Print

အစာစားပြီးမှ ဆေးသောက်ရမည်

  25-May-2019
Preview Image

“အစာစားပြီးမှဆေးသောက်ရမည်” ဆိုသော အယူအဆဖြစ်၏။ ဤအယူအဆကိုတော့ဖြင့် လုံးဝမှားသည်ဟု မဆိုနိုင်ပါ။ မှန်လည်းမှန်သည်၊ မှားလည်း မှားသည်ဟု ဆိုရမည်ဖြစ်သည်။ ဆေးတချို့မှာ အစာစားပြီးမှ သောက်သင့်သည်။ တချို့မှာ အစာမစားမီ သောက်ရသည်။ တချို့ဆေးဝါးများကိုမူ အစာနှင့် ဝေးဝေးသောက်ရန် ဖြစ်သည်။ မိမိသောက်မည့်ဆေး၏ အမျိုးအစားပေါ်တွင် မူတည်သည်။ 


ဆေးသောက်တိုင်း အစာစားပြီးမှ သောက်ရမည်ဟုတော့ တစ်ထစ်ချ မှတ်ယူမထားသင့်ပေ။ အစာမရှိလျှင် ဆေးသောက်ပြီး မူးမည်၊ အားယုတ်မည်၊ အင်္ဂလိပ်ဆေးသည် လူကို အားနည်းစေသည်စသဖြင့် ယုံကြည်ထားမှုကြောင့်

ဆေးသောက်လျှင် အစာတစ်ခုခုစားပြီးမှ သောက်ကြခြင်းဖြစ်သည်။ ထိုသို့သောက်မှ ဆေးဒဏ်ခံနိုင်မည်ဟု ဆိုနိုင်ပါသည်။ အကိုက်အခဲ ပျောက်ဆေးအချို့သည် အစာအိမ်နှင့်အူလမ်းကြောင်းကို ဒုက္ခပေးတတ်သဖြင့် အစာရှိမှ သောက်သင့်သည်။ သို့သော်လည်း ပဋိဇီဝဆေးဝါးများမှာမူ အစာနှင့်သောက်လျှင် စုပ်ယူမှုညံ့ဖျင်းပြီး အာနိသင်လျော့နည်းနိုင်ပါသည်။ တီဘီရောဂါ လူနာများကို နံနက်အိပ်ရာထ အစာနှင့် ဝေးဝေးဆေးသောက်ခိုင်းသည်ကို သတိထား၍ကြည့်လျှင် သိနိုင်ပါသည်။ ဆီးချိုသွေးချိုဆေးကို အစာမစားခင်သောက်၍ မိနစ်ပိုင်းအတွင်း အစာစားစေပါသည်။

အစာစားပြီးမှ ဆေးသောက်ရမည်ဟု ပုံသေမမှတ်ယူသင့်ပေ။ ဆေးသောက်ရာတွင် မည်သည့်အချိန်သောက်ရမည်ကို မိမိအားညွှန်ကြားသော ဆရာဝန်ပြောပြပါလိမ့်မည်။ မပြောခဲ့လျှင် မိမိက သေသေချာချာ မေးမြန်းရမည်ဖြစ်ပါသည်။ 
- ဆေးတိုင်း အစာစားပြီးမှ သောက်ရမည် မဟုတ်ပါ။
- တချို့အစာမစားမီ၊ တချို့အစာနှင့်ဝေးဝေး၊ တချို့အစာစားပြီးမှ သောက်ရမည်ဖြစ်သည်။
- ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ရပါမည်။ 


Credit : ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18