Print

အစာမကြေ နောက်ဆက်တွဲရောဂါ

  07-Jul-2019
Preview Image

အစားအစာကို ချင့်ချိန်၍ စားသူများ၊ အချိန်မှန်စား သူများမှာ အစာမကြေရောဂါ ဖြစ်ခဲသည်။ အစားအစာကို ကြိုက်လျှင် ကြိုက်သလို စားသူများ၊ အချိန်မှန် မစားသူများနှင့် အထူးသဖြင့် ညဉ့်အချိန် အပုပ်ချိန် စားသောက်သူ များမှာ အစာအိမ် အကျင့်ပျက်၊ ဝမ်းမီးပျက်ပြီး အစာမကြေရောဂါ ရလာတတ်သည်။ အစာမကြေ ရောဂါကြောင့် ဖြစ်သော နောက်ဆက်တွဲရောဂါ များစွာရှိသည်။ ထိုရောဂါများထဲမှ ထင်ရှားသော ရောဂါများမှာ-

၁။ ခေါင်းကိုက်ရောဂါ
၂။ ဝမ်းချုပ်ရောဂါ
၃။ နောက်ကြောတက်ရောဂါ
၄။ လေပွ၊ လေအထက်ဆန်ရောဂါ
၅။ အိပ်မပျော်ရောဂါ အစရှိသော နောက်ဆက်တွဲ ရောဂါများစွာ ဖြစ်လာနိုင်သည်။

 ခေါင်းကိုက်ရောဂါ ဝေဒနာသည် အလုပ်တစ်ခုကို အာရုံစိုက် မလုပ်နိုင်သော ရောဂါဖြစ်သဖြင့် အလွန်ဒုက္ခရောက်သည်။ နံနက် အိပ်ရာထ မျက်နှာသစ်ပြီးသည်နှင့် ခေါင်းကိုက်နေသူကို တွေ့ဖူးသည်။ ထိုသူသည် လွန်ခဲ့သော ညက ညစာစားပွဲ သွားပြီး ညဉ့်နက်သန်းခေါင်ထိအောင် စားခဲ့သောက်ခဲ့သူ ဖြစ်သည်ကို တွေ့ရှိရသည်။

ညဉ့်အချိန်သည် အစာအိမ် အနားယူရမည့် အချိန်ဖြစ်သည်။ အစာသစ်အိမ်မှ အစာများသည် အကြမ်းအားဖြင့် ကြေချက်ပြီး၍ အူသိမ်၊ အူသေး၊ အူမ တို့ရှိ အစာများမှ ရသာရည်ကို စုပ်ယူပြီး ခန္ဓာကိုယ်အတွက် အာဟာရကို စုဆောင်းချိန် ဖြစ်သည်။ ထိုအချိန်တွင် အစာအိမ်မှ အစာများကို ထပ်မံလက်ခံယူပြီး အူသိမ်အူမသို့ပို့လျှင် လက်မခံနိုင်တော့ဘဲ အစာမကြေ ဖြစ်ရသည်။

မကြေကျက်သော အစာများ၊ အစေးအချွဲဓာတ်နှင့် ရသာရည် မစုပ်ယူရသေးသော အစာများသည် ဝမ်းအဖြစ်ဖြင့် အူမကြီးအဆုံးရှိ အစာဟောင်းအိမ်သို့ ရောက်ရှိလာသောအခါ ပိတ်ဆို့ပြီး စမြင်းခေါ် ဝမ်းအမာအခဲများ ဖြစ်လေသည်။ ထိုဝမ်းအမာ အစိုင်အခဲများ ရှေ့မှပိတ်ဆို့ထားသဖြင့် နောက်မှ ရောက်ရှိလာသော ဝမ်းအရည်များမှာလည်း အောက်သို့၊ ပြင်ပသို့ မသက်ဆင်း နိုင်သောအခါ ဝမ်းအချဉ်ပေါက်ခြင်း၊ အူမကြီးရောင်ခြင်းတို့ ဖြစ်စေနိုင်သည်။

အူမကြီးတွင် ဝမ်းပိတ်ဆို့မှု ဖြစ်ခြင်းကြောင့် အောက်သို့ စုန်သောလေသည် အထက်သို့ ပြန်လှန်ပြီး လေပွခြင်း၊ လေအောင့်ခြင်းများ ဖြစ်နိုင်သည်။ ဝမ်းချုပ်ပြီး လေများအောင်းခိုခြင်းကြောင့် အူမကြီးကျယ်ပြီး ဝမ်းဗိုက်ဖောင်းကားလာရသည်။ အချို့သူများတွင် လူဝသည်ထက် ဝမ်းဗိုက်ကပို၍ ဖောင်းကားပြီး ပုံပျက်နေသည်ကို တွေ့ရသည်။ ညစာစားခြင်းနှင့်အတူ အရက်နှင့်ဘီယာ သောက်သူများတွင် ဝမ်းဗိုက်သည် ပုံပျက်အောင် ဝလာသည်ကို တွေ့ရသည်။ အစာမကြေခြင်းနှင့် လေပွခြင်းကြောင့် အူမကြီး ဖောင်းကားလာခြင်းမှ အခြေခံသော ရောဂါဖြစ်သည်။

အစာမကြေခြင်းကြောင့် ဝမ်းဗိုက်ဖောင်းပွခြင်းနှင့်အတူ အသည်းအဆီဖုံးခြင်းလည်း ဖြစ်နိုင်သည်။ အစားအစာကို အချင့်အချိန် မရှိစားသူ၊ အဆီနှင့် ကြေခဲသော အကြော်အလှော် စားသူများတွင် အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်သည်။ အနောက်တိုင်း ဆေးပညာ၌ အဝလွန်သူများတွင် သွေးတိုး၊ နှလုံးရောဂါနှင့်အတူ အသည်းအဆီဖုံးရောဂါ အများဆုံး ဖြစ်နိုင်သည်ဟု သတိပေးထားသည်ကို တွေ့ရသည်။

မြန်မာ့ရိုးရာ တိုင်းရင်းဆေး ပညာတွင် ''ရောဂါမူလံ၊ အဇိဏ္ဏကံ'' ဟုဆိုသည်။ ရောဂါမှန်သမျှ၏ မူလအရင်းအမြစ်သည် (အဇိဏ္ဏ) အစာမကြေခြင်းမှစသည်ဟု ဆိုခြင်းဖြစ်သည်။ အစာကို ကောင်းစွာ ကြေကျက်အောင် ဝါးစားခြင်း၊ သင့်တင့်ရုံသာ စား၍ အလွန်အကျွံမစားခြင်း၊ ညနေစာကိုလျှော့စားခြင်း၊ ညစာနှင့် ညဉ့်နက်မှစားသော အစာများကို ရှောင်ကြဉ်ခြင်းဖြင့် သက်ရှည်ကျန်းမာ ရောဂါကင်းဝေးနိုင်ကြောင်း တင်ပြလိုက်ရပါသည်။

 Credit : ကြည်မြင့်လွင် (မုဒြာ)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18