်တက်ကြောင်း သိရသည်။ ထိုကဲ့သို့ မူးဝေခြင်း မကြာခဏ ဖြစ်ပေါ်လာပါက နားလေးခြင်း ဖြစ်ပေါ်တတ်ကြောင်း သိရသည်။ " အဲဒီလို မူးတာက နားထဲမှာ ဝီဝီဝေါဝေါ ကြားပြီး မူးတတ်တာ။ သူက နည်းနည်းကြာတယ် ချွေးသီးချွေးပေါက်တွေ ကျတတ်တယ်။ သူက အချိန် နည်းနည်းကြာတတ်တော့ မူးတဲ့သူက အဲဒါကို မှတ်မိနေတတ်တယ်။ နောက်ပြီး အဲဒီလို မူးလာရင် နားလေးတာပါ ဖြစ်တတ်လို့ နားဆရာဝန်ဆီ အမြန်ဆုံး ပြသင့်တယ်" ဟု ဒေါက်တာသိန်းထွန်းက ပြောသည်။

တတိယ အမျိုးအစား မူးခြင်းမှာ နားထဲသို့ ဗိုင်းရပ်စ်ပိုး တစ်မျိုးမျိုး ဝင်ရောက်ကာ ထိုဗိုင်းရပ်စ်ကြောင့် ခေါင်းမူးခြင်း ဖြစ်ပေါ်တတ်ပြီး ထိုအကြောင်းကြောင့် ခေါင်းမူးခြင်းနှင့်အတူ ဘက်တီးရီးယားပိုးပါ ဝင်ရောက်ကာ နားပြည်ယိုခြင်းပါ တွဲဖက် ဖြစ်ပေါ်တတ်ကြောင်း သိရသည်။ အချို့မှာလည်း ပဋိဇီဝဆေး တစ်မျိုးမျိုး ထိုးခြင်းကြောင့်လည်း နားကို ထိခိုက်ကာ အထက်ပါအတိုင်း မူးဝေနိုင်ကြောင်း သိရသည်။ ဒုတိယ အမျိုးအစား မူးဝေခြင်းနှင့် တတိယ အမျိုးအစား မူးဝေခြင်းမှာ ခံစားရပုံခြင်း တူညီသော်လည်း ဒုတိယ အမျိုးအစားမှာ နားပြည်ယိုခြင်း မရှိဘဲ တတိယ အမျိုးအစားမှာ နားပြည်ယိုတတ်ခြင်းသာ ကွဲပြားကြောင်း သိရသည်။

စတုတ္ထ အမျိုးအစား နားကြောင့် မူးဝေခြင်းသည် ဖျားနာ၍ အဆိုပါ ဗိုင်းရပ်စ်ပိုးကြောင့် ခေါင်းမူးခြင်း ဖြစ်ကြောင်း သိရသည်။ ထိုခေါင်းမူးခြင်းသည် နှစ်ရက်မှ သုံးရက်အထိ ကြာမြင့်တက်ပြီး နောက်တစ်ကြိမ် ပြန်မဖြစ်နိုင်ကြောင်း သိရသည်။

ထိုကဲ့သို့ အထက်ပါ အချက်အလက်များအား သိရှိထားပါက မိမိတွင် ဖြစ်ပေါ်လာသည့် ခေါင်းမူးခြင်းသည် မည်သည့် အကြောင်းအရာကြောင့် ခေါင်းမူးခြင်း ဖြစ်သည်ကို သိရှိကာ မှန်ကန်သည့် ကုသမှုကို ခံယူနိုင်မည် ဖြစ်ကြောင်း ဒေါက်တာ သိန်းထွန်းက ပြောကြားသည်။

Credit : သီဟ



 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18