Print

အလှပမြတ်နိုးသူများအတွက် အရေပြားကျန်းမာရေး

  16-Jun-2019
Preview Image

တရားဓမ္မသဘောအရ စက္ကန့်နဲ့အမျှ ဖောက်ပြန်ပျက်စီးနေတဲ့ ကိုယ်ခန္ဓာကြီးက အချည်းနှီးပါလို့ ဆိုပေမယ့် အဲဒီအတိုင်း လိုက်နာရှုမှတ်သူထက် မေ့လျော့ထားပြီး ခြယ်သနေကြ တာကသာများလေရဲ့။ စပါးလုံး တထောက်စာအရေပြားရဲ့ အလှအပကလည်း လူတွေကို ဆွဲဆောင်နိုင်ပေတာကိုး။ လူ့ခန္ဓာကိုယ်မှာ အပေါ်ယံအဖြစ်ဆုံးဖြစ်တဲ့ အရေပြားက ထင်သာမြင်သာအဖြစ်ဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်နေတာလည်း ပါတာပေါ့။ အဲဒီတော့လည်း အရေပြားကျန်းမာရေးကို ဂရုစိုက်သင့်ပေသပေါ့။ နေရောင်ခြည်ဒဏ် ကာကွယ်တာနဲ့ သန့်ရှင်းရေးလုပ်ပေးတာလိုမျိုးက ကောင်းမွန်တဲ့ အရေပြားစောင့်ရှောက်နည်းပါပဲ။ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲပေးတာကလည်း အိုမင်းမှုကို အချိန်ဆွဲပေးထားနိုင်သလို အရေပြာ ရောဂါတွေကနေလည်း ကာကွယ်ပေးပါတယ်။ အရေပြားကျန်းမာရေးအတွက် လုပ်ဆောင်သင့်တာလေးတွေရှိပါတယ်။

နေရောင်ခြည်ဒဏ်ကာကွယ်ပါ

အရေပြားကာကွယ်ရေးမှာ အရေးအကြီးဆုံးကတော့ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကို ကာကွယ်ပေးခြင်းပါပဲ။ နေရောင်ခြည်ကြာရှည် တိုက်ရိုက်ထိတွေ့မှုကနေ အရေပြားတွန့်တာ၊ အစက်အပြောက်တွေပေါ်တာနဲ့ တခြား အရေပြားရောဂါတွေ ဖြစ်စေတာပါပဲ။ ဒါတင်မက အရေပြားကင်ဆာ ဖြစ်နိုင်ခြေလည်း များစေပါတယ်။ ကာကွယ်နိုင်တဲ့နည်းတွေကတော့ နေရောင်ကာ (Sunscreen) လေးလိမ်းပါ။ ဒီခေတ်မှာ ဒီလိမ်းဆေးတွေ အများကြီးပေါ်လာနေပါပြီ။ အမည်စုံ၊ နိုင်ငံစုံကပေါ့။ တော်တော်လည်း အသုံးပြု နေကြတာတွေ့ရပါတယ်။ အပြင်ကို နေပူထဲထွက်တိုင်း ၂ နာရီခြား တစ်ခါလောက် လိမ်းပေးသင့်ပါတယ်။ သတိပြုရမှာကတော့ နေရောင်ခြည်ကကာကွယ်စွမ်း SPF 15 အနည်းဆုံးပါဝင်မှသာ သုံးသင့်ပါတယ်။ ဘူးကလေးတွေမှာ SPF ပါဝင်မှုအမြဲပြထားတာမို့ကြည့်ဖို့မမေ့ပါနဲ့။

အရိပ်ခိုပါ

နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအကြား အချိန်တွေက နေရောင်ခြည်အပြင်းထန်ဆုံးပါပဲ။ ဖြစ်နိုင်မယ်ဆိုရင် အဲဒီအချိန် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှု နည်းနိုင်သမျှနည်းပါစေ။

အကာအကွယ်အဝတ်တွေ ဝတ်ဆင်ပါ

အရေပြားကို ချည်ထည်စိတ်စိတ်နဲ့ ရက်လုပ်ထားတဲ့ လက်ရှည်ရှပ်အကျႌမျိုး၊ ဘောင်းဘီရှည် ၊ဦးထုပ်တွေနဲ့ ဝတ်ဆင်ကာကွယ်ပါ။ ဖြစ်နိုင်ရင်တော့ အဝတ်တွေလျှော်ဖွတ်ရာမှာ တောင်ခရမ်းလွန်ရောင်ခြည် ကာကွယ်တဲ့ ဓာတုပစ္စည်းပါဝင်တဲ့ ဆပ်ပြာတွေ သုံးနေကြပြီ လို့ဆိုပါတယ်။

ဆေးလိပ်မသောက်ပါနဲ့

အရေပြားကို အိုမင်းရင့်ရော်စေတာ၊ အရေးအကြောင်းတွေနဲ့ တွန့်ကွေးစေတာစတဲ့ အကျိုးတွေရစေတာက ဆေးလိပ်သောက်ခြင်းက အကြောင်းတစ်ခုပါပဲ။ ဆေးလိပ်သောက်ရင် အရေပြားရဲ့ အပြင်ဆုံးလွှာက သွေးကြောငယ်လေးတွေ ကျဉ်းလာပါတယ်။ အဲဒီအခါ သွေးသွားလာမှု လျော့လာပါတယ်။ အရေပြားအတွက် အရေးကြီးတဲ့ အောက်ဆီဂျင်နဲ့ အာဟာရတွေ ယုတ်လျော့လာပါတယ်။ အဲဒါကြောင့် အရေပြားရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတော့တယ်။ ဒါတွင်မက အရေပြားကို ကြံ့ခိုင်အောင်၊ ကျုံ့ကျယ်နိုင်အောင်လုပ်ပေးတဲ့အမျှင်တွေဖြစ်တဲ့ Col-lagen နဲ့ Elastin တွေကိုလည်း ပျက်စီးစေတာပါပဲ။ နောက်ပြီး ဆေးလိပ်သာက်တဲ့အခါ ဖြစ်တတ်တဲ့ မျက်နှာအနေအထားကနေ အရေးအကြောင်းအတွန့် အခေါက်တွေ ဖြစ်စေတာပါပဲ။ ဆေးလိပ်မှုတ် ထုတ်လိုက်ရင ်နှုတ်ခမ်းစုတွန်းလိုက်ရတာ၊ မျက်လုံးပေါက်ကျဉ်းသွားရတာတွေပေါ့။ ဆေးလိပ်သောက်နေသူ တစ်ယောက်က အရေပြားကျန်းမာရေးအတွက် ကာကွယ်ချင်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်တာထက် ကောင်းတဲ့ နည်းမရှိဘူးလို့ဘဲ ပြောပါရစေ။

အရေပြားကို ညင်ညင်သာသာဆက်ဆံပါ

အရေပြားလှပ ကျန်းမာစေချင်တယ်ဆိုရင်ဖြင့် နေ့စဉ်လုပ်ဆောင်နေတဲ့ သန့်ရှင်းရေးလုပ်ငန်းဆောင်တာတွေမှာ ညင်သာဖို့အရေးကြီးပါတယ်။

ရေချိုးချိန်

ရေပူနဲ့ရေချိုးတာ၊ အကြာကြီးရေချိုးတာမျိုးက အရေပြားပေါ်က အဆီတွေကို ဖယ်ရှားပစ်ပါတယ်။ ရေချိုးချိန်ကို တိုတောင်းစေဖို့၊ ရေနွေးနွေးမျှသာသုံးဖို့ အရေးကြီးပါတယ်။

ဆပ်ပြာအပြင်းစားတွေ

ချွတ်ဆေးလိုမျိုးပါဝင်တဲ့ ဆပ်ပြာအပြင်းစားတွေကလည်း အရေပြားပေါ်ကအဆီတွေကို ဖယ်ရှားပစ်တာပါပဲ။ အနံ့ရော၊ အထိအတွေ့ပါ ပျော့ပျောင်းတာမျိုး သုံးသင့်ပါတယ်။

အမွေးအမျှင် သုတ်သင်ရာမှာ

နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးရိတ်သင်ရာမှာ အရေပြားကို ချောမွေ့စေဖို့ ကရင်မ်၊ လိုးရှင်း၊ ဂျဲလ်တွေ သုံးသင့်ပါတယ်။ ရိတ်တဲ့ဓားကို ထက်နေစေရပါမယ်။ ပြီးတော့ ရိတ်သင်ရာမှာ အမွေးအမျှင်ရဲ့ ထွက်လာတဲ့ ဦးတည်ရာအတိုင်း အလိုက်သင့်ရိတ်ပါ။ နောက်လှန်ရိတ်တာမျိ ုးမလုပ်ပါနဲ့။ ခပ်ဖွဖွခြောက်သွေ့အောင် ရေချိုးပြီးချိန်၊ ဆေးကြောပြီးချိန်တွေမှာ မျက်နှာသုတ်ပဝါနဲ့ ခပ်ဖွဖွသာ တို့ပတ်ရိုက်သလို ခြောက်သွေ့အောင်လုပ်ပါ။ အရမ်းကာရောတိုက်ချွတ်ပြီး ခြောက်သွေ့အောင်မလုပ်ပါနဲ့။ ဒါမှအရေပြားမှာ စိုစွတ်မှုအငွေ့အသက်လေးကျန်ပြီး ကျန်းမာစေမှာပါ။

ခြောက်သွေ့လွန်းတဲ့ အရေပြားတွေအတွက်

စိုစွတ်မှုလေးရှိနေအောင်တော့ ဂရုစိုက်ရပါမယ်။ ဒါမှအရေပြားကို တင်းရင်းစေမှာပါ။ အရေပြားအတွက် Moisturizer တွေရှိပါတယ်။ သူ့မှာလည်း SPF ပါဝင်တာကိုသာ သုံးသင့်တာပါ။

ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအစာတွေစားပါ

ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအစာတွေစားတာက ရုပ်ရောစိတ်ပါ ကောင်းမွန် လန်းဆန်းစေပါတယ်။ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဆန်ကြမ်း၊ ဂျုံကြမ်းနဲ့လုပ်တာတွေ။ အဆီဖယ်ထားတဲ့ အသားတွေ များများစားသုံးတာက အကောင်းဆုံးပါပဲ။ အစားအသောက်မှာ ဗီတာမင်စီများများပါဝင်တာ၊ အဆီပါဝင်မှုနည်းတာနဲ့ ဆန်၊ဂျုံကြမ်းတွေက အရေပြားနုပျိုမှုကို အထောက်အကူ ပြုတယ်လို့တော့ လေ့လာသူတွေက ပြောဆိုကြပါတယ်။

စိတ်ဖိစီးမှုဂရုပြု


စိတ်ဖိစီးမှုမထိန်းချုပ်နိုင်ရင် အရေပြားအတွက် မကောင်းတဲ့အကျိုးဆက်တွေရလာတာတော့ အသေအချာပါပဲ။ အထူးသဖြင့် ဝက်ခြံနဲ့တခြားအရေပြား ပြဿနာတွေ ပေါ်စေပါတယ်။ စိတ်ရွှင်ပျမှ အရေပြားကလေးလည်း လှမှာပါ။ စိတ်ဖိစီးမှုကို ပြေလျော့အောင် ကြိုးစားနိုင်ဖို့က အရေးကြီးပါတယ်။ အလုပ်အတွက်၊ ကိုယ်ရေးကိုယ်တာအတွက် အချိန်အဆလေးတွေနဲ့ စိတ်ဖိစီးမှုလျော့နည်းအောင် လုပ်ကြတာပေါ့။

Credit : ဒေါက်တာသက်ဦး


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18