Print

အရေးကြီးသည့် အင်တီအောက်ဆီဒင့်

  05-Jun-2019
Preview Image

အင်တီအောက်ဆီဒင့် ကွန်ရက်

          မကြာသေးခင်ကအထိ သိပ္ပံပညာရှင်များက အင်တီအောက်ဆီဒင့်များသည် ခန္ဓာကိုယ်အတွင်းတွင် သီးခြားစီလုပ်ဆောင်ကြတယ်လို့ ယုံကြည်ထားသည်။ သို့သော် ယခုအခါ အဆိုပါအချက်သည် မမှန်ကန်တော့ကြောင်း သိရှိလာကြသည်။ အချို့သော အဓိကအင်တီအောက်ဆီဒင့်များအကြားတွင် ကြီးမားသော အပြန်အလှန် သက်ရောက်မှုကွန်ယက်တစ်ခုရှိနေကြောင်း တွေ့ရှိလာကြသည်။ ထိုသက်ရောက်မှုတွင်ပါဝင်သည့် အဓိက အင်တီအောက်ဆီဒင့်များကို ဆက်စပ် အင်တီအောက်ဆီဒင့်များ၊ Network Antioxidants ဟု ခေါ်ပြီး ၎င်းတို့ကြားရှိ အပြန်အလှန်သက်ရောက်မှုကို အင်တီအောက်ဆီဒင့်ကွန်ရက် Anti – oxidant Network ဟု ခေါ်သည်။


          အင်တီအောက်ဆီဒင့်ကွန်ရက်တွင် အဓိက အင်တီအောက်ဆီဒင့် ငါးခုပါရှိပါသည်။ ၎င်းတို့မှာ ဗီတာမင်စီ၊ ဗီတာမင်အီး၊ Coenzyme Q 10 ၊ Lipoic Acid နှင့် Glutathione တို့ ဖြစ်ကြသည်။ ထိုဆက်စပ် အင်တီအောက်ဆီဒင့်များသည် ၎င်းတို့၏ အစွမ်းထက်မြက်လာစေရန် ပူးပေါင်းလုပ်ဆောင်ကြသည်။ ၎င်းတို့အားလုံး ပူးပေါင်းလိုက်သောအခါ တစ်ညချင်းစီ လုပ်ဆောင်မှုကို အလွန်တိုးတက်စေပြီး ခန္ဓာကိုယ်ကို မှန်ကန်သော အင်တီအောက်ဆီဒင့်မျှခြေ၌ တည်ရှိနေစေသည်။

 

         ဆက်စပ် အင်တီအောက်ဆီဒင့်များ၏ ကိုယ်ပိုင်လက္ခဏာတစ်ရပ်မှာ တစ်ဦးကိုတစ်ဦး ပြန်လည်စွမ်းအား မြှင့်တင်နိုင်ခြင်း သို့မဟုတ် ဖရီးရယ်ဒီကယ်လ်တစ်ခုကို ဝါးမြိုပြီးနောက် မူလ အင်တီအောက်ဆီဒင့် မူလအခြေအနေကို ပြန်လည်ရောက်ရှိစေနိုင်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဗီတာမင်အီးသည် ဖရီးရယ်ဒီကယ်လ်တစ်ခုကို ဝါးမြိုဖျက်စီးပြီးနောက် ၎င်းကိုယ်တိုင် အားပျော့သော ဖရီးရယ်ဒီကယ်လ်ဖြစ်လာသည်။ သို့သော် ဖရီးရယ်ဒီကယ်လ် အစစ်နှင့် မတူသည်မှာ ဗီတာမင်စီနှင့် Coenzyme Q 10 က ၎င်းဗီတာမင်အီးကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ပြုလုပ်နိုင်ခြင်းဖြစ်သည်။


          အင်တီအောက်ဆီဒင့်ကွန်ရက်၏ အဓိကအချက်မှာ အင်တီအောက်ဆီဒင့်များက ဖရီးရယ်ဒီကယ်လ်များကို ဖမ်းဆီးပြီးနောက် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်ခြင်းဖြစ်သည်။ တစ်ခုကို တစ်ခုက ထိန်းသိမ်းပေးခြင်းကြောင့် အင်တီအောက်ဆီဒင့်ကွန်ရက်ကို အဆက်မပြတ်စေကာ ခန္ဓာကိုယ်ကို အဆက်မပြတ်စေကာ ခန္ဓာကိုယ်ကို မှန်ကန်သော အင်တီအောက်ဆီဒင့်မျှခြေ၌ ရှိနေစေသည်။ အင်တီအောက်ဆီဒင့်များ ပြန်လည်စွမ်းအား မြှင့်ခြင်းသည် မျက်စိတစ်မှိတ် ကာလလေးတွင်ပင် အကြိမ်များစွာ ဖြစ်ပေါ်သည်။

 

အင်တီအောက်ဆီဒင့်များ၏ လုပ်ဆောင်ချက်

          အင်တီအောက်ဆီဒင့်များသည် ခန္ဓာကိုယ်အတွင်းတွင် သမားတော်ကြီးတစ်ဦးကဲ့သို့ စောင့်ရှောက်ပေးသည်။ သူတို့သည် ဆဲလ်များ၏ ကျန်းမာရေးအခြေအနေများကို အဆက်မပြတ် စောင့်ကြပ်စစ်ဆေးကြသည်။ အကယ်၍ ၎င်းတို့သည် ခန္ဓာကိုယ်၏ တစ်နေရာတွင် ပြဿနာတစ်ခုခုကို ရှာတွေ့ခဲ့လျှင် သက်ဆိုင်ရာ ဆဲလ်ထဲရှိ ဗီဇများသို့ အချက်ပြများကို လက်ခံရရှိသော ဗီဇများက ဆဲလ်များကို အာဟာရဓာတ်ရယူရန်၊ အသက်ဆက်ရှင်ရန်၊ သေရန်၊ မျိုးပွားရန် စသည်ဖြင့် သင့်လျော်သော အမိန့်များပေးသည်။ ထို့သို့ ဆဲလ်များကို ထိန်းချုပ်ခြင်းဖြင့် အင်တီအောက်ဆီဒင့်များသည် ခန္ဓာကိုယ်၏ ကဏ္ဍအားလုံးကို ထိန်းချုပ်သည်။


          ကျွန်ုပ်တို့ ငယ်စဉ်အချိန်တွင် ခန္ဓာကိုယ်သည် အင်တီအောက်ဆီဒင့်များ၏ အချက်ပြများကို ရှင်းရှင်းလင်းလင်းနှင့် တိကျစွာ လက်ခံရရှိသည်။ ထို့ကြောင့် ခန္ဓာကိုယ်သည် ကျန်းမာသန်စွမ်းနေသည်။ သို့သော် အသက်အရွယ် ကြီးရင့်လာသောအခါ အင်တီအောက်ဆီဒင့်ကွန်ရက်သည် စွမ်းဆောင်ရည် ကျဆင်းလာသည်။ ထို့ပြင် လေထု၊ မြေထု စသည်တို့ ညစ်ညမ်းမှု၊ ဆေးလိပ်သောက်မှု၊ အာဟာရချို့တဲ့မှုနှင့် အခြားသော ကျန်းမာရေးကို ထိခိုက်စေသည့် သက်ရောက်မှုများက ဖရီးရယ်ဒီကယ်လ်များကို တိုးပွားစေသည်။ အကျိုးဆက်အနေဖြင့် အင်တီအောက်ဆီဒင့်ကွန်ရက်သည် တဖြည်းဖြည်း စွမ်းဆောင်ရည် လျော့နည်းလာသည်။ ၎င်း၏ အချက်ပြများသည် ရှုပ်ထွေးလာသည်။ ခန္ဓာကိုယ်အတွင်းရှိ ပြဿနာများကို လွတ်သွားတတ်လာသည်။ ထို့ပြင် တွေ့ရှိသည့် ပြဿနာများကိုလည်း ထိရောက်စွာ မတုံ့ပြန်နိုင်တော့ပေ။ ဤအခြေအနေတွင် ရောဂါများ၊ ပိုးမွှားများ ဝင်ရောက်လာတတ်သည်။


          အာဟာရကို လုံလောက်မျှတစွာ စားခြင်း၊ ဖြည့်စွက်ဆေးဝါးများ သောက်သုံးခြင်း ဆေးလိပ်မသောက်ခြင်း စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် အင်တီအောက်ဆီဒင့်ကွန်ရက်ကို စွမ်းအားမြှင့်ပေးနိုင်သည်။ ထိုသို့လုပ်ခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ အင်တီအောက်ဆီဒင့်သမားတော်ကြီးကို ကျန်းမာရေးနှင့် သန်စွမ်းဖြတ်လတ်ခြင်းကို ထိန်းသိမ်းရန် လိုအပ်သည့် ကိရိယာများကို ပေးခြင်းနှင့် တူသည်။ ထို့ပြင် ခန္ဓာကိုယ်တွင်းရှိ အင်တီအောက်ဆီဒင့်ကွန်ရက်ကို ပြန်လည် အားဖြည့်ခြင်းဖြင့် ကင်ဆာရောဂါပြန့်ပွားမှု၊ နှလုံးရောဂါနှင့် အခြားသောရောဂါများကို ကာကွယ်နိုင်သည်။


          ဆက်စပ် အင်တီအောက်ဆီဒင့်များနှင့် မတူသော အထူးစွမ်းအင်များရှိသည်။ ၎င်းတို့သည် တစ်ဦး၏အစွမ်းကို တစ်ဦးက မြှင့်ပေးနိုင်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အိုမင်းရင့်ရော်မှုကို နှေးကွေးစေရာတွင် အစွမ်းထက်လာကြသည်။ အချုပ်အားဖြင့်ဆိုသော အင်တီအောက်ဆီဒင့်သည် ခန္ဓာကိုယ်အား အိုမင်းရင့်ရော်မှုနှင့် ရောဂါမျိုးစုံမှ ကာကွယ်ပေးသော ကျွန်ုပ်တို့၏ မမြင်ရသည့် သမားတော်ကြီးပင် ဖြစ်လေသည်။

 

Credit: သုတပြည့်စုံ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18