Print

အရေပြားဆရာဝန်နှင့် ချွေးထွက်များခြင်းအကြောင်း

  04-Jul-2019
Preview Image

Q- လူ့ခန္ဓာကိုယ်မှာ ဘာကြောင့် ချွေးထွက်ရသလဲဆိုတာကို ရှင်းပြပေးပါ။

A- ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးဖို့၊ ကိုယ်တွင်းအပူချိန်ကို လျှော့ချပေးဖို့ ချွေးထွက်ပေးတာပါ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်အပူချိန်တက်လာရင် အရေပြားမှာရှိတဲ့ အရေအတွက် ၂ သန်းခန့်မျှသော
ချွေးအိတ်၊ ချွေးဂလင်းတွေ အလုပ်လုပ်လာပြီး ချွေးထွက်လာတာဖြစ်ပါတယ်။ အပူကို ချွေးအနေနဲ့ စွန့်ထုတ်ပြီး တက်လာတဲ့အပူချိန် လျော့ကျသွားတယ်။ လူလည်း ပုံမှန်အတိုင်းနေလို့ ကောင်းနေတယ်။ ကိုယ်အပူချိန်တက်တယ်ဆိုတာ ဖျားတာလိုမျိုးပါ။ နောက်ပြီး စိတ်လှုပ်ရှားတဲ့အခါ၊ ထိတ်လန့်တဲ့အခါ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ အပြင်မှာ ပူတဲ့အခါစတာမျိုးတွေပါ။ ဒါကြောင့် နွေရာသီမှာ ချွေးပိုထွက်ကြတာ ဖြစ်ပါတယ်။ အစားအသောက်ကလည်း ချွေးထွက်တာနှင့် ဆိုင်တယ်။ တချို့သူတွေဟာ အပူ၊ အစပ်စာစားရင် ချွေးပိုထွက်တတ်ကြတယ်။

 Q- ဒါဆိုရင် ပုံမှန်အနေနဲ့ လူတစ်ယောက်ဟာ တစ်နေ့ကို ချွေးဘယ်လောက်ထွက်ပါသလဲ။

A- လူတစ်ယောက်ဟာ ပုံမှန်အနေနဲ့ ချွေးဘယ်လောက်ထွက်ရမယ်လို့ အတိအကျမရှိဘူး။ ခန္ဓာကိုယ်ရဲ့ အခြေအနေအရ လိုအပ်သလို ချွေးထွက်ပေးရတာပါ။ တစ်နေ့ကို လှုပ်ရှားမှုအပေါ်မူတည်ပြီး တစ်လီတာလျော့ လျော့ကနေ လီတာ တော်တော်များများ ထွက်နိုင်တယ်။ တစ်လီတာဆိုတာ ပုံမှန်ရေသန့်ပုလင်းကြီး တစ်လုံးစာပါ။ အဲကွန်းခန်းထဲမှာ ရုံးအလုပ်လုပ်နေတဲ့သူနဲ့ လယ်ကွင်းထဲမှာ ထွန်ယက် စိုက်ပျိုးနေတဲ့သူ ဘယ်တူပါ့မလဲ။ အပူထဲမှာ ခွန်အားစိုက်ထုတ် လုပ်ကိုင်နေရသူက ချွေးပိုထွက်တာ ပုံမှန်ပါ။

 Q- ဒါဆိုရင် ဘယ်လိုလူမျိုးဆိုရင် ချွေးထွက်များတယ်လို့ ပြောနိုင်မလဲ။

A- ခန္ဓာကိုယ်လိုအပ်တာထက် အများကြီးပိုပြီး ချွေးထွက်များတယ်လို့ ပြောနိုင်ပါတယ်။ ထိုင်ခုံမှာ သက်သောင့်သက်သာ၊ အေးအေးဆေးဆေး ထိုင်နေပေမယ့် လေ့ကျင့်ခန်းလုပ်နေသလို ချွေးတွေရွှဲစိုနေအောင် ထွက်တာမျိုးကို ပြောတာပါ။ သာမန်ထက်ပိုပြီး ချွေးထွက်များတာကို ဟိုက်ပါဟိုက်ဒရိုးဆစ် (Hyperhydrosis) လို့ခေါ်ပါတယ်။ လိုအပ်တာထက် လေးငါးဆလောက် ပိုထွက်နေတယ်။ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းလောက်မှာ ဒါမျိုးရှိတယ်။

 Q- ချွေးထွက်များနေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ။

A- ပုံမှန်လိုအပ်ချက်အရ ချွေးထွက်တာ တစ်ဦးနဲ့တစ်ဦး မတူဘူးလို့ ပြောခဲ့ပေမယ့် လူအများစုဟာ ချွေးထွက်သိပ်များနေတယ် ဆိုတာကို သူ့ဟာသူ ခံစားလို့ရတယ်။ ချွေးထွက်နေတာ ပုံမှန်ထက်များနေတယ်ဆိုတာကို သတိထားနိုင်၊ ပြောနိုင်ကြတယ်။

 Q- အသက်စတာတွေနဲ့ ဆိုင်သလား။

A- လူကြီးဘဝရောက်လာတာနဲ့အမျှ ချွေးပိုထွက်လာတယ်လို့တော့ အတိအကျပြောလို့မရဘူး။ ဒါပေမယ့် အမျိုးသမီးတွေ သွေးဆုံးခါနီးမှာတော့ ချွေးထွက်တာ ပိုများလာတတ်တယ်။ များသောအားဖြင့် တစ်ကိုယ်လုံးအနှံ့ ချွေးထွက်များလာတယ်။ ဒါပေမယ့် နေရာကွက်ပြီး များတာလည်းရှိတယ်။ မလိုအပ်ဘဲ ချွေးထွက်နေရင်လည်း ချွေးထွက်များတယ်လို့ ပြောနိုင်တယ်။ အဲယားကွန်းအခန်းထဲမှာ ချွေးထွက်နေတယ်ဆိုရင်တော့ ချွေးထွက်များတယ်ဆိုတာ အသေအချာပြောနိုင်ပြီပေါ့။ တချို့ဆို လက်ဖဝါး၊ ခြေဖဝါးမှာ ချွေးထွက်တာများလွန်းလို့ ပစ္စည်းတွေလွတ်ကျတာ၊ ဖိနပ်ချော်တာမျိုးတွေတောင်ရှိတယ်။

 Q- ချွေးထွက်များစေတဲ့ အကြောင်းအရင်းတွေကို ပြောပြပါ။

A- လူအများစုမှာ ချွေးထွက်များစေတဲ့ အကြောင်းရင်းကို အတိတကျမသိရှိဘူး။ မျိုးရိုးတော့ရှိတယ်။ လူနာတစ်ဝက်လောက်မှာ မိသားစုအတွင်း ချွေးထွက်များတဲ့ ရာဇဝင်ရှိတယ်။ ဒါမျိုးက လူပျိုအပျိုပေါက်အရွယ်မှာ ဖြစ်ကြတာ။ တချို့ဆို လမ်းစလျှောက်တတ်တဲ့ အရွယ်လောက်ကတည်းက ခြေဖဝါး၊ လက်ဖဝါးတွေတွေမှာ ချွေးထွက်များနေတာ သတိထားမိကြတယ်။ ရောဂါတွေနှင့် ဆေးဝါးတွေကြောင့်လည်း ချွေးထွက်များတတ်တယ်။ လည်ပင်းခွဲစိတ်ပြီးတဲ့အခါ အစာစားရင် မျက်နှာတစ်ခြမ်း
ချွေးထွက်များတာရှိတယ်။ Frey ရောဂါစုလို့ ခေါ်တယ်။ သွေးဆုံးတာ၊ ကင်ဆာ၊ နှလုံး၊ အဆုတ်၊ လေဖြတ်ရောဂါတွေကြောင့်လည်း ချွေးထွက်များတတ်တယ်။ ချွေးထွက်များစေတဲ့ ဆေးဝါးတွေက ဆီးချိုသွေးချိုကုဆေး၊ လည်ပင်းကြီးရောဂါကုဆေး၊ သွေးကျဆေး
တချို့နဲ့ စိတ်ကျရောဂါကု ဆေးဝါးတွေပဲဖြစ်တယ်။

 Q- ချွေးထွက်များတယ်ဆိုတာ ဘယ်လိုရောဂါသတ်မှတ်ပါသလဲ။

A- မှတ်သားထားဖို့က ချွေးထွက်များတတ်တဲ့ လူအများစုဟာ ကျန်းမာရေးကောင်းပြီး ပုံမှန်ပဲဆိုတာပါ။ ရိုးရိုးချွေးထွက်များတာလား၊ ရောဂါဆေးဝါးတစ်ခုခုကြောင့် လားဆိုတာကတော့ ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးပြီးမှ သိမှာပါ။ ဆရာဝန်က ဒါမျိုးတွေ မေးတတ်တယ်။ ချွေးထွက်များတာက တစ်ကိုယ်လုံးအနှံ့လား၊ နေရာကွက်ပြီး ဖြစ်တာလား၊ ဘယ်လိုသိတာလဲ၊ ဘယ်လိုသတိထားမိတာလဲ၊ ဘယ်လိုရောဂါတွေရှိသလဲ၊ ပုံမှန်သောက်နေတဲ့ ဆေးဝါးတွေ ရှိသလား၊ ခွဲစိတ်ကုသခဲ့တာ ရှိသလား၊ သွေးဆုံးခါနီးလား။ မိသားစုထဲမှာ ချွေးထွက်များတဲ့လူ ရှိသေးလား စတာမျိုးတွေပါ။

 Q- ဒါဆိုရင် ချွေးထွက်များတာကို ကုသသင့်ပါသလား။

A- ရောဂါကြောင့်ဆိုရင်တော့ ကုသသင့်ပါတယ်။ ရောဂါဆေးဝါးတွေကြောင့်မဟုတ်ဘဲ ဒီအတိုင်း ချွေးထွက်များတာ ဆိုရင်တော့ မိမိသဘောပါပဲ။ ဒါပေမယ့် ချွေးထွက်များတာဟာ လူနေမှုဘဝကို နှောင့်ယှက်တယ်။ ဆယ်ကျော်သက်တွေ ချိုင်း (ဂျိုင်း) မှာ ချွေးစိုနေတော့ လက်မမြှောက်ရဲဘူး။ သူငယ်ချင်းတွေက စကြ၊ နောက်ကြတယ်။ လူကြီးကျတော့ အလုပ်မှာပြဿနာ ရှိတယ်။

 Q- ချွေးထွက်များတာ နည်းသွားအောင် မိမိဘာသာလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြပါ။

A- အားပြင်းတဲ့ ချွေးထွက်နည်းဆေး (Anti-perspirant) နဲ့ ချွေးနံပျောက်ဆေး (Deodorant) တွေ သုံးပါ။ လိမ်းဆေးတွေကို ညဘက်မှာလည်း လိမ်းပေးပါ။ ညဘက်မှာ လိမ်းရင်အာနိသင်ပိုရတယ်။ ချွေးအိတ်တွေထဲ ပိုမိုစိမ့်ဝင်ပြီး ချွေးပြွန်တွေကို ပိတ်စေတယ်။ နံနက်ပိုင်းမှာ လိမ်းရင်ထွက်တဲ့ချွေးနဲ့ရောပြီး အာနိသင်လျော့တတ်တယ်။ အရေပြားမပွန်းပဲ့အောင် သတိထားပါ။ ချိုင်း (ဂျိုင်း) လိုနေရာမျိုးဟာ နူးညံ့တာကြောင့် ထိခိုက်ပွန်းပဲ့လွယ်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ပုံမှန်ဂရုစိုက် လုပ်ဆောင်ပါ။

Credit : ဒေါက်တာစိုးဝင်းဦး

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18