Print

အရေပြားလေးဖက်နာ

  20-Jun-2019
Preview Image

ကမ္ဘာတစ်ဝှမ်းရှိ SLE ဝေဒနာရှင်များအနက်မှာ လူသိများထင်ရှားသူကတော့ အဆိုတော် မိုက်ကယ် ဂျက်ဆင်ပဲဖြစ်ပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ SLE နဲ့ ခရုသင်းရောဂါ (Vitiligo) ကို တွဲဖက်ခံစားခဲ့ရပါတယ်။

SLE ဆိုတာ ဘယ်လိုရောဂါမျိုးလဲ။
လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုးနဲ့ ကပ်ပါးပိုးတွေကို ပြန်လည် တိုက်ခိုက်ဖို့အတွက် ကိုယ်ခံစွမ်းအားစနစ်ရှိပါတယ်။ အဲဒီ ကိုယ်ခံစွမ်းအားစနစ်က ခန္ဓာကိုယ်ထဲဝင်လာတဲ့ ရောဂါပိုးပေါ်မူတည်ပြီး သက်ဆိုင်တဲ့ ပဋိပစ္စည်း (ဆေးပညာအခေါ် antibody) ကို ထုတ်လုပ်ပါတယ်။ ပဋိပစ္စည်းတွေရဲ့ တာဝန်က ရောဂါပိုးတွေကို ချေဖျက်ဝါးမျိုတိုက်ခိုက်ဖို့ပါ။ SLE ရောဂါရှင်တွေမှာတော့ ကိုယ်ခံစွမ်းအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး ကိုယ့်ခန္ဓာကိုယ်ရဲ့ ခန္ဓာကိုယ်အစိတ်
အပိုင်းတွေကို ပြန်တိုက်ခိုက်မယ့် ပဋိပစ္စည်းတွေထွက်နေပါတယ်။ အဲဒီပဋိပစ္စည်းတွေဟာ
နှလုံး၊ အရိုးအဆစ်၊ အရေပြား၊ အဆုတ်၊ သွေးကြော၊ အသည်း၊ ကျောက်ကပ်နဲ့အာရုံ
ကြောတွေကို အဓိကတိုက်ခိုက်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် SLE ဖြစ်နိုင်ချေ ကိုးဆပိုများပါတယ်။

SLE ရောဂါဖြစ်ရင် ဘာတွေခံစားရမလဲ။

ဖြစ်နိုင်တဲ့ရောဂါလက္ခဏာတွေကတော့ ဖျားခြင်း၊ နုံးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှလုံးအမြှေးပါး ရောင်ရမ်းခြင်း၊ နှလုံးသွေးကြောတွင်း အဆီပိတ်ခြင်း၊ အရေပြားပေါ်တွင် အနီကွက်များပေါ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဆီးလမ်းကြောင်းတွင် အနာများဖြစ်ခြင်း၊ အဆုတ်ပွခြင်း၊ အဆုတ်အမြှေးပါးရောင်ခြင်း၊ အဆုတ်အတွင်းရေဝင်ခြင်း၊ ဆီးထဲတွင်သွေး (သို့) ပရိုတင်းဓာတ်များပါခြင်း၊ ကျောက်ကပ်ရောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ စိတ်အလိုမကျဖြစ်ခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်း၊ သွေးအားနည်းခြင်း၊ အမျိုးသမီးလူနာဖြစ်ပါက သားပျက်၊ သားလျှော ဖြစ်နိုင်ချေပိုများခြင်း တို့ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကို တောက်လျှောက် ခံစားနေရတာမျိုးမဟုတ်ဘဲ ဖြစ်လိုက်၊ သက်သာသွားလိုက် ရှိတတ်ပါတယ်။

(၁) နှလုံးအမြှေးပါး (သို့) အဆုတ်အမြှေးပါး (သို့) ဝမ်းဗိုက်အတွင်းရှိအမြှေးပါးများ ရောင်ရမ်းခြင်း။
(၂) ခံတွင်းအတွင်းတွင် အနာများပေါက်ခြင်း
(၃) နှစ်နေရာထက်ပို၍ အဆစ်များရောင်ခြင်း
(၄) နေရောင်ထိသည့်အခါ အရေပြားတွင် အနီကွက်များပေါ်လာခြင်း (သို့) အခြားရောဂါလက္ခဏာ များပေါ်လာခြင်း
(၅) သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားများနည်းသွားခြင်း
(၆) ကျောက်ကပ်ရောဂါ လက္ခဏာများဖြစ်ပေါ်ခြင်း (သို့) အေးသည့်အခါ လက်ချောင်းများဖြူလာ၊ ပြာလာခြင်း
(၇) သွေးစစ်ကြည့်သည့်အခါ သွေးတွင်းတွင် Arti-nuclear Antibody တွေ့ခြင်း
(၈) သွေးစစ်ကြည့်သည့်အခါ anti –Sm, anti -ds DNA များတွေ့ခြင်း
(၉) စိတ်ရောဂါလက္ခဏာများ ခံစားရခြင်း (သို့) တက်ခြင်း
(၁ဝ) ပါးနှစ်ဖက်နှင့် နှာခေါင်းပေါ်တွင် လိပ်ပြာပုံသဏ္ဍာန် အနီကွက်များပေါ်လာခြင်း
(၁၁) ခန္ဓာကိုယ်အရေပြားပေါ်တွင် အနီရောင်အကွက်များပေါ်လာခြင်း

အထက်ပါလက္ခဏာ (၁၁) ခုထဲက (၄) ခုကို တစ်ပြိုင်နက် ခံစားရရင် (ဒါမှမဟုတ်) လက္ခဏာ (၂) ခုကို တစ်ပြိုင်နက်ခံစားရပြီး သိပ်မကြာခင် နောက်ထပ်လက္ခဏာ (၂) ခုကို ခံစားရရင် SLE ရောဂါလို့ အကြမ်းဖျဉ်းသတ်မှတ်ပါတယ်။

SLE ဘာကြောင့်ဖြစ်ရလဲ။

မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သလို ပြင်းထန်တဲ့ နေရောင်ခြည်၊ ရောဂါပိုးကူးစက်ခံရခြင်း၊ အတက်ရောဂါ ကုသဆေးများ၊ အချို့သောပဋီဇီဝဆေးများ၊ ဆာလဖာပါဝင်သောဆေးများ သောက်သုံးနေရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ စိတ်ဖိစီးမှုပြင်း
ထန်စွာခံစားရခြင်း စတဲ့အချက်တွေကလဲ SLE ရောဂါဖြစ်ဖို့အခံရှိတဲ့ သူတွေမှာ ရောဂါအစပျိုးလာစေပါတယ်။ ဒါပေမယ့်် လူနာအများစုမှာ ရောဂါဖြစ်ရတဲ့အကြောင်းရင်းခံကို ရှာမတွေ့တာ များပါတယ်။ SLE ရဲ့ အရှည်ကောက်ဟာ Systemic Lupus Erythematosus ဖြစ်ပါတယ်။ Syetemic ရဲ့ အဓိပ္ပါယ် က တစ်ကိုယ်လုံးနှင့်ဆိုင်သောဖြစ်
တဲ့အတွက် ရောဂါလက္ခဏာတွေကို ခန္ဓာကိုယ်နေရာအနှံ့မှာတွေ့နိုင်တာပါ။ Discoid Lupus ဆိုတဲ့ အမျိုးအစားမှာတော့ အရေပြားပေါ်မှာပဲ ရောဂါလက္ခဏာပြလေ့ရှိပါတယ်။ တီဘီရောဂါကုဆေး Isoniazid၊ နှလုံးခုန်မမှန်သည့်ရောဂါကုသဆေး Quinidine နှင့် procainamide ၊ သွေးတိုးရောဂါကုသဆေး Hydralazine၊ အတက်ရောဂါကုသဆေး Phenytoin အပါအဝင်ဆေးပေါင်း (၄ဝ)ကျော်ခန့်ဟာ ရေရှည်စွဲသုံးရင် SLE နဲ့အလွန်
ဆင်တူတဲ့ရောဂါလက္ခဏာတွေပေါ်လာပါတယ်။ ဒါကို Drug-induced Lupus (ဆေးကြောင့်ဖြစ်သော အရေပြားရောဂါ)လို့ခေါ်ပါတယ်။ SLE နဲ့မတူတဲ့ထူးခြားချက်ကတော့ အဲဒီလိုဖြစ်စေတဲ့ဆေးကို ရပ်လိုက်တာနဲ့ ရောဂါလက္ခဏာတွေပျောက်ကင်းသွားတာပါ။

SLE ကိုဘယ်လိုကာကွယ်မလဲ။

SLE မဖြစ်အောင် ကာကွယ်လို့မရပါဘူး။ ဒါပေမယ့်ရောဂါဖြစ်ပြီဆိုရင် ခံစားရမယ့် နောက်ဆက်တွဲ ဝေဒနာတွေကိုတော့ ကာကွယ်ထားနိုင်ပါတယ်။ ဆရာဝန်နဲ့ပြသတိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျ နေထိုင်လိုက်နာရပါမယ်။

SLE ကိုဘယ်လိုကုသမလဲ။
ရောဂါလက္ခဏာတွေ ငြိမ်သွားလိုက်၊ ပြန်ကြွလာလိုက်ဖြစ်နေတဲ့ SLE ကို အလုံးစုံပျောက်ကင်းအောင် ကုသလို့မရပါဘူး။ ပြန်ကြွတဲ့အကြိမ်ရေ နည်းသွားအောင်ရယ်၊ ဖြစ်တဲ့အခါမှာလဲ ခံစားရတဲ့ပမာဏနည်းပြီး ခံစားရချိန် မကြာရှည်အောင်အတွက် ကုသမှုခံယူရတာပါ။ စတီးရွိုက်တွေ၊ ဌက်ဖျားဆေး Hydroxychloroquine ဆေးတွေကို သုံးစွဲရပါမယ်။ ဌက်ဖျားဆေး Plaquenil၊ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အားနည်းစေတဲ့ဆေး methotrexate နဲ့ azathioprine ဆေးတွေလဲ သုံးနိုင်ပါတယ်။ Hydroxychloroquine ဆေးဟာ ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိပေမယ့် SLE ဝေဒနာရှင်တွေ အတွက်ကတော့ အစွမ်းထက်ပါတယ်။ ကျောက်ကပ်ရောင်ရောဂါ တွဲဖက်ခံစားနေ ရသူတွေအတွက်ကတော့ cyclophosphamide ဆေးကို ပေးကြပါတယ်။ ကျောက်ကပ်ရောင်ရောဂါ အရမ်းဆိုးပြီး ကျောက်ကပ်အလုပ်မလုပ်နိုင်တော့ရင်တော့ ကျောက်ကပ်အစားထိုးကုသမှု ခံယူရပါမယ်။ သွေးကြောရောင်ရောဂါ တွဲဖက်ခံစားနေရသူတွေဆိုရင်တော့ ခန္ဓာကိုယ်က ပဋိပစ္စည်းထုတ်လုပ်တာကို လျော့နည်းစေတဲ့ဆေး Immunoglobulins တွေကို အကြောဆေးအနေနဲ့ ပေးကြပါတယ်။ ဆေးတွေကို မိမိ
သဘောနဲ့ မိမိမသောက်ဘဲ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျလိုက်နာသုံးစွဲ ရပါမယ်။ နေရောင်ခြည်ဟာ ရောဂါလက္ခဏာတွေကို ပိုဆိုးစေတဲ့အတွက် နေရောင်ထဲတတ်နိုင်သမျှမထွက်ဘဲ ရှောင်ရပါမယ်။ ဘယ်လိုမှမလွှဲသာလို့ ထွက်ရပြီဆိုရင်လည်း ဦးထုပ်၊ ထီး၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် (သို့) ပုဆိုး၊ ထဘီကို ခြေမျက်စိထိအုပ်အောင်ဝတ်ဆင်ခြင်း၊ ရှုးဖိနပ်စီးခြင်းစတဲ့ အကာအကွယ်တွေ အပြည့်ယူရပါမယ်။

Credit : Health Magazine


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18