Print

Renal Artery Stenosis (ကျောက်ကပ်သွေးလွှတ်ကြောကျဉ်းရောဂါ)

  04-Apr-2019
Preview Image

Renal artery stenosis (RAS) ဆိုသည်မှာ ကျောက်ကပ်ကို ထောက်ပံ့ပေးနေတဲ့ သွေးလွှတ်ကြော ကျဉ်းနေခြင်းကို ဆိုလိုသည်။ ကျဉ်းနေသော သွေးကြောကြောင့် ကျောက်ကပ်မှ လုံလောက်သော အောက်ဆီဂျင်ဓါတ် မရရှိတော့ချေ။ ထိုမှတဆင့် အကြောင်းအမျိုးမျိုးကြောင့် သွေးပေါင်ချိန်များ တက်လာပြီး ခန္ဓာကိုယ်နှင့် ကျောက်ကပ် တစ်သျှူးများကို ထိခိုက်စေသည်။


လက္ခဏာများ

RAS သည် သွေးကြောကျဉ်းမှု မဆိုးရွားသည်အထိ မည်သည့်လက္ခဏာမှ မပြသဘဲရှိနေနိုင်သည်။ ရောဂါရှိနေသူ လူအတော်များများသည် မည်သည့်လက္ခဏာမှ မခံစားရဘဲ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်သည့် အချိန်၊ သို့မဟုတ် အကြောင်း တစ်ခုခုကြောင့်သာ ရောဂါရှိနေကြောင်း သိရှိကြရတတ်သည်။ RAS ရှိနေသည်ဟု သံသယထားနိုင်သော လက္ခဏာများမှာ

- ရုတ်တရက် သွေးတိုးလာခြင်း

- အသက် ၃၀ မတိုင်မီ သို့မဟုတ် အသက် ၅၅ နှစ်ကျော်တွင် သွေးတိုးရောဂါ ဖြစ်ခြင်း

- သွေးပေါင်ချိန်ကို ထိန်းသိမ်းရန် ခက်ခဲခြင်း

- ဆီးအတွင်း အသားဓါတ် (Protein) ပါဝင်မှု များပြားခြင်း

- ဖောရောင်ခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

ရောဂါ ဖြစ်ပွားစေသော အဓိက အကြောင်းရင်း ၂ ရပ်မှာ

- ကျောက်ကပ် သွေးလွှတ်ကြောများ တောင့်တင်းလာခြင်း (Atherosclerosis of the renal arteries) - အဆီ သို့မဟုတ် အခြား ဓါတ်များ သွေးကြောနံရံတွင် စုဝေးလာပြီး တဖြည်းဖြည်း သွေးကြောနံရံ မာကျောလာရာမှ တဆင့်ထက်တဆင့် သွေးကြောကျဉ်းလာခြင်း

- သွေးကြောနံရံ ထူထဲလာခြင်း (Fibromuscular dysplasia) - သွေးလွှတ်ကြော၏ ကြွက်သားနံရံများ ထူထဲလာရာမှတဆင့် သွေးကြောကျဉ်းမြောင်းလာခြင်း


ဖြစ်နိုင်ချေများသူများ

ကျောက်ကပ်သွေးကြောကျဉ်း ဝေဒနာမှာ သွေးကြောတောင့်တင်းခြင်း atherosclerosis ကြောင့် ပို၍အဖြစ်များသည်။ Atherosclerosis ပိုဖြစ်နိုင်ချေရှိသူများမှာ

- အသက်ကြီးရင့်လာခြင်း

- သွေးတိုးရောဂါရှိခြင်း

- သွေးတွင်းအဆီဓါတ် များပြားခြင်း

- ဆီးချိုသွေးချိုရောဂါရှိခြင်း

- အဝလွန်ခြင်း

- မိသားစု မျိုးရိုးတွင် နှလုံးရောဂါ ခံစားရသူ ရှိခြင်း

- ဆေးလိပ်သောက်ခြင်း

- ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း စသည်တို့ဖြစ်သည်။


နောက်ဆက်တွဲ ပြဿနာများ

နောက်ဆက်တွဲ ပြဿနာများ အနေဖြင့်

- သွေးတိုးရောဂါ ခံစားရခြင်း

- ကျောက်ကပ် ပျက်စီးခြင်း

- ခြေထောက်များ ဖောရောင်ခြင်း

- ရုတ်တရက် အဆုတ်တွင်း ရေဝင်ကာ အမောဖောက်ခြင်း (flash pulmonary edema)


စစ်ဆေးမှုများ

ဆရာဝန်မှ ကျောက်ကပ်ဝန်းကျင်ကို နားကြပ်ဖြင့် နားထောင်ခြင်း စသည့် စမ်းသပ်မှုများအပြင်

- သွေးစစ်ဆေးခြင်း

- ဆီးစစ်ဆေးခြင်း

- Doppler Ultrasound ခေါ် အာထဆောင်းရိုက်ခြင်း

- ကွန်ပြူတာ ဓါတ်မှန် (CT) ရိုက်ခြင်း

- သံလိုက်ဓါတ်မှန် (MRI) ရိုက်ခြင်း

- သွေးကြောတစ်လျှောက် စစ်ဆေးရန် Renal Angiogram ရိုက်ခြင်း

စသည်တို့ကို ပြုလုပ်နိုင်သည်။


ကုသခြင်း

ကျောက်ကပ်သွေးကြောကျဉ်းခြင်းကို သက်သာစေရန်

* နေ့စဉ် နေထိုင်မှုပုံစံ (Lifestyle) ပြောင်းလဲခြင်း

- အဝမလွန်စေရန် ထိန်းသိမ်းခြင်း

- အငန်လျှော့စားခြင်း

- ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း

- စိတ်ဖိစီးမှု မများအောင် ဆင်ခြင်နေထိုင်ခြင်း

- ဆေးလိပ်သောက်တတ်ပါက ဆေးလိပ်ဖြတ်ခြင်း

- အရက်နှင့် ကော်ဖီစသည်တို့ကို သင့်တင့်ရုံသာ သောက်သုံးခြင်း


* ဆေးဝါးများဖြင့် ကုသခြင်း

 ဆရာဝန်မှ လူနာ၏ အခြေအနေပေါ် မူတည်၍ 

- သင့်တော်သော သွေးပေါင်ကျဆေးများ ပေး၍ကုသခြင်း

- သွေးကြဲဆေးပေးခြင်း

- အဆီကျဆေးများ ပေးခြင်း စသည်တို့ ပြုလုပ်နိုင်သည်။


* ခွဲစိတ် ကုသခြင်း

အချို့ သွေးတိုးထိန်းမရသော၊ သို့မဟုတ် ကျောက်ကပ် လုပ်ငန်းဆောင်တာများ ပျက်ယွင်းမှု ဆိုးနေသော လူနာများတွင် 

- Renal angioplasty ခေါ် ဆေးသွင်း၍ သွေးကြောအခြေအနေ ကြည့်ကာ လိုအပ်ပါက Stent ထည့်၍ ကုသခြင်း

- Renal artery bypass surgery ခေါ် သွေးကြောကျော်ဆက်၍ ကုသခြင်း

- Renal endarterectomy ခေါ် သွေးကြောတွင်းမှ အဆီ၊ အခဲများကို ဖယ်ထုတ် ကုသခြင်း စသည်တို့ ပြုလုပ်ရနိုင်သည်။


Ref: Mayo Clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18