Print

အစာအိမ်ရောင်ခြင်း

  27-Aug-2019
Preview Image

လူသားတို့ အသက်ရှင်စေရန် နေ့စဉ် အစားနေကြရသည်။ ထိုအစာများကိုကြေစေရန် ခြေပေးနိုင်သော အလုပ်ကိုလုပ်သော အစာအိမ်သည် ကျန်းမာနေစေရန် အထူးအရေးကြီးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိ၏အစာအိမ် ကျန်းမာရေးကို အထူးအစဉ်အမြဲ ကောင်းမွန်စေရန် အစားအသောက်များကို ဆင်ခြင်စားသုံးပေးရန် လိုအပ်သည်။ အစားအသောက်မဆင်ခြင်ပါက အစာအိမ်ကိုထိခိုက်ကာ ရောင်ခြင်း၊ နာခြင်းနှင့် ရောဂါများ ရလာစေနိုင်သည်။ အစာအိမ်ရောင်ခြင်း၊ နာခြင်းဖြစ်စေသည့် အကြောင်းအရင်းများစွာ ရှိပါတယ်။ အစာအိမ်ကို ထိုးနှက်နိုင်သော အရည်၊ အစပ် စားခြင်း၊အရက်အလွန်အကျွံ သောက်ခြင်း၊ ဆေးနှင့်ဓာတုဗေဒ ဆေးဝါးနှင့် ရောဂါပိုးမွှားများကြောင့် ဖြစ်နိုင်ခြင်း၊ အချဉ်အစပ် အလွန်အကျွံစားမိခြင်း၊ နာခြင်းကို ဖြစ်စေနိုင်သည်။ အဓိကအားဖြင့် အကိုက်အခဲပျောက်ဆေးများသည် အစာအိမ်ကို ထိခိုက်စေနိုင်သောကြောင့် သောက်သုံးရသည့်အခါ အထူးသတိထားရန်လိုမည်။ အစာအိမ်ရောင်သူများသည် ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း ၊ ပျို့အန်ခြင်း၊ ဝမ်းမည်းသွားခြင်း၊ အစာမကြေခြင်း၊ ဗိုက်နာ၊ ဗိုက်အောင့်ခြင်း စသော ရောဂါလက္ခဏာများ ခံစားရတတ်သည်။ နာတာရှည် အစာအိမ်ရောင်သူများမှာ မကြာခဏ မနက်ပိုင်းအိပ်ရာထချိန်တွင် (သို့) ဆာလောင်မှုပြင်းထန်နေသည့် အချိန်များတွင် ပို၍အန်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်သည်။

ဆရာဝန်ညွှန်ကြားချက်


နာတာရှည် အစာအိမ်ရောင်နေသူများသည် နေ့စဉ် ထမင်းသုံးနပ်စားခြင်းမှ တစ်နပ်လျော့၍ စားသုံးပေးသင့်သည်။ အနားယူချိန် များများလိုအပ်သည့်အပြင် အနားယူချိန်တွင်လည်း လုံလောက်စွာ အနားရရန် အရေးကြီးသည်။ ရေငတ်နေချိန်တွင် တစ်ကြိမ်တည်းနှင့် ရေအများကြီးမသောက်သုံးရ။ အစာအိမ်ရောင်ရမ်းခြင်း ကောင်းမွန်သွားစေရန် အစားများစွာစားသုံးခြင်းကို လျှော့ပါ။ အစာဝင်မှုနည်းလျှင် အစာအိမ်အခြေအနေ ပိုကောင်းပါတယ်။ အစာအိမ်ရောင်နေချိန်တွင် မနက်စာနှင့်ညစာ နှစ်နပ်ကိုသာ စားသုံးသင့်ပါသည်။ ပါးပါး အစားအစာကို သာစားသင့်သည်။ အဝမစားသင့်ပါ။ မအိမ်ခင်နှစ်နာရီအတွင်း အစားမစားသင့်ပါ။ အစာကို အချိန်မှန်မှန် စားသုံးသောအကျင့် လုပ်ထားပေးပါ။ ကောက်ညှင်းနှင့် မာသောအစာများကို မစားသင့်ပါ။ ထိုအစာများသည် အစာခြေရန်မလွယ်ကူသဖြင့် အစာခြေနိုင်ရန်လွယ်ကူသော အစာများကို ရွေးချယ်စားသုံးပေးပါ။ ညစာအဖြစ် ဆန်ပြုတ်စားခြင်းကသာ ပိုသင့်လျော်ပါသည်။ အစာအိမ်ရောင်နေချိန်တွင် နွေးသောအစာများကို
စားသုံးရန် သင့်လျော်ပါသည်။ အမျှင်ဓာတ်ပါသောအစာ၊ ပျော့ပျောင်းသောအစာ၊ အစာခြေရန် လွယ်ကူသောအစာများကို စားသုံးပေးခြင်း သည် အစာအိမ်ကို ပိုအနားရစေနိုင်သည်။ အစာအိမ်ရောင်တတ်သူများသည် အချဉ်နှင့်အချို ပိုမြင့်မားစွာပါသော အစားအစာများကို မစားသင့်ပါ။ အဘယ်ကြောင့်ဆိုသော် အစာအိမ်ကို ထိုးနှက်မှု ပိုစေနိုင်၍ဖြစ်သည်။ ထိုအစားအစာများကို မဖြစ်မနေစားမည် ဆိုပါက ထမင်းစားပြီးသည့်အချိန်မှ စားပေးသင့်သည်။

လိုအပ်သောဓာတ်များ

အစာအိမ်ရောင်နေသူများသည် ဗီတာမင် A,B,C,D,E ဗီတာမင် K၊ EPA၊ သံဓာတ်၊ မဂ္ဂနိဓာတ်၊ DHA နှင့် ဇင့်ဓာတ် တို့လိုအပ်ပါသည်။

စားသင့်သောအစာ

အစာအိမ်ရောင်နေသူများသည် ငါး၊ အဆီမပါသောအသား၊ ကလီစာ၊ ကြက်ဥပြုတ်၊ ကြာစွယ်၊ ဟင်းနုနယ်၊ သင်္ဘောသီး၊ စပျစ်သီး၊ ပန်းသီး၊ သစ်တော်သီး၊ ပဲနို့၊ ပဲပြား၊ ဂျုံပါသော အစားအစာတို့ စားပေးသင့်ပါသည်။

မစားသင့်သောအစာ


အစာအိမ်ရောင်နေသူများသည် အသားကင်၊ ဘဲကင်၊ ကြက်ကြော်၊ အဆီပါအသား၊ နံနံပင်၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ငရုတ်ကောင်းမှုန့်၊ အရက်၊ အအေး၊ ကော်ဖီ၊ လက်ဖက်ရည်အပျစ်၊ ကိတ်မုန့်၊ မုန့်လုံးရေပေါ်၊ ကောက်ညှင်းထုတ်၊ ချောကလက်၊ ရေခဲ၊အာလူးကြော်၊ ဘီစကွတ်မုန့်၊ အချိုအစားအစာများ မစားသင့်ပါ။

သတိပြုရန်

နာတာရှည် အစာအိမ်ရောင်သူများသည် နွားနို့ပမာဏများစွာ မသောက်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် နွားနို့သောက်ပြီး မိနစ် ၂ဝ၊ ၃ဝ အတွင်းအစာအိမ်ကို နွားနို့၏ ထိုးနှက်မှုကြောင့် အစာအိမ်ကို ပိုပြီးအချဉ်ပေါက်စေနိုင်သောကြောင့် ဖြစ်သည်။

ဓာတ်စာ

၁။ ပျားရည်


ပျားရည်ကို ဖျော်ရည်လုပ်သောက်ပေးနိုင်သည်။ ပျားရည်သည် အစာအိမ်အမြှေးပါးကို ကာကွယ်ထိန်းသိမ်းပေးသော အစားအစာဖြစ်သည်။ အစာအိမ် အချဉ်ပေါက်ခြင်းကို ထိန်းညှိပေးနိုင်သည်။ အစာအိမ်ကို ထိုးနှက်မှုများရှိလာပါက ပျားရည်က တားမြစ်ပေးနိုင်သည်။ အစာအိမ်မကျန်းမာခြင်းကိုလည်း သက်သာစေရန် ပျားရည်က ပြုလုပ်ပေးနိုင်သည်။

၂။ ကြာစွယ်၊ ပျားရည်ပြုတ် ပါဝင်ပစ္စည်း

ကြာစွယ် ၂ဝဝ ဂရမ်၊ ရေကျက်အေး အနည်းငယ်၊ ပျာရည်တစ်ဇွန်း။

ပြုလုပ်နည်း

ကြာစွယ်ကို ရေစင်အောင်ဆေး၍ ရေနွေးဆူဆူတွင် နှစ်မိနစ်၊ သုံးမိနစ်ခန့် ထည့်ပြုတ်ပြီး ပြန်ဆယ်ထားကာ ပါးပါးအချပ်လေးများဖြစ်အောင် လှီးထားပါ။ ၎င်းနောက် အိုးတစ်လုံးထဲသို့ ရေကျက်အေးထည့်၍ ဆူအောင်တည်ပါ။ ရေဆူလာလျှင် ကြာစွယ်ထည့်၍ ကျက်အောင်ချက်ပါ။ ကျက်ပါက စားမည့်ပန်းကန်သို့ထည့်ကာ ထိုထဲသို့ ပျားရည်တစ်ဇွန်း ထည့်မွှေကာ စားသုံးနိုင်ပါသည်။

ကောင်းကျိုး

ကြာစွယ်သည် အစာအိမ်၊ အူမကြီးကို ကျန်းမာစေရန် ကာကွယ်ပေးသည်။ အစာချေရန် ကူညီပေးသည်။ ကိုယ်ခံအားကို တိုးစေမည်။ ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားပေးကာ အစာအိမ်ကို ကောင်းမွန်စေရန် ပြုပြင်ပေးနိုင်၍ အစာအိမ်ပိုင်းကို ကောင်းကျိုးများစေရန် ပြုလုပ်ပေးနိုင်သည်။

Credit : ယမုံအေး (စမ်းချောင်း)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18