Print

သာလာစီးမီးယား အပြင်းစားဖြစ်ခဲ့လျှင်

  08-Apr-2019
Preview Image

သာလာစီးမီးယားရောဂါသည် သွေးအားနည်းရောဂါတစ်မျိုးဖြစ်သည်။ ရောဂါသည်များ၏ မျက်နှာပုံစံမှာ အနည်းငယ် ထူးခြားချက် ရှိပေသည်။ ပါးရိုး၏ ကျယ်ပြန့်မှုကြောင့် မျက်နှာပြားသည့် သဏ္ဍာန်ရှိသည့်အပြင် နှာခေါင်းမှာလည်း အရင်းမှစ၍ ပြားနေသည့်ပုံထွက်နေတတ်သည်။ ငယ်စဉ်မှစ၍ ခံစားကြရသောကြောင့် ဦးခေါင်းပုံစံပင် တစ်ခါတစ်ရံ ပြောင်းလဲနေတတ်ပြန်ပါသေးသည်။ နဖူးခပ်မောက်မောက်ဖြစ်၍ ချိုစောင်းနှစ်ခုမှာ သိသိသာသာ မို့မောက်နေတတ်လေ့ရှိသည်။ ခန္ဓာကိုယ်မှာ သွယ်လျလျဖြစ်ပြီး အရပ်မှာလည်း မြင့်မြင့်မားမား ဖြစ်လေ့မရှိဘဲ အသက်အရွယ်နှင့် မမျှအောင်ပုနေတတ်သည်။ ဝမ်းဗိုက်ကို သေသေချာချာ စမ်းသပ်ကြည့်သော်လည်း အသည်းနှင့် ဗေလုံးများ ကြီးမားနေသည်ကို တွေ့ရပေသည်။ အသက်တစ်နှစ် မပြည့်ခင်မှာပင် သွေးအားနည်းရောဂါကြောင့် ဖြူရော်ဖြူတော့နေပေမည်။ နောင်သော် အသားဖြူရော်ဖြူတင်မကဘဲ ဝါကျင့်ကျင့်ပုံစံပါ ဝင်လာတတ်ပေသည်။

 

ထိုသို့သော ကလေးများသည် ပြေးလွှားလှုပ်ရှားမှုကို သိပ်မလှုပ်နိုင်ကြဘဲ ငြိမ်ငြိမ်ကလေးပင် ဆော့တတ်ကြသည်။ လှုပ်ရှားမှု များလျှင်လည်း မောပန်းလွယ်တတ်ပေသည်။ သွေးအားနည်းခြင်းကို သွေးအစားသွင်းခြင်းဖြင့် ကုသရသဖြင့် ၎င်းလူနာ ကလေးများသည် သွေးမကြာခဏ အသွင်းခံကြရပေသည်။ သွေးသွင်းဖန်များလာသည့်အခါတွင် အသားအရည် ဖြူဖွေးဝါရင့်ရုံတင်မကတော့ဘဲ နှုတ်ခမ်း တစ်ဝိုက်၊ လက်သည်း၊ ခြေသည်းတို့၏ အခြေတို့၌ပါ အရောင်ညိုညစ်၍ မည်းလာသည်ကို တွေ့နိုင်ပြန်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ပျက်စီးသွားသော သွေးနီဥများအတွင်းမှ ဟီမိုဂလိုဘင် ပျက်စီးမှုကြောင့် ထွက်လာရသည့် သံဓာတ် (iron) အစုအဝေးကြောင့် ဖြစ်ပေသည်။ ခန္ဓာကိုယ်အတွင်းပိုင်း အချို့သော ကလီစာ အင်္ဂါအစိတ်အပိုင်းတို့တွင်လည်း သံဓာတ် စုဝေးခြင်း (haemo siderosis) ဖြစ်လာကြပေသည်။ ကလေးကြီးလာသည်နှင့်အမျှ ထိုလက္ခဏာသည် ပို၍ ဆိုးရွားလာ တတ်သည်။

 

ထိုသို့ဖြစ်လာလျှင် သံဓာတ်ဖြေဆေး၊ သံဓာတ်များကို ခန္ဓာကိုယ်ပြင်ပသို့ “ဆီး” မှ တစ်ဆင့် ထုတ်သွားနိုင် ရန် လုပ်ပေးနိုင်မှသာလျှင် သက်သာရာရရှိနိုင်ပါမည်။ ထိုသို့ ဖြေဆေးများ မပေးနိုင်ပါက နောင်တွင် ဆီးချိုရောဂါကဲ့သို့ သော ရောဂါများ ဝင်ရောက်လာသည်ကို တွေ့ရတတ်သည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု မရှိသလောက် နည်းပါးသော ထိုရောဂါရှင် ကလေးတို့သည် အသက်ရှင်၍ အရွယ်ရောက်လာကြလျှင်လည်း လိင်အင်္ဂါအစိတ်အပိုင်းတို့ ဖွံ့ဖြိုးမှု မရှိ၊ ကလေးငယ် ပုံစံအတိုင်း ရှိနေကြသည်ကို တွေ့နိုင်ကြပေသည်။ ၎င်းကလေးမျိုးသည် ကူးစက်ရောဂါများ အဖြစ်လွယ်သဖြင့် လူထူထူ ပွဲလမ်းသဘင်မျိုးကို ရှောင်ရှားသင့် ပေသည်။ အစာအာဟာရ အနေနှင့် လည်းပြည့်ပြည့်ဝဝ ကျွေးတတ်ရန် လိုပေသည်။ သံဓာတ်ပါသည့် အားဆေးမျိုးကို လုံးဝရှောင်ရမှာဖြစ်သည်။ Folic Acid နှင့် အသားဓာတ် Protine တို့ကို အထူးသတိထားပြီး ပါအောင်ကျွေးရမှာဖြစ်ပါ သည်။ သွေးသွင်းသည့် အကြိမ်ရေ အလွန်ီးကပ်ပါက အသက် ၈ နှစ်၊ ၁ဝ နှစ်နောက်ပိုင်းတွင် ”ဗေလုံး” ကြီးမားမှု ကြောင့်လည်း ဖြစ်သည်ဟု ထင်လျှင် ဗေလုံးကို ထုတ်ပစ်သင့်က ခွဲစိတ်၍ ထုတ်ရပါလိမ့်မည်။

Credit : ဒေါက်တာ ခင်မျိုးဟန်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။







Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18