Print

ထိပ်ပြောင်သည့် အမျိုးသားများ မျိုးပွားနိုင်စွမ်းနည်း

  27-Jun-2019
Preview Image

ထိပ်ပြောင်သည့် အမျိုးသားများသည် ယောကျ်ားပီသပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်တတ်ကြောင်း အစဉ်အလာ ယူဆခဲ့သော်လည်း ယင်းအယူအဆ မှားယွင်းကြောင်း လေ့လာမှုတစ်ခုက သက်သေပြလိုက်ပြီ ဖြစ်သည်။ အသက် (၃ဝ) ဝန်းကျင်တွင် ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းများ ရှိလာသည့် အမျိုးသားများသည် မျိုးပွားနိုင်စွမ်းနည်း ပါးလာကြောင်း လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။ ဆံပင်ကျွတ်လွန်းသော အမျိုးသားများနှင့် ထိပ်ပြောင်လွန်းသော အမျိုးသားများသည် သာမန်ဆံပင်ကျွတ်သည့် အမျိုးသားများ၊ ထိပ်အနည်းငယ်သာ ပြောင်သည့် အမျိုးသားများနှင့် နှိုင်းယှဉ်လျှင် သုက်ပိုးပါဝင်မှု ပမာဏ (၆ဝ) ရာခိုင်နှုန်း နည်းပါးကြောင်း သုတေသနပညာရှင် များကပြောသည်။ ဆံပင်ကျွတ်မှုနှင့် ဆက်စပ်မှုရှိသော ဟော်မုန်း အပြောင်းအလဲသည် သုက်ပိုးအပေါ် အဖျက်သဘော သက်ရောက်မှုရှိနေကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။

အမျိုးသားနှင့် အမျိုးသမီးများ ဆံပင်ကျွတ်ရာတွင် အသိသာဆုံး ပုံစံမှာ ထိပ်ပြောင်ခြင်းဖြစ်သည်။ အသက်(၅ဝ)ကျော် အမျိုးသား ထက်ဝက်ကျော်ခန့် ထိပ်ပြောင်လေ့ ရှိသော်လည်း အများစုမှာ ဆယ်ကျော်သက် အနှောင်းပိုင်း အချိန်မှစပြီး ဆံပင်ကျွတ် တတ်ကြသည်။ မျိုးပွားမှု ကျွမ်းကျင် ပညာရှင်များနှင့် ဆံသားနှင့် ဦးရေပြား
ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များသည် သုက်ပိုး အရည်အသွေးနှင့် မျိုးပွားနိုင်စွမ်း တို့ကြား ဆက်စပ်မှုကို လေ့လာခဲ့သည်။ ပျမ်းမျှအသက် (၃၁) နှစ်ကြား သာမန်လောက် ဆံပင်ကျွတ်မှုမှ အလွန်အမင်း ဆံပင်ကျွတ်မှုများ ရှိနေသည့် အမျိုးသားများအား ပညာရှင်များကစမ်းသပ်မှုများစွာ ပြုလုပ်ခဲ့သည်။ ဆံပင်ကျွတ်လွန်းသူများ သို့မဟုတ် ထိပ်ပြောင်လွန်းသည့်အမျိုးသားများသည် သာမန် လောက်ဆံပင် ကျွတ်သူများနှင့် နှိုင်းယှဉ်လျှင် သုက်ပိုးပါဝင်မှုနှုန်း နည်းပါးလှကြောင်း တွေ့ရှိခဲ့သည်။ ထိပ်ပြောင်သော အမျိုးသားများသည် တက်စထရိုစတုန်းခေါ် ဖိုဟော်မုန်းများစွာ ရှိသူများ ဖြစ်သောကြောင့် လိင်စိတ် ကြီးမားကာ အကျိုးဆက်အဖြစ် ဆံပင်များစွာ ကျွတ်တတ်ကြောင်း ယခင်က ယူဆခဲ့ကြသည်။ သို့သော် ဖိုဟော်မုန်း နည်းပါးသည့် အမျိုးသားများသည်လည်း အသက်ငယ်ရွယ်စဉ်တွင် ဆံပင်ကျွတ်တတ်ကြပြီး မျိုးဗီဇနှင့် ဟော်မုန်းတို့ကြောင့် ဆံပင်ကျွတ်တတ်ကြောင်း ယခုတွေ့ရှိခဲ့ပြီ ဖြစ်သည်။ ယခုတွေ့ ရှိမှုကို Fermatologic Sinica ဂျာနယ်တွင် ဖော်ပြထားသည်။ ဗြိတိန်ရှိ စုံတွဲ ခုနစ်တွဲလျှင် တစ်တွဲသည် ကလေးရရှိရန် အခက်အခဲ ရှိနေသည်။ ကလေးရရှိရန် အခက်အခဲ ရှိနေသူဦးရေသည် (၃ ဒသမ ၅)သန်း ရှိနေသည်။ ယင်းစုံတွဲ (၄ဝ မှ ၆ဝ) ရာခိုင်နှုန်းတွင် အမျိုးသား များဘက်မှ ချို့ယွင်းချက် ရှိနေခြင်းဖြစ်သည်။

Credit : Messenger News

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18