Print

Toxoplasmosis ဆိုတဲ့ရောဂါကို သင်ကြားဖူးပါသလား

  08-Jun-2019
Preview Image

Toxoplasmosis ဆိုတာ Toxoplasma godii ဆိုတဲ့ ကပ်ပါးတစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီကပ်ပါးကောင်ဟာ ကိုယ်ခံအားကောင်းနေသောအချိန် ကိုယ်ထဲဝင်လာရင် ရောဂါလက္ခဏာတောင်မပြတာ၊ ဖျားနာရုံလောက်သာဖြစ်နိုင်ပေမယ့် ကိုယ်ခံအား နည်းနေသူတွေကိုတော့ ကြောက်စရာကောင်းတဲ့ ဆိုးကျိုးတွေပေးနိုင်ပါတယ်။ ရောဂါပိုးဟာ မျက်စိ၊ ဦးနှောက်နဲ့ အခြားသောခန္ဓာကိုယ် အစိတ်အပိုင်း တော်တော်များများ ဝင်ရောက်ဒုက္ခပေးတာမို့ သတိထားရပါမယ်။

မျက်စိကိုထိခိုက်ပါက -

- မျက်စိမှုန်ခြင်း၊ ဝေဝါးခြင်း
- အလင်းရိပ်များကို မြင်ရခြင်း
- အမြင်အာရုံ ချို့ယွင်းခြင်း၊ ဆုံးရှုံးခြင်း ထိဖြစ်နိုင်ပါတယ်။

သန္ဓေသားကို အန္တရာယ် ပေးနိုင်ပါတယ်။

မိခင်မှာ ရောဂါရှိနေရင် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရောဂါကူးစက်ခံရရင် သန္ဓေသားအတွက် များစွာစိုးရိမ်ရပါတယ်။ ကိုယ်ဝန်အစောပိုင်းမှာ ရောဂါကူးရင် လက္ခဏာတွေက ပိုပြင်းထန်တတ်ပါတယ်။ မွေးလာတဲ့ကလေးဟာ

- ဦးနှောက်အတွင်း အရည်များနေပြီး မှတ်ဉာဏ်ချို့ယွင်းခြင်း
- မကြာခဏတက်ခြင်း
- နားမကြားခြင်း
- အသားဝါခြင်းနှင့်
- Cerebral palsy (CP) တို့ဖြစ်တတ်ပြီး တချို့မှာဆိုရင် ကိုယ်ဝန်ပျက်ကျခြင်းနှင့် ကလေးအသေမွေးခြင်းတို့ထိအောင် ဖြစ်နိုင်ပါတယ်။

ဦးနှောက်ထိခိုက်ရင်တော့
- မကြာခဏတက်ခြင်း
- ခေါင်းကိုက်ခြင်း
- ကယောင်ကတမ်းပြောခြင်း
- ဗလုံးဗထွေးပြောခြင်း တို့ဖြစ်တတ်ပါသည်။

ဒီလိုကြောက်စရာကောင်းတဲ့ရောဂါဟာ ဘယ်လိုကူးစက်နိုင်ပါသလဲ



ဒီရောဂါဟာ ရောဂါပိုးရှိနေတဲ့ ကြောင်ရဲ့အညစ်အကြေး (ကြောင်ချေး) နဲ့ ရောဂါပိုးရှိတဲ့ အသားစိမ်းတွေကနေ ကူးတာမို့ အိမ်ရှင်မတွေ အထူးသတိထားသင့်ပါတယ်။ ရောဂါပိုးရှိနေတဲ့ အသားတွေကို အစိမ်းစားမိတာ၊ မကျက်တကျက် စားမိရာကနေ ကူးနိုင်ပါတယ်။ ရောဂါပိုးနှင့် ထိထားတဲ့ အသီးအနှံတွေ၊ ရေတွေကလည်း ကူးနိုင်တယ်။

ဘယ်လို ကာကွယ်ရမလဲ

- အသားများကို သေချာကျက်အောင်ချက်စားပါ။ မကျက်တကျက်၊ အစိမ်းစားခြင်းကိုရှောင်ပါ။
- အသားစိမ်းများနှင့် အသီးအရွက်များကို ခွဲခြားထားပါ။
- အသားများကို ရေခဲသေတ္တာ အအေးခန်း (Freezer) ထဲတွင် ထည့်၍ သိမ်းဆည်းပါ။
- အသားများကို မကိုင်မိနှင့် ကိုင်ပြီးချိန်တွင် လက်ကိုရေနွေးနှင့် လက်ကို စက္ကန့် ၂၀ ခန့် ဆပ်ပြာသုံးပြီး ဆေးပါ။
- သားစိမ်း၊ ငါးစိမ်းများနဲ့ ထိတွေ့ထားသော အိုးခွက်ပန်းကန်များကို သေချာစွာဆေးကြောပါ။
- အစိမ်းစားမည့် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများကို သေချာစွာရေဆေးပြီးမှစားပါ။
- ခြံဝင်းအတွင်း အပင်စိုက်ခြင်း၊ မြေကြီးတူးခြင်းစသည့် မြေကြီးနှင့် ထိတွေ့ရမည့် အလုပ်များကိုလုပ်လျှင် လက်အိတ်ဝတ်ပါ။
- အိမ်တွင် ကြောင်ရှိပါက အသင့်စားကြောင်စာ (သို့) ကျက်အောင်ချက်ထားသော အသားများကိုသာ ကျွေးပါ။ အသားစိမ်းများမကျွေးပါနဲ့။
- ကြောင်များကို အညစ်အကြေးစွန့်ရန်နေရာတွင် စွန့်တတ်အောင် သင်ပေးပါ။
- ထိုနေရာကို တစ်နေ့တစ်ကြိမ် သန့်ရှင်းပေးပါ။
- ကိုယ်ဝန်ဆောင်နှင့် ခုခံအားနည်းနေသူများ အနေနှင့် ပိုးမသတ်ထားသောနို့၊ ရေတို့ကို မသောက်သုံးသင့်ပါ။
- ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV/ AIDS) ဖြစ်နေသော လူနာများတွင် toxoplamosis ကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါသည် အသက်သေဆုံးနိုင်သဖြင့် အထူးပင်ဂရုပြု ကာကွယ်သင့်ပါသည်။

Credit : Healthcare.com.mm

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18