Print

နှာခေါင်းစည်း

  08-Jun-2019
Preview Image

နှာခေါင်းစည်းဆိုတာ

          နှာခေါင်းစည်းဆိုသည်မှာ နာမည်တွင်ပါသည့်အတိုင်း နှာခေါင်းတွင် စည်းထားသည့်အရာဖြစ်သည်။ သို့သော် နှာခေါင်းသာမက ပါးစပ်ပါစည်းရသည့်အရာဖြစ်သည်။

လူတုပ်ကွေးရောဂါ နိုင်ငံအများအပြားတွင် ဖြစ်ပွားစဉ် ၂၀၀၉ ခုနှစ်နှင့် ဆားစ်ရောဂါဖြစ်စဉ်က နှာခေါင်း စည်းတပ်ဆင်မှု တွေ့ရှိခဲ့သည်။ ၁၉၁၈ - ၁၉၁၉ စပိန်တုပ်ကွေး အကြီးအကျယ်ဖြစ်စဉ်က အမေရိကရှိ ကားရထားများတွင် နှာခေါင်းစည်းတပ်ထားမှသာ စီးနင်းလိုက်ပါခွင့်ပြုခဲ့သည်ဟု ဆိုသည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေးအနေဖြင့် H1N1 pdm09 အဖြစ်များလာသည့်အခါ နှာခေါင်းစည်းတပ်ကြဖို့ ဆော်သြမှုတွေ ရှိလာခဲ့သလို လူအတော်များများတွင် နှာခေါင်းစည်းတွေ တပ်လာကြသည်။


နှာခေါင်းစည်းနှင့် ကျန်းမာရေး

          လူတစ်ယောက် ရှင်သန်နေဖို့ ၂၄ နာရီ အဆက်မပြတ် လေကောင်းလေသန့်ကို ရှူရှိုက်နေရဖို့ လိုသည်။ အကယ်၍ လေကောင်းလေသန့် မရပါက ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါသည်။ လေထဲတွင် ဖုန်မှုန့် ၊ မီးခိုးမှုန့် ၊ ဓာတုဆေးမှုန့် စသည်တို့ ပါလာပါက လေကောင်းလေသန့် မဟုတ်တော့။ ဒီလိုလေကို ရှူမိလျှင် ဘေးဖြစ်စေသည်။ ဒီထက်ဆိုးသည်က လေထဲတွင် ရောဂါပိုးတွေ ပါလာသည့်ကိစ္စတို့ ဖြစ်သည်။

ဒီအထဲတွင် အဆုတ်တီဘီရောဂါပိုး၊ ဝက်သက်ရောဂါ ၊ ရေကျောက်ရောဂါ၊ ပလိပ်ရောဂါ ၊ အအေးမိရောဂါ ၊ မှိုရောဂါများနှင့် တုပ်ကွေးရောဂါပိုးတွေပါသည်။

          နှာခေါင်းစည်းရှိသည့်အတွက် လေကို ဆန်ခါဖြင့် စစ်ပြီးမှ ရှူသွင်းသလိုဖြစ်စေသည်။ ထို့အတူ ရောဂါပိုးရှိသူ တပ်ထားပါကလည်း ထိုသူ့ထံမှ ပိုးအများစုသည် နှာခေါင်းစည်းထဲ ကျန်ခဲ့သဖြင့် ပြင်ပသို့ရောက်ဖို့ အခွင့်အလမ်းနည်းစေသည်။ သို့သော် နှာခေါင်းစည်းဆိုတိုင်း ပြီးပြီမဟုတ်။ သူ့တွင်လည်း အမျိုးအစားအများကြီး ရှိသေးသည်။


နှာခေါင်းစည်းအမျိုးအစားများ

ပိတ်စဖြင့်ပြုလုပ်သော နှာခေါင်းစည်း

          ဒီနှာခေါင်းစည်းက သာမန်ပိတ်စမျိုးကို လုပ်ထားသော နှာခေါင်းစည်းဖြစ်သည်။ သာမန်ခွဲစိတ်မှုမျိုးတွင်ပင်လျှင် ဒီလိုနှာခေါင်းစည်းမျိုးသုံးသည်။ အပြင်မှ တစ်ခုခု လွင့်စင်လျှင် အကာအကွယ်ဖြစ်စေသည်။ ပိတ်စဖြင့်ပြုလုပ်ထားသည့်အတွက် လျှော်ဖွတ်ပြီး ပြန်သုံးနိုင်သည်။ တကယ်တော့ ဒီနှာခေါင်းစည်းက လက်ကိုင်ပုဝါသာသာသာ ဖြစ်သည်။ ရောဂါပိုးတွေ ဝင်ရောက်ကူးစက်နိုင်မှုကို ရာနှုန်းပြည့်ကာကွယ်နိုင်မှုမရှိသော်လည်း လုံးဝမရှိသည်ထက်စာလျှင် အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်တာကတော့ အသေအချာဖြစ်သည်။


တစ်ခါသုံးနှာခေါင်းစည်း

          ဒီလိုနှာခေါင်းစည်းတွေကို Surgical mask ဟုခေါ်သည်။ ခွဲခန်းသုံး နှာခေါင်းစည်းပေါ့။ သူသည်လည်း ပိတ်စဖြင့်ပြုလုပ်ထားသည့် နှာခေါင်းစည်းနှင့် ခပ်ဆင်ဆင်တူသည်သာ ဖြစ်သည်။ သို့သော် သူက တစ်ခါသုံးဖြစ်သည်။  နောက်တစ်ခုက လူတိုင်းအတွက် ဆိုက်တူဂိုက်တူဖြစ်အောင် စီစဉ်ထားသည်။ နားရွက်တွင်တပ်ရသည့် ကွင်းက မျှော့ကြိုးနှင့်ဖြစ်သည်။ မျက်နှာကြီးကြီး သေးသေး တစ်မျိုးတည်းကို ဝတ်ဆင်နိုင်သည်။ နောက်ပြီး အပေါ်နှင့် အောက် မတူတာလေးတွေရှိသည်။ အပေါ်ပိုင်းအတွက် ချုပ်ရိုးနှစ်ကြောင်းရှိတာကို တွေ့နိုင်သည်။ ထိုချုပ်ရိုးကြောင်းထဲ သတ္ထုချောင်းလေး ထည့်ထားသည်။ ဒီလိုနှာခေါင်းစည်းမျိုးက နေရာအတော်များများ ၊ ဆေးစတိုးဆိုင်တိုင်းလိုလိုမှာ ဝယ်လို့ရတတ်သည်။ ဖုန်ထူထူလမ်းဆိုလျှင် ဒီလိုနှာခေါင်းစည်းတွေက အရမ်းအသုံးဝင်သည်။ သို့သော် သူသည် လည်း အားနည်းချက်လေးတွေ ရှိသည်။ ရေစိုမခံ၊ နောက်ပြီး ကာကွယ်မှု အပြည့်အဝမပေး။ နောက်ဆုံးအချက်က တချို့ အတွက် ပိုအရေးကြီးသည်။ တစ်ချို့ရောဂါပိုးတွေ (ဥပမာ - အီဘိုလာလိုမျိုး) က အလွန်ကူးစက်မြန်ပြီး ရောဂါက ပြင်းထန်တတ်သည်။ တစ်ခါသုံးနှာခေါင်းစည်းက အလွန်သေးငယ်သော ရောဂါပိုးများကို ပြီးပြည့်စုံအောင် ကာကွယ်မှုမပေးနိုင်ပြန်။ ထို့ကြောင့် အန္တရာယ် ကြီးမားသည့်ရောဂါပိုးများကို ကိုင်တွယ်ရမည့် သူတွေအတွက် ကာကွယ်မှုကောင်းကောင်းပေးနိုင်မည့် နှာခေါင်းစည်းတွေ တီထွင်လာကြသည်။


N95 နှာခေါင်းစည်း

          ဒီတစ်မျိုးကတော့ ရှယ်နှာခေါင်းစည်း ဖြစ်သည်။ သူက အမှုန်အရွယ်အစား ၀ ဒဿမ ၃ နှင့်အထက် အမှုန်များကို စစ်ထုတ်ကာကွယ်ပေးနိုင်မှု ၉၅ ရာခိုင်နှုန်းအထိရှိသည်။ အမှုန်ပိစိကွေးလေးကိုပင် ကာကွယ်နိုင်သည့် သဘောဖြစ်သည်။ ထို့ကြောင့် ရောဂါပိုးအများစုကို အသက်ရှူလမ်းကြောင်းထဲ မဝင်နိုင်အောင် ကာကွယ်ပေးထားနိုင်သည်။ သူ့ကို Respirators ဟုလည်းခေါ်သည်။ တကယ်တော့ N 95 လည်းရှိသလို ၊ ကလေးသုံး လူကြီးသုံး စသည်ဖြင့် ဆိုဒ်စုံ ရှိသည်။ သူ့အမျိုးအစားနှင့်သူ မှန်မှန်ကန်ကန် ရွေးချယ်သုံးစွဲတတ်ဖို့ လိုသည်။

Credit : မြတ်ထွဋ်ညွန့် (ဆေး - ၂)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18