Print

အစာအိမ်နာ (သို့) လေနာရောဂါ

  02-Jun-2019
Preview Image

အများခေါ်သလို အစာအိမ်နာ (သို့) လေနာလို့ရေးရပေမယ့် တကယ်အတိအကျ ပြန်ဆိုရရင် Peptic Ulcer ဆိုသည်မှာ အစာခြေ လမ်းကြောင်းတစ်လျှောက် ဖြစ်ပေါ်သော အနာခွက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဓိက အဖြစ်များတဲ့ နေရာတွေ ကတော့ အစာအိမ် (stomach) နဲ့ အူသိမ်ဦး (duodenum) တို့ပ ဲ ဖြစ်ပါတယ်။ အစာအိမ်တွင် ဖြစ်ပါက Gastric Ulcer (GU) ဟု ခေါ်ပြီး အူသိမ်ဦးတွင် ဖြစ်ပါက Duodenal Ulcer (DU)ဟု ခေါ်ပါတယ်။ အားလုံးကို ခြုံပြီးတော့ Peptic Ulcer (PU) လို့ပဲ ခေါ်ပါတယ်။ ဤဆောင်းပါးတွင် ရေးသားသော အစာအိမ်နာ အသုံးအနှုန်းသည် Peptic Ulcer ကိုသာ ရည်ညွှန်းပါတယ်။ အစာအိမ်ဟာ အစာချေဖို့အတွက် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (Hydrochloric acid, HCl ) နဲ့ ပက်ပ်ဆင် (Pepsin) ဆိုတဲ့ အင်ဇိုင်း ထွက်ရှိပါတယ်။ အစာအိမ်နဲ့ အူသိမ်ဦးနံရံမြှေး (Mucosa) တွေဟာ ပုံမှန်အားဖြင့် အက်ဆစ်နဲ့ ပက်ပ်ဆင်ကို ခံနိုင်ရည် ရှိပါတယ်။ အကြောင်းတစ်ခုခုကြောင့် နံရံမြှေး ခံနိုင်ရည် ကျဆင်းလာတဲ့အခါ အက်ဆစ်နဲ့ ပက်ပ်ဆင်ဟာ နံရံမြှေးကိုစားပြီး အနာခွက် (Ulcer) ဖြစ်ပေါ်လာ စေပါတယ်။

အနာဖြစ်စေတဲ့ အဓိကအကြောင်း (၂) ချက် ကတော့အစာအိမ်တွင်း Helicobacter pylori (H.pylori) ဘက်တီးရီးယားပိုး ဝင်ခြင်းနဲ့ အကိုက်အခဲပျောက်ဆေးများ (NSAIDs) တာရှည်သုံးစွဲခြင်းတို့ ဖြစ်ပါတယ်။ H.pylori ပိုးဟာ အရွယ်ရောက်ပြီးသူ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် ကူးစက်ခံထားပြီး ဖြစ်ကြောင်း WHOမှ ခန့်မှန်းထားပါတယ်။ H.pylori ပိုးကြောင့် အစာအိမ် ရောင်ရမ်းခြင်း (Gastritis) ဖြစ်သူများရဲ့ ၉၀%ဟာ ဘာလက္ခဏာမှ မပြဘဲ ရှိနေပါတယ်။ Duodenal Ulcer ရှိသူများ၏ ၉၅% ၊ Gastric Ulcer ရှိသူများ၏ ၈၀% သည် H.pylori ပိုး ကူးစက်ခံထားရပြီးဖြစ်ကြောင်း တွေ့ရှိရပါတယ်။ H.pylori ပိုးဟာသွေးနွေး သတ္တဝါများရဲ့ အစာခြေ လမ်းကြောင်း တစ်လျှောက်မှာ တွေ့ရပြီး လူ့ခန္ဓာကိုယ် အစာအိမ်ထဲမှာ ရှင်သန်နေထိုင် ပေါက်ဖွား ကြပါတယ်။ ကူးစက်နည်း ကတော့ မစင်မှ အစားအစာ၊ ရေကနေတစ်ဆင့် ကူးစက်ပါတယ်။ နောက်တစ်မျိုးကတော့ လေးဖက်နာ၊ ဂေါက်ရောဂါ၊ အဆစ်နာရောဂါ ရှိသူများ အကိုက်အခဲပျောက်ဆေးကို တာရှည်စွာ သုံးစွဲခြင်းကြောင့် အစာအိမ်နာ ဖြစ်ပေါ်လာ တတ်ပါတယ်။ Diclofenac, Ibuprofen,Naproxen, Aspirin စသည့်ဆေးများသည် အစာအိမ်နာ (Peptic Ulcer) ဖြစ်စေပါတယ်။ Acetamino-phen (Paracetamol) သည် အစာအိမ်နာရောဂါ မဖြစ်ပေါ်စေပါ။ ဆေးလိပ်သောက်ခြင်းသည် အစာအိမ်နာ ဖြစ်စေရုံသာမကရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေပြီး အနာပျောက်ကင်းအောင်
ဆေးကုသမှုကိုလည်း ကြန့်ကြာစေပါတယ်။ စိတ်ဖိစီးမှု( Stress) နဲ့ အစပ်စာ (Spicy Food) များဟာ အစာအိမ်ရောဂါ ဖြစ်စေတယ်လို့ အရင်က ယူဆခဲ့သော်လည်း အခုခါ H.pylori ပိုးကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်း ဒီအယူအဆဟာ မှေးမှိန်ခဲ့ပါတယ်။

အစာအိမ်နာ ရောဂါလက္ခဏာများမှာ

ရင်ညွန့် (Just below the Sternum) တွင် နာကျင်ခြင်း များသောအားဖြင့် Gastric ulcer သည် အစာစားပါက ပိုနာတတ်ပြီး Duodenal ulcer သည် အစာစားပြီးပါက နာကျင်မှု သက်သာလာတတ်ပါတယ်။ ရင်ပူရင်ကယ်ဖြစ်ခြင်း လေထလေတက်ခြင်း (bloating & belching) အစာစားချင်စိတ် လျော့နည်းလာခြင်း၊ ကိုယ်အလေးချိန် ကျလာခြင်းအော့အန်ခြင်း၊ သွေးအန်ခြင်း (Hematemesis)၊ ဝမ်းအမဲသွားခြင်း (Melaena) တို့ ဖြစ်ပါတယ်။

ဓါတ်ခွဲစမ်းသပ်စစ်ဆေးချက်များ


အစာအိမ် ဓါတ်မှန်ရိုက်ခြင်း (Barium meal X-Rays) အားဖြင့် အစာအိမ်နာရှိမရှိ သိနိုင်ပါတယ်။ H.pylori ပိုးရှိမရှိ စမ်းသပ်ရန် အစာအိမ်ကြည့်မှန်ပြောင်း (Endoscope) ကြည့်ခြင်းဖြင့် အစာအိမ်နာကို တိုက်ရိုက်ကြည့်နိုင်သလို အစာအိမ်ရည်ကိုယူပြီး ပိုးမွေးခြင်းဖြင့် သိနိုင်ပါတယ်။ Urea Breath Test ၊ သွေးနှင့် ဝမ်း စစ်ဆေးခြင်းဖြင့်လည်း သိနိုင်ပါတယ်။

ဆေးကုသမှု

ဆေးကုသမှုအပိုင်းတွင် ဆရာဝန် ညွှန်ကြားသော ဆေးကိုအတိအကျ လိုက်နာသောက်သုံးရန် လိုအပ်သလို လူနာအပိုင်းမှလည်း ရှောင်ကြဉ်စရာများကို လိုက်နာဖို့ လိုအပ်ပါတယ်။ အစာအိမ်နာရှိသူသည် ဆေးလိပ်လုံးဝ (လုံးဝ) ဖြတ်ရန် အစပ်စာ၊ ကော်ဖီ၊ အရက်ရှောင်ရန် အကိုက်အခဲပျောက်ဆေး လုံးဝရှောင်ကြဉ်ပြီး အစာအိမ်မထိခိုက်သော အကိုက်အခဲ ပျောက်ဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ရန် အနာကျက်စေရန် H2 Receptor Antagonist ဆေးများ၊ ဥပမာ- Cimetidine , RanitidineProton Pump Inhibitor ဆေးများ၊ ဥပမာ-Omeprazole , Lansoprazole တို့ကို သောက်နိုင်ပါတယ်။

အများစုမှာ H.pylori ပိုး ကူးစက်ခံရမှုရှိသဖြင့် H.pylori ပိုး ရှင်းလင်းသုတ်သင်ဖို့ဆေး (၃) မျိုးကို တစ်နေ့ ၂ ကြိမ် ၁၀ ရက် မှ ၁၄ ရက်ထိ သောက်ရန် လိုအပ်ပါတယ်။ Omeprazole 20 mg (or) Lansoprazole 30 mg twice dailyMetronidazole 500 mg (or) Amoxicillin 1 g (1000 mg) twice dailyClarithromycin 500 mg twice daily ဒီဆေးများကို သောက်ပြီးနောက် Omeprazole (or) Lansoprazole ကို အနာလုံးဝပျောက်ကင်းအောင်အတွက် (၄)ပတ် မှ (၆) ပတ်ထိ ဆက်သောက်ရန် လိုအပ်ပါတယ်။

ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

အစာအိမ် သွေးယိုခြင်းအစာအိမ်ပေါက်ခြင်းအစာအိမ် အထွက်ပိတ်ခြင်း (Gastric Outlet Obstruction - GOO) Duodenal Ulcer အနာကျက်ပြီးနောက် အူသိမ်ဦး ကျဉ်းပြီး အစာအိမ် ထွက်ပေါက် ပိတ်သွားတတ်ပါတယ်။ ဒီရောဂါဖြစ်ရင် နေ့စဉ် အန်တတ်ခြင်း၊ အရည်ခန်းခြောက်မှုရှိခြင်း (Dehydration) တို့ ဖြစ်ပေါ်လာပါတယ်။

Credit : Dr. Win Thein

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18