Print

ရေယုန်ကြောင့် ဦးနှောက်အတွင်း ပိုးရောက်ပြီး အသက်သေနိုင်

  14-Jun-2019
Preview Image

ရေယုန်ရောဂါကြောင့် မျက်စိကွယ်ခြင်းအပြင် ဦးနှောက်ထဲသို့ပိုးရောက်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သောကြောင့် ရေယုန်ရောဂါဖြစ်ပွားပါက တတ်ကျွမ်းနားလည်သည့် ဆရာဝန်ကြီးများနှင့် ပြသကာ ဆေးကုသမှုကို ခံယူသင့်ကြောင်း အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာ ခင်အေးထက်(မိုးမခ)က ပြောသည်။
''ရေယုန်ဖြစ်ပွားတဲ့နေရာအပေါ်မှာမူတည်ပြီး ထိခိုက်မှုတွေရှိပါတယ်။ မျက်လုံးမှာ ရေယုန်ရောဂါဖြစ်ရင် မျက်စိကွယ်နိုင်သလို ရေယုန်ရောဂါပိုးက ဦးနှောက်ထဲကိုရောက်သွားရင်လဲ အသက်သေဆုံးနိုင်ပါတယ်''ဟု ယင်းက ဆိုသည်။ ရေယုန်ရောဂါသည် ပါးစပ်နှင့် နှုတ်ခမ်းတွင်ဖြစ်ပွားသော ရေယုန်ရောဂါ၊ အရေပြားတွင်ဖြစ်သော ရေယုန် ရောဂါ၊ မျက်စိအကြည်လွှာတွင်ဖြစ်သော ရေယုန်ရောဂါနှင့် လိင်လမ်းကြောင်းတွင်ဖြစ်သော ရေယုန်ရောဂါတို့ ဖြစ်ကြောင်း သိရသည်။

ကိုယ်တွင်းကလီစာများအထိပါ ရောဂါပိုးဝင်ရောက်နိုင်

ရေယုန်ဗိုင်းရပ်စ်ပိုးအုပ်စုတွင် မျိုးကွဲရှစ်မျိုးခန့်ရှိပြီး ဖြစ်ပွားသည့် နေရာပေါ်တွင်မူတည်ပြီး အမျိုးအစားများမှာ ကွဲပြားလျက်ရှိကြောင်း၊ ရေယုန်ရောဂါပိုးသည် အစာမျိုပြွန်၊ အဆုတ်၊ အူမကြီးစသည့် ခန္ဓာကိုယ် အတွင်းပိုင်းသို့ပါ ရောက်ရှိနိုင်ကြောင်းလည်း သိရသည်။

ကိုယ်ခံစွမ်းအား ကောင်းမွန်ရန် လိုအပ်

''ရေယုန်ရောဂါပိုးဟာ ကိုယ်ခန္ဓာထဲရောက်ပြီး ရက်ပိုင်းအတွင်းမှာ လက္ခဏာပြတတ်သလိုရက်တွေ အကြာကြီးနေမှလည်း လက္ခဏာပြတတ်ပါတယ်။ ကိုယ်ခံအားနည်းနေတဲ့ အချိန်တွေဆိုရင် ရောဂါလက္ခဏာတွေ ပေါ်လာတတ်တဲ့အတွက် ကိုယ်ခံအားကောင်းမွန်နေဖို့ လိုပါတယ်။

ရောဂါလက္ခဏာတွေ ပေါ်လာရင်လည်း တတ်ကျွမ်းနားလည်တဲ့ ဆရ ဝန်နဲ့ ကုသမှုခံယူဖို့ လိုပါတယ်။ ဆရာဝန်ညွှန်တဲ့ လိမ်းဆေး၊ ရေယုန်ပိုး သတ်ဆေးတွေအပြင် ကိုယ်ခံအား ကောင်းအောင် စီဗစ်ကိုတွဲသောက် ရင်ပိုကောင်းပါတယ်''ဟု အရေပြား အထူးကုဆရာဝန်ကြီး ဒေါက်တာစိုး ဝင်းဦးကလည်း ပြောသည်။

ရေယုန်ရောဂါလက္ခဏာများ

ဖျားနေစဉ်၊ နေရောင်ပြင်းပြင်း ထိတွေ့စဉ်၊ ရာသီလာစဉ်၊ ထိခိုက် ဒဏ်ရာရစဉ်ကာလအတွင်းတို့တွင် ထွက်ပေါ်လာတတ်ပြီး ရေယုန်ရောဂါဖြစ်ပွားပါက ကျဉ်ခြင်း၊ ယားခြင်း၊ အရေပြားနီခြင်း၊ အရေကြည် ဖုများစုပြုံထွက်ခြင်းတို့အပြင် နာကျင်ကိုက်ခဲခြင်းများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

အိတ်ချ်အိုင်ဗွီဖြစ်ပွားသူများ ရေယုန်ပိုဖြစ်ပွားလွယ်

ရေယုန်ရောဂါပိုးသည် အိတ်ချ်အိုင်ဗွီဖြစ်ပွားသူများတွင် ကိုယ်ခံစွမ်း အားများကျဆင်းလာပါက အလွယ်တကူ ဝင်ရောက်လာနိုင်ကြောင်းသိရပြီး အချို့သော အိတ်ချ်အိုင်ဗွီဖြစ်ပွားသူများမှာ မျက်စိအကြည်လွှာတွင် ရေယုန်ပိုး ကူးစက်ခံရသည်အထိ ဖြစ်ပွားကြောင်း သိရသည်။

ရှောင်ရန်

ထို့ပြင် ရေယုန်ရောဂါသည် တစ်ခါဖြစ်ပြီးပါက မကြာခဏပြန်လည် ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးဖြစ်ကြောင်း၊ ရေယုန်ရောဂါသည် ရေယုန်ပိုးရှိသော အနာနှင့် တိုက်ရိုက်ထိတွေ့ခြင်းဖြင့်လည်းကောင်း၊ တစ်ဆင့်ခံ ပစ္စည်းများဖြစ်သည့် လက်ကိုင်ပဝါ၊ အိပ်ရာခင်း၊ မျက်နှာသုတ်ပဝါ၊ နှုတ်ခမ်းနီ၊ အလှကုန်ပစ္စည်းစသည့် အသုံးအဆောင်ပစ္စည်းတို့ကို ကိုင်တွယ်အသုံးပြုမိခြင်းကြောင့်လည်း ကောင်းကူးစက်ပျံ့ပွားနိုင်ကြောင်း သိရသည်။

အကြံပြုချက်

ကိုယ်ခံစွမ်းအား ကောင်းမွန်စေရန် အသား၊ ငါးများကို ကြော်လှော်ချက်ပြုတ်စားသောက်ခြင်းထက် အသားငါးများကို ဟင်းသီးဟင်းရွက်များနှင့် ရောနှောကာပြုတ်၍ စားသုံးသင့်ကြောင်း၊ နံနက်ပိုင်းတွင် ဂျင်းပြုတ်ရည်ကို သံပရာရည်တစ်စက်၊ နှစ်စက်ခန့်ခပ်ထည့်ကာ သောက်သုံးသင့်ကြောင်း အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်ကလည်း အကြံပြုပြောကြားသည်။ ''ကိုယ်ခံအားကောင်းနေရင် ရေယုန်မှမဟုတ်ပါဘူး။ ကူးစက်ရောဂါတွေကိုကာကွယ်နိုင်ပါတယ်။ ဟင်းတွေကို အဆီ၊ အနှစ်တွေနဲ့ မချက်ဘဲပြုတ်ပြီးစားသင့်တယ်။ ကိုယ်ခံစွမ်းအားကောင်းအောင် လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်သင့်တယ်။ အိပ်ရေးဝအောင်လည်းအိပ်သင့်တယ်'' ဟု ယင်းကဆိုသည်။

Credit : NOL


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18