Print

အလှအပရေးရာနည်း (၁၂) သွယ်

  29-Aug-2019
Preview Image

ကမ္ဘာတစ်ဝန်းရှိ အလှအပရေးရာ ကျွမ်းကျင်သူတွေက အကောင်းဆုံး အလှအပ နည်းလမ်းတွေကို အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။

Beauty Tip (1) အရွယ်မရွေး ငယ်နုနေအောင်

“သင့်လက်တွေနဲ့ လည်ပင်းကို အမြဲတမ်း နေကာခရင်မ် လိမ်းပေးပါ” လို့ သြစတြေးလျ မိတ်ကပ်ပညာရှင် စူးက ဆိုပါတယ်။ “လက်နဲ့လည်ပင်းဟာ အိုမင်းမှုကို အမြန်ဆုံးပြသနိုင်တာကြောင့် မျက်နှာလိုပဲ အရေးကြီးပါတယ်။ ဒါကြောင့် ငယ်ရွယ်နုပျိုတဲ့ အသွင်ရရှိစေဖို့ မျက်နှာလိုပဲ လက်နဲ့ လည်ပင်း အရေပြားကိုလည်း ဂရုစိုက်သင့်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

Beauty Tip (2) လက်သည်း၊ ခြေသည်း ကျန်းမာ လှပလာအောင်

“ပြင်သစ် အမျိုးသမီးတွေ ပြုလုပ်နေကျနည်းပါ။ လက်သည်း၊ ခြေသည်းနဲ့ ဆံကေသာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်တဲ့ ဒိန်ချဉ်၊ အခွံမာသီး၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေကို စားလေ့ရှိတာပဲ ဖြစ်ပါတယ်” လို့ နိုင်ငံတကာ သဘာဝ အရင်းအမြစ် ကုမ္ပဏီမှ ဘဲလ်ဂျန်စကိက ဆိုပါတယ်။

Beauty Tip (3) ခြောက်သွေ့နေသော လက်အရေပြား စိုပြည်လှပလာအောင်

“လက်အရေပြားတွေ ကြမ်းတမ်းနေရင် သံပရာခွံ၊ ရှောက်ခွံနဲ့ ပွတ်တိုက်ပေးဖို့ အဘွားက သင်ကြားပေးခဲ့တယ်” လို့ ဂရိအရေပြား အထူးကု မာခရိက ဆိုပါတယ်။ ဒီလို ပွတ်တိုက်ပေးတာကြောင့် ကျိန်းစပ်မှု ဖြစ်စေနိုင်ပေမယ့် အနာကျက် မြန်စေပါတယ်။ လက်အရေပြားလည်း စိုပြည်နေစေပါတယ်။

Beauty Tip (4) အသားအရေ သန့်ရှင်း စင်ကြယ်နေအောင်

“မျက်နှာပေါ်က မိတ်ကပ်၊ မျက်ဝန်း မိတ်ကပ်တွေ သန့်ရှင်း စင်ကြယ်နေစေဖို့ အမျိုးအစားကောင်းတဲ့ သန့်စင်ပစ္စည်းသုံးပြီး နှိပ်နယ်ကာ သန့်စင်ပေးပါ။ ညဘက် အိပ်ရာ မဝင်ခင်မှာ ဒီနည်းကို ပုံမှန် လုပ်ဆောင်ပေးသင့်ပါတယ်” လို့ အမေရိကန်အခြေစိုက် အလှအပ ကျွမ်းကျင်သူ နစ်ကီက ရှင်းပြပါတယ်။

Beauty Tip (5) ပြင်သစ် လှပျိုဖြူတွေလို လန်းဆန်း ကြည့်ကောင်းနေအောင်

“အမြဲတမ်း နှုတ်ခမ်း ဆိုးဆေးတောင့်ကို သုံးပါ။ ပြင်သစ် အမျိုးသမီးတွေက နှုတ်ခမ်း
ဆိုးဆေး အဆီ (Lip Gloss) အများကြီး မဆိုးဘဲ အနီရောင် နှုတ်ခမ်း ဆိုးဆေးတောင့်ကိုပဲ ဆိုးလေ့ရှိပါတယ်။ နှုတ်ခမ်းနီ မဆိုးဘဲ အပြင်ကို ထွက်လေ့ မရှိပါဘူး” လို့ ပြင်သစ် မိတ်ကပ်ပညာရှင် တယ်ရီက ရှင်းပြပါတယ်။

Beauty Tip (6) အလွယ်နည်းသုံးပြီး မျက်နှာ ပေါင်းတင်ရအောင်

“ပေါင်းတင်တယ်ဆိုတာ အိန္ဒိယရိုးရာ နည်းလမ်း တစ်ရပ်ပါ” လို့ အိန္ဒိယ အလှအပရေးရာ ပညာရှင် ရစ်ချားက ဆိုပါတယ်။ အဆီပြန်တဲ့ အသားအရေအတွက်က စန္ဒကူး ပေါင်ဒါမှုန့် ထမင်းစားဇွန်း တစ်ဇွန်း၊ နနွင်းမှုန့် တစ်တို့စာနဲ့ လိမ္မော်ရည် ထမင်းစားဇွန်း အနည်းငယ်တို့ရောပြီး မျက်နှာနဲ့ လည်ပင်း အရေပြားကို လိမ်းကာ ခြောက်သွေ့အောင် ထားပြီးမှ
ရေအေးနဲ့ ဆေးကြောပေးလိုက်ပါ။ ပုံမှန် အသားအရေရှိရင် လိမ္မော်ရည်အစားနှင်းဆီပွင့်ဖတ်တွေ ထည့်ထားတဲ့ ရေကို သုံးပါ။

Beauty Tip (7) ဆွဲဆောင်မှုရှိသော မျက်ဝန်းအလှ ရရှိအောင်

“အာဖဂန် အမျိုးသမီးတွေမှာ လှပတဲ့ မျက်ဝန်းတွေ ရှိကြပါတယ်။ ရိုးရာနည်းအရ အမည်းရောင် ကာချယ်ကွင်းထားတဲ့ မျက်ဝန်းဟာ ဆွဲဆောင်မှု ရှိပါတယ်” လို့ အာဖဂန်မှာ မွေးတဲ့ မာတင်က ဆိုပါတယ်။

Beauty Tip (8) အသားအရေ လန်းဆန်းနေအောင်

“နံနက်ခင်းမှာ ပန်းရနံ့ပါတဲ့ရေ ဒါမှမဟုတ် စပရေး ဖျန်းပေးတာက အသားအရေကို လန်းဆန်းသွားစေတဲ့ နည်းပါ။ ဒါကြောင့် တစ်နေ့တာအတွင်း အသားအရေ လန်းဆန်းမှုကို အားဖြည့်တဲ့ အနေနဲ့ လုပ်ငန်းခွင် အံဆွဲထဲ စပရေးဘူးကို ထည့်ထားနိုင်ပါတယ်” လို့ ပြင်သစ်အမျိုးသမီးတွေ လုပ်လေ့ရှိတဲ့ နည်းကို ဘယ်လ်ဂျန်စကီက ဆိုပါတယ်။

Beauty Tip (9) ဖောင်ဒေးရှင်းမိတ်ကပ် အရေပြားနဲ့ တစ်သားတည်း ဖြစ်နေအောင်

“ကျွန်မအဘွားက အသားအရေနဲ့ ဖောင်ဒေးရှင်း မိတ်ကပ် တစ်သားတည်း ဖြစ်နေစေဖို့ Nivea ခရင်မ် နည်းနည်းနဲ့ ဖောင်ဒေးရှင်း မိတ်ကပ်ကို ရောမွှေပြီး လိမ်းလေ့ရှိပါတယ်။ ဒါက တောက်ပစေတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းတာထက် ပိုကြည့်ကောင်းစေ
ပါတယ်” လို့ အာဖဂန် အလှအပရေးရာ ကျွမ်းကျင်သူ မော်လာက ဆိုပါတယ်။

Beauty Tip (10) အားနည်းနေတဲ့ လက်သည်းတွေ ချက်ချင်း အားကောင်းလာအောင်

“လက်သည်းနီ ဆိုးတဲ့အခါ သုံးတဲ့ Base Coat ပုလင်းထဲကို ကြိတ်ချေထားတဲ့ ကြက်သွန်ဖြူ ထည့်ပေးပါ။ အဲဒီ Base Coat ကို ဆိုးပေးတာက လက်သည်းတွေကို ကျန်းမာ အားကောင်းစေတဲ့ နည်းဖြစ်ပါတယ်” လို့ ကိုလံဘီယာ အလှပညာရှင် ဟာပါက ဆိုပါတယ်။

Beauty Tip (11) လှပကြည့်ကောင်းတဲ့ ဆံပင်သား ရရှိအောင်

“အိန္ဒိယ အမျိုးသမီးတွေက ဆံပင်သား လှပကြပါတယ်။ ဆံပင်ကို ဆီလိမ်းတဲ့ အခါမှာ
နှိပ်နယ်ပေးတာက အဓိက ကျပါတယ်။ တစ်ပတ်တစ်ကြိမ် ဆံပင်ကို အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီ လိမ်းတဲ့အခါ အချိန် ငါးမိနစ်လောက် နှိပ်နယ်လေ့ ရှိပါတယ်။ နှိပ်ပြီး ၁၀ မိနစ်ကြာမှ ခေါင်းလျှော်ပါတယ်။ ဒီနည်းကြောင့် အိန္ဒိယ အမျိုးသမီးတွေ ဆံပင်သား လှပကြတာပါ” လို့ ပူအိုဟစ်က ဆိုပါတယ်။

Beauty Tip (12) ဆံပင်သား ရှည်ထွက်နှုန်း မြန်အောင်

“အုန်းနို့ဟာ ဆံပင်သားကို အရှည်မြန်စေတဲ့အပြင် ထူထဲ လှပစေပါတယ်။ အုန်းနို့ကို ဦးရေပြားပေါ်မှာ ပွတ်တိုက်လိမ်းပေးပြီး တစ်နာရီကြာမှ ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်” လို့ အိန္ဒိယ အရေပြား ကျွမ်းကျင်သူ ပရာတီမားက ဆိုပါတယ်။


Credit : ဇွန်ခိုင်ဦး


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18