Print

Cerebral palsy

  22-Sep-2019
Preview Image

Cerebral palsy (CP) ဆိုတာဟာ ဦးဏှောက် အာရုံကြောဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး၊ ဒီလိုထိခိုက်မှုကြောင့် လှုပ်ရှားမှု၊ သင်ကြားမှု၊ အမြင်အကြား အာရုံခံစားမှုနဲ့ အတွေးအခေါ်စတဲ့ ဦးဏှောက်နဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေမှာ ပြဿနာဖြစ်စေတဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဝေဒနာကို ခံစားနေရတဲ့ ကလေးငယ်တွေဟာ လမ်းမလျှောက်နိုင်တာ၊ စကားမပြောနိုင်တာ၊ စကားပြောတာ ထစ်နေတာ၊ သင်ကြားမှုဆိုင်ရာ အခက်အခဲ စတဲ့ ပြဿနာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

CP ရောဂါမှာ တွေ့ရတတ်တဲ့ ရောဂါပုံစံတွေကတော့-

(1) Spastic type (ကြွက်သားတောင့်တင်းနေမှုကြောင့် လှုပ်ရှားမှုဆိုင်ရာ ခက်ခဲတတ်ခြင်း)
(2) Athetoid type (ကြွက်သား ထိန်းချုပ်ခြင်းဆိုင်ရာ ပြဿနာကြောင့် ခြေလက်များ ထိန်းချုပ်မှုမရှိဘဲ ရုတ်တရက် လှုပ်ရှားတတ်ခြင်း)
(3) Ataxic type (ကိုယ်ခန္ဓာ ဟန်ချက်ထိန်းချုပ်ခြင်းဆိုင်ရာ ပြဿနာကြောင့် လမ်းမလျှောက်နိုင်ခြင်း၊ ဟန်ချက်ညီလှုပ်ရှားမှုဆိုင်ရာ ပြဿနာဖြစ်ခြင်း) စတဲ့ ပုံစံ ၃ မျိုးရှိပြီး Spastic type ကတော့ အတွေ့ရအများဆုံးဖြစ်ပါတယ်။
CP ဝေဒနာခံစားရတဲ့ ကလေးငယ်တွေဟာ သူတို့ရဲ့ ဦးဏှောက် ထိခိုက်မှုပေါ်မူတည်ပြီး ရောဂါခံစားရမှု Severity လည်း အနည်းအများ ကွာခြားတတ်ပါတယ်။ လမစေ့မှီ မွေးဖွားသော ကလေးငယ်များဟာ CP ရောဂါကို ပိုမိုခံစားရဖို့ အခွင့်အရေးများပါတယ်။ ဒါ့အပြင် ကလေးလနုစဉ်မှာလည်း အချို့ပြဿနာတွေကြောင့် CP ရောဂါခံစားရနိုင်ပါတယ်။ ဥပမာ အားဖြင့်
- ဦးနှောက်ထဲ သွေးယိုစီးခြင်း
- ဦးနှောက်ပိုးဝင်ခြင်း (encephalitis, meningitis, herpes simplex infections)
- ဦးခေါင်းထိခိုက်မိခြင်း
- အသားဝါရောဂါဖြစ်ခြင်း (Severe Jaundice)
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် Ventilator (အသက်ရှူကူစက်း) ကို ရက်သတ္တပါတ်များစွာ တတ်ရခြင်း အစရှိတာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာမှုများအရ CP ရောဂါခံစားရတဲ့ ကလေးငယ်များဟာ များသောအားဖြင့် မမွေးဖွားမှီ မိခင်ဝမ်းတွင်းမှာ ရှိစဉ်ကတည်းက ဦးနှောက်ကို ဘာကြောင့်မှန်းမသိ ထိခိုက်ပြီး ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ အဆိုပါဝေဒနာ ခံစားရတဲ့ ကလေးငယ်တွေကို ကလေးဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အထူးကုသမားတော်၊ ကလေး အရိုးအကြောဆိုင်ရာ ခွဲစိတ်ကုသမှု ဆရာဝန်၊ ကလေးဖွံဖြိုးမှုဆိုင်ရာ အထူးကုဆရာဝန်၊ ကလေးစိတ်ရောဂါအထူးကု ဆရာဝန်အစရှိတဲ့ ဆရာဝန်များက ပူးပေါင်းပြီး ကုသမှုပေးအပ်ဖို့ လိုအပ်ပါတယ်။ CP ရောဂါကို ရောဂါအမည်တပ်နိုင်ဖို့ အထွေအထူး ဓါတ်ခွဲစမ်းသပ်မှုမလိုအပ်ဘဲ Clinical Diagnosis အနေနဲ့တင် ရောဂါအမည်တပ်နိုင်ပါတယ်။

ဒါပေမယ့် ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းသို့မဟုတ် ရောဂါနောက်ဆက်တွဲ ပြဿနာရှိမရှိ အစရှိတာတွေ စစ်ဆေးနိုင်ဖို့တော့ ဒီလို ဓါတ်ခွဲစစ်ဆေးတာ၊ ဓါတ်မှန်ရိုက်ရတာစတဲ့ စမ်းသပ်မှုတွေ လိုအပ်နိုင်ပါတယ်။ CP ရောဂါခံစားရတဲ့ ကလေးငယ်တွေဟာ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ထိခိုက်မှုဟာ ပိုမဆိုးသွားတတ်ပါဘူး။ ဥပမာ ခြေထောက်မလှုပ်ရှားနိုင်တဲ့ ကလေးငယ်ဟာ အသက်ကြီးလာတာနဲ့အမျှ လက်တွေပါ မလှုပ်ရှားနိုင်၊ စကားမပြောနိုင်ဖြစ်လာတာမျိုး မဖြစ်တတ်ပါဘူး... ဒါပေမယ့် ထိခိုက်ခံစားနေရတဲ့ ခြေ၊ လက်တွေမှာတော့ ရောဂါပိုဆိုးတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဆိုပါကလေးငယ်တွေကို စောင့်ရှောက် ကုသပေးဖို့ လိုအပ်ပါတယ်။ ဒီကလေးငယ်တွေအတွက် ကိုယ်ခန္ဓာလေ့ကျင့်ခန်း၊ စကားပြောနိုင်အောင် ကုသမှု၊ လမ်းလျှောက်ခြင်း၊ စာရေးခြင်းစတဲ့ အရာတွေလုပ်တတ်အောင် လေ့ကျင့်ပေးခြင်း စတဲ့ အထူး ပြုစုကုသမှုတွေ လိုအပ်ပါတယ်။ ဒါ့အပြင် အခြားလိုအပ်တဲ့ ဆေးဝါးကုသမှု၊ ခွဲစိတ်ကုသမှု စသဖြင့် ကလေးရဲ့ ရောဂါခံစားရမှု အခြေအနေပေါ်မူတည်ပြီး သူ့ရဲ့ နေ့စဉ်ဘဝအဆင်ပြေချောမွေ့အောင် ပြုလုပ်ပေးရတဲ့ ကုသမှုတွေလည်း လိုအပ်တတ်ပါတယ်။

နိဂုံးအနေနဲ့ Cerebral Palsy ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ ဒီရောဂါခံစားရတဲ့ ကလေးငယ်တွေကို တတ်နိုင်သမျှ Independent ဖြစ်အောင် ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ Cerebral Palsy ကလေးငယ်တွေဟာ သာမာန်
ကလေးငယ်တွေလိုပဲ ကျောင်းသွားခြင်း၊ သူငယ်ချင်း မိတ်ဆွေဖွဲ့ခြင်း၊ ၎င်းတို့ နှစ်သက်ရာကို ပြုလုပ် ဆော့ကစားခြင်း စတာတွေကို သာမာန်ကလေးငယ်တွေနဲ့ ပုံစံအနည်းငယ်ကွဲတာ၊ အကူအညီ လိုအပ်တာကလွဲလို့ လုပ်ဆောင်နိုင်ကြပါတယ်။ ဒါကြောင့် မိမိပတ်ဝန်းကျင်မှာ အဆိုပါကလေးငယ်တွေကို တွေ့ရတဲ့အခါ ပစ်ပယ်မထားဘဲ တတ်နိုင်သမျှ စိတ်ရှည်ရှည်ထားပြီး သူတို့ကို ဖေးမကူညီကာ လက်တွဲခေါ်ဆောင်သွားပါလို့ တိုက်တွန်းလိုက်ရပါတယ်။


Credit : ကြယ်မင်းတာယာ


 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18