Print

Smoking and Lung Cancer

  02-Jul-2019
Preview Image

" ဆေးလိပ် သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည် " ဆိုတဲ့ ဆိုင်းဘုတ် စာတမ်းကလေးကို လူတိုင်း တွေ့ဖူး မြင်ဖူး ကြမှာပါ။ ကမ္ဘာနဲ့အဝှမ်း ဘာသာစကားပေါင်းစုံနဲ့ ရေးသားပြီး ရေဒီယို၊ ရုပ်မြင် သံကြား၊ သတင်းစာ၊ တွေကအစ၊ လူမြင်ကွင်း ဈေး၊ ဘူတာတွေ အလယ်၊ ဆေးလိပ် ဘူးခွံအဆုံး ရေးသားဖော်ပြပြီး သတိပေးနေပါတယ်။ ဒါပေမယ့် လူတွေ ဆေးလိပ် သောက်တာ လျော့သွားလားဆိုတော့ မလျော့ပါဘူး။ တချို့က ဆင်ခြေပေးတတ်ပါ သေးတယ်။ ဒီ ဆေးလိပ်က အငွေ့စစ်တဲ့ အထူးအစီခံ filter ပါတယ်ဆိုပဲ။

အငွေ့စစ်တဲ့ အထူး အစီခံ Filter ပါတယ်ဆိုတာ ရောင်းကောင်းအောင်ကြော်ငြာတဲ့ လုပ်ကွက်တစ်ခုပါ။ ဆေးလိပ်သောက်ခြင်း မဖြတ်နိုင်တဲ့ သူတွေကိုလည်း အပြစ်မဆိုသာပါဘူး။ မကောင်းမှန်းသိလျက်နဲ့ ဆက်လုပ်နေမှတော် မဖြတ်နိုင်လို့ပေါ့။ ဆေးလိပ်မှာ ဓာတုဗေဒပစ္စည်း ပေါင်း ၄ဝဝဝ ကျော်ပါပါတယ်။ အဲဒီပစ္စည်းတွေဟာ ဆေးလိပ်သောက်သူသာမက လေထဲကို ပြန့်နေတဲ့ ဆေးလိပ်ငွေ့တွေကတဆင့် ဘေးပတ်ဝန်းကျင်က လူတွေကိုပါ ထိခိုက်တတ်ပါတယ်။ ဒီနေရာမှာ ကြုံကြိုက်လို့ တစ်ခုပြောပါရစေ။ အနောက် နိုင်ငံ တော်တော် များများ မှာ ယောင်္ကျား၊ မိန်းမ မရွေး ဆေးလိပ် တော်တော် သောက်ကြပါတယ်။ ဒါပေမယ့် စည်းကမ်းရှိပါတယ်။ အနားမှာ လူရှိနေရင် ခွင့်တောင်းကြပါတယ်။ အိမ်ခန်းထဲမှာ မသောက်ကြပါဘူး။ လှေကားလို နေရာမျိုးမှာ ထွက်သောက်ပြီး မီးငြိမ်းမှ အခန်းထဲ ပြန်လာကြပါတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လုံးဝဆေးလိပ်မသောက်ကြပါဘူး။ အတိအကျ လိုက်နာကြပါတယ်။ မြန်မာတွေကတော့ ဒီအချက်တွေ အားနည်း တယ်လို့ ရိုးသားစွာ မြင်မိပါတယ်။

ဆေးလိပ်ငွေ့တွေကို ရှူရှိုက်မိတဲ့သူဟာ ဆေးလိပ်သောက်သူနဲ့မခြား ရောဂါဝေဒနာတွေ ရတတ်ပါတယ်။ သင့်ကလေးတွေကို ဆေးလိပ်ငွေ့တွေထဲမှာ မွန်းမနေပါစေနဲ့။ ဆေးလိပ်ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ အဆုတ်ကင်ဆာရောဂါအပါအဝင် ရောဂါပေါင်းစုံ ဖြစ်ပွားစေပါတယ်။ ဆေးလိပ်သောက်တဲ့ မိခင်တွေဆိုရင် ကိုယ်လက်အင်္ဂါမစုံတဲ့ ရင်သွေးတွေတောင် မွေးတတ်ပါသတဲ့။ အဆုတ်ကင်ဆာ ရောဂါကတော့ အဆိုးဝါးဆုံးပါ။ ကုသရန် ခက်ခဲပြီး သေဆုံးနှုန်း မြင့်မားပါတယ်။ ယောင်္ကျားတွေမှာ ဒုတိယအဖြစ်အများဆုံး ကင်ဆာရောဂါ ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာတော့ တတိယအဖြစ်အများဆုံး ကင်ဆာရောဂါပါ။ များသောအားဖြင့် အသက် ၄၅ နှစ် ကနေ ၇ဝ အတွင်းမှာ ဖြစ်ပွား တတ်ပါတယ်။

 

ဖြစ်ပွားရတဲ့ အကြောင်းအရင်း
(၁) ဆေးလိပ် သောက်သုံးခြင်း။
(၂) တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်း။
(၃) ဓါတ်ရောင်ခြည် သင့်ခြင်း။
(၄) ဓာတုပစ္စည်းများနှင့် ကြာရှည်စွာ ထိတွေ့ခြင်း (ကျောက်ဂွမ်း asbestos , arsenic, chromates, nickel, chloromethyl ethers, mustard (poison war) gas, and coke oven emissions.။

ရောဂါ လက္ခဏာများ
(၁) ကာလ ကြာရှည်စွာ ချောင်းဆိုးခြင်း။
(၂) ချောင်းဆိုးလျှင် သွေးပါခြင်း။
(၃) ကိုယ်အလေးချိန် ကျဆင်းခြင်း။
(၄) အစားအသောက် ပျက်ခြင်း။
(၅) ရင်ဘတ် အောင့်ခြင်း။
(၆) အကျိတ်များ ထွက်ခြင်း။
(၇) မောပန်း နွမ်းနယ်ခြင်း။

ကင်ဆာ ဖြစ်ပွားတဲ့ နေရာနဲ့ ရောဂါ အနု အရင့်ပေါ် မူတည်ပြီး လက္ခဏာတွေ ကွဲပြားတတ်ပါတယ်။ အဆုတ်ကင်ဆာကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါတယ်။
(၁) Squamous cell carcinoma
(၂) Adenocarcinoa
(၃) Small Cell Carcinoma
(၄) Large Cell carcinoma

ကင်ဆာအမျိုးအစား ပေါ်မူတည်ပြီး ကုသပုံကုသနည်း ကွာခြားပါတယ်။ Small cell carcinoma ကိုတော့ အဓိက အားဖြင့် chemotherapy ခေါ် ကင်ဆာ ဆေးဝါးများပေးပြီး ကုသပါတယ်။ ဒီ အမျိုးအစားက ရောဂါရှာဖွေ တွေ့ရှိချိန်မှာ ခန္ဓာကိုယ် အနှံ့ကို ပြန့်နံ့နေပြီး ဖြစ်တတ်လို့ ခွဲစိတ်ကုသဖို့ ခက်ခဲပါတယ်။ Non small Cell carcinoma လို့ ခေါ်တဲ့ အခြားအုပ်စုကိုတော့ ခွဲစိတ်ကုသ နိုင်ပါတယ်။ ဓါတ်ရောင်ခြည်ဖြင့် ကုသနည်းကိုလည်း တွဲဖက်အသုံးပြု နိုင်ပါတယ်။

 

အသက် ရှင်နိုင်တဲ့ အခွင့်အလမ်း

အဆုတ်ကင်ဆာ ရောဂါ ဖြစ်ပွားနေကြောင်း စောစောစီးစီး ရှာဖွေတွေ့ရှိလျှင်တော့ အသက်ရှင်နိုင်တဲ့ အခွင့်အလမ်း ၅ဝ% ကျော် ရှိပါတယ်။ ၅ နှစ်အထိ အသက်ရှင်နိုင်တဲ့ အခွင့်အလမ်းကတော့ ၁ဝ-၁၅% ပဲ ရှိပါတယ်။ ကဲ သင်နဲ့သင့် မိသားစုထိတေ့ွ နေရတဲ့ ဆေးလိပ်ငွေ့တွေရဲ့ အန္တရာယ်ကို သတိပြုနိုင်ပါစေ။

 

Ref:
Zinthu
Labels: Cancer, Lungs, Smoking
Public Health In Myanmar:Smoking and Lung Cancer
Thursday, September 4, 2008

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18