Print

သွေးအားနည်းရောဂါအတွက် အနာတခြား ဆေးတခြား မဖြစ်စေဖို့

  02-Jun-2019
Preview Image

ကျွန်မတို့ခန္ဓာကိုယ်မှာ စီးဆင်းလှည့်ပတ်နေတဲ့ သွေးနီဥလေးတွေကို ရိုးတွင်းခြင်ဆီမှာ ထုတ်လုပ်ရတာပါ။ တချို့ အခြေအနေတွေမှာဆိုရင် ကျောက်ကပ်ကလည်း ထုတ်ပေးပါတယ်။ ဒီလိုထုတ်ဖို့အတွက် Erythropoietin ဆိုတဲ့ ဟော်မုန်းလိုပါတယ်။ ဒါ့အပြင် သွေးနီဥ Hemoglobin လေးတွေထုတ်ဖို့ ကုန်ကြမ်းပစ္စည်းတွေအနေနဲ့ Iron (သံဓာတ်)၊ Vitamin B12 ဗီတာမင် ဘီ ၁၂၊ Folate (Vitamin B 9 လို့လည်း ခေါ်ပါတယ်) ဖောလိတ် စတာတွေ လိုအပ်ပါတယ်။


          (၁) ဒီကုန်ကြမ်းတွေထဲက တစ်ခုခု လျော့နည်းချို့တဲ့ရင် သွေးနီဥ ထုတ်လုပ်တာတွေ ကျဆင်းလာပြီး သွေးအားနည်းလာပါလိမ့်မယ်။ ဒါကို Anaemia လို့ ခေါ်ပါတယ်။ ဒါ့အပြင် ရိုးတွင်းခြင်ဆီနဲ့ Stem Cell တွေမှာ ပြဿနာ တစ်ခုခုရှိနေရင်လည်း သွေးနီဥတွေ ကောင်းကောင်းမထုတ်နိုင်ပါဘူး။


          (၂) နောက်တစ်ခုက ထုတ်တာတော့ ပုံမှန်ထုတ်ပေးနိုင်ပေမယ့် ဆုံးရှုံးတာတွေများတဲ့အခါမှာလည်း သွေးအားနည်းတတ်ပါတယ်။ ဥပမာ - အမျိုးသမီးတွေ ဓမ္မတာလာတဲ့အခါမှာ သွေးအများကြီးဆုံးရှုံးတာမျိုးပေါ့။


          (၃) ပြီးတော့ သွေးနီဥတွေကို ခန္ဓာကိုယ်တွင်းမှာပဲ ပြန်ဖျက်ဆီးတာမျိုးကြောင့်လည်း သွေးအားနည်းရပါတယ်။ ဘယ်လိုလဲဆိုရင် Sickle Anemia ဆိုတဲ့ ရောဂါမျိုးမှာ သွေးနီဥလေးတွေဟာ ပုံမှန်အဝိုင်းပုံစံမဟုတ်ဘဲ တံစဉ်လိုပုံစံဖြစ်နေတတ်ပြီး ဒီလိုပုံပန်းမကျ၊ အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့ သွေးနီဥတွေကို ကျွန်မတို့ ခန္ဓာကိုယ်က မလိုအပ်တဲ့အတွက် ဖျက်ဆီးပစ်ပါတယ်။ ဒီအလုပ်ကို ဘေလုံးတို့၊ အသည်းတို့က လုပ်ပေးလေ့ရှိတယ်။ များသောအားဖြင့် သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေမှာ ဒီပုံစံကို တွေ့ရပါတယ်။

          အခုဆောင်းပါးမှာတော့ ပထမဆုံးအကြောင်းရင်းဖြစ်တဲ့ ထုတ်လုပ်တဲ့အပိုင်း လိုအပ်ချက်ကြောင့် သွေးအားနည်းတာကို အရင်ဆွေးနွေးရအောင်။


သံဓာတ်ချို့တဲ့တာကြောင့် သွေးအားနည်းခြင်း

(Iron Deficiency Anaemia)

          သွေးနီဥ Hemoglobin ဟာ Heme နဲ့ Globin ဆိုပြီး နှစ်မျိုး ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ Heme ဆိုတာ Iron containing protein ဖြစ်ပြီး သံဓာတ်လိုကို လိုအပ်တဲ့အပိုင်းပေါ့။ ဒီသံဓာတ်ကို အသုံးပြုပြီး အဆုတ်ထဲက ရှူသွင်းလာတဲ့ အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ တစ်လျှူးတွေ၊ ဆဲလ်တွေ၊ အစိတ်အပိုင်းတွေဆီ အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ပို့ပေးပါတယ်။ ဒါကြောင့် သွေးနီဥတွေဟာ အရည်အသွေးတွေကျဆင်းပြီး အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့အခါရယ်၊ အလုပ်ကောင်းကောင်းလုပ်နိုင်ပေမယ့် အရေအတွက်အရမ်းနည်းနေတဲ့အခါ လိုအပ်တဲ့ အောက်ဆီဂျင် ပမာဏမရတဲ့အတွက် ဆဲလ်တွေ၊ တစ်လျှူးတွေရဲ့ လုပ်ငန်းစဉ်တွေ ကမောက်ကမဖြစ်ကုန်ပါတယ်။


သွေးအားနည်းတဲ့လက္ခဏာတွေအနေနဲ့

-       မောပန်းလွယ်တာ

-       အားနည်းတာ၊ မလှုပ်ချင်မကိုင်ချင်တာ

-       ခေါင်းမူး၊ ခေါင်းကိုက်တာ

-       အာရုံစူးစိုက်မှုကျဆင်းတာ

-       ဖြူဖျော့တာ

-       အစားအသောက်ပျက်တာ

-       ခြေသည်းလက်သည်းတွေ ကြွပ်ဆတ်ကျိုးလွယ်တာ

-       ရင်တုန်တာ

-       အိပ်မပျော်တာ


ကြွက်တတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေက အတွေ့ရများတာတွေပေါ့။ လူတွေက သွေးအားနည်းပြီဆိုတာနဲ့ သံဓာတ်ဖြည့်စွက်ဆေးတွေပဲ ပြေးဝယ်သောက်ကြတော့တာများပါတယ်။ သွေးအားနည်းတာမှန်ပေမယ့် အရှေ့မှာပြောခဲ့သလို ဘာအကြောင်းရင်းကြောင့် သွေးအားနည်း ရတယ်ဆိုတာသိမှ မှန်ကန်အောင် ကုနိုင်မှာပါ။ ဥပမာ - ဘီ ၁၂ ချို့တဲ့နေတာကို သံဓာတ်တွေပဲ သောက်နေရင် ဝမ်းချုပ်တာနဲ့ အသားအရေ ညစ်လာတာကလွဲရင် ဘာမှမထူးမကောင်းမွန်လာပါဘူး။ အနာတခြား ဆေးတခြားဖြစ်နေတာပေါ့။ ရောဂါတစ်ခုခုကြောင့် သွေးနီဥတွေကို ဖြတ်တာများနေရင် အဲဒီရောဂါကို သေချာကုမှရမှာပါ။ ဒါကြောင့် အကြောင်းရင်းကို သေချာရှာဖို့က အလွန်အရေးကြီးတယ်ဆိုရမှာပေါ့။ Haemoglobin level,B 12 နဲ့ Folate level တွေကို သွေးစစ်ဆေးကြည့်ပြီး ဘာဓာတ်နည်းနေတာလဲဆိုတာ အဖြေထုတ်နိုင်ပါတယ်။

Credit : ဒေါက်တာ စိမ့်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18