Print

အသည်းရောင် အသားဝါဘီပိုး ရှိသူများ မပေ့ါဆသင့်ပါ

  02-Apr-2019
Preview Image



ကျွန်တော်၏ မိတ်ဆွေတစ်ဦးသည် ပြီးခဲ့သောလတွင် အသည်းရောင်ဘီပိုး၏ နောက်ဆက်တွဲပြဿနာများကြောင့်အသည်းခြောက်ရောဂါဖြစ်လာပြီး အသည်းကင်ဆာဝေဒနာကို ခံစားနေရပါသည်။ ပို၍ကံဆိုးသည်မှာ အသည်းကင်ဆာသည် အဆုတ်၊ အရိုးနှင့်ပြန်ရည် အကျိတ်များသို့ ကင်ဆာဆဲလ်များ ပြန့်ပွားနေပါသည်။

အသည်းဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ပြီး အသည်းအထူးကု ဆရာဝန်ကြီးများ၏ ညွှန်ကြားချက်အရ ဆေးများသောက်ကာ အိမ်တွင် အနားယူနေပါသည်။ ယခင်က ကိုယ်အလေးချိန်ပေါင်၂ဝဝ ခန့်ရှိနေရာမှ ပေါင် ၁၃ဝ အောက်ရောက်ရှိ သွားပါသည်။ လူသည်ပိန်ချုံးလာပြီး အစားအသောက်ပျက်ကာ ရောဂါဝေဒနာကို ခက်ခဲစွာ ရင်ဆိုင်နေရပါသည်။ ထိုမိတ်ဆွေကိုကြည့်ပြီး အသည်းရောင် ဘီပိုးရှိပါက မပေါ့ဆသင့်ကြောင်း အကြံပြုရေးသား အပ်ပါသည်။

အသည်းရောင်ဘီပိုးရှိသူများသည် မည်သည့်လက္ခဏာမျှ မပြသောကြောင့် ရောဂါပိုးရှိမှန်းမသိကြပါ။ နိုင်ငံခြားသွားခြင်း၊ သင်တန်းတက်ခြင်း၊ အလုပ်လျှောက်ခြင်း၊ အိမ်ထောင်ပြုခြင်းနှင့် တခြားသော ရောဂါဖြစ်ခြင်းတို့အတွက် စစ်ဆေးရာမှ မိမိတွင် အသည်းရောင် ဘီပိုးရှိနေမှန်း သိကြပါသည်။ သို့ရာတွင် ပေါ့ဆပြီး အသည်းဆရာဝန်ကြီး သို့မဟုတ် သမားတော်တစ်ဦးဦးနှင့် မပြခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားကြရပါသည်။ အသည်းရောင် ဘီပိုးသည် မွေးကင်းစတွင် ဝင်ပါက ပျောက်ကင်းမှု မရှိဘဲ ၉၅ ရာခိုင်နှုန်းသည် နာတာရှည်ဖြစ်နိုင် ပါသည်။ ကလေးဘဝတွင် ဝင်ပါက ၃ဝ ရာခိုင်နှုန်းခန့်သာ နာတာရှည်ဖြစ်နိုင်ပါသည်။

လူကြီးဘဝတွင် ဝင်ပါက ငါးရာခိုင်နှုန်းသာ နာတာရှည်ဖြစ်ပြီး တစ်သက်လုံး ပိုးဝင်တတ်ပါသည်။ ၉၅ ရာခိုင်နှုန်းခန့်သည် အလိုအလျောက် ပျောက်ကင်းနိုင်ပါသည်။ ထို့ကြောင့် လူတိုင်းလူတိုင်းသည် မိမိတွင် အသည်းရောင်အသားဝါ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး နှင့် အက်ဖ်ရှိ၊ မရှိစစ်ဆေးရပါမည်။ မိမိတွင် အသည်းရောင် ဘီပိုးရှိပါက သုံးလသို့မဟုတ် လေးလခြားတစ်ခါ တစ်သက်လုံးစစ်ဆေးရပါမည်။ အသည်းရောင် ဘီပိုးရောဂါသည် မည့်သည်အချိန်တွင် ငြိမ်နေရာမှ ကြွလာသော အခြေအနေကို သိစေရန်ဖြစ်ပါသည်။ ကြွလာပါက ထိရောက်စွာ ကုသရန် အချိန်သတ်မှတ်ရန်အတွက် ဆေးစစ်ခြင်းဖြစ်ပါသည်။ အသည်းရောင် ဘီပိုး၏ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သော အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်းကို စောစီးစွာတွေ့ရှိနိုင်ရန် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခြင်း၊ သွေးထဲတွင် အယ်လ်ဖာဖီတို ပရိုတင်းနှင့် အသည်း၏ လုပ်ငန်းဆောင်တာ စစ်ဆေးခြင်းများ ပြုလုပ်ရပါမည်။

အသည်းအထူးကုဆရာဝန်ကြီးများ၏ ညွှန်ကြားချက်အရ လမီဗျူဒင်း ၊ အဒီဖိုဗီယာနှင့် တီနိုဖိုဗီယာ စသည်တို့ကို သောက်ရပါမည်။ PEGYLATED INTERON ကိုလည်း ထိုးနိုင်ပါသည်။ အသည်းရောင်ဘီပိုးရှိပါက အရက်နှင့် ဘီယာလုံးဝမသောက်ရပါ။ ပရဆေး (ဆေးမြီးတို) များကိုရှောင်ပါ။ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ်၊ သောက်ရေခွက် သီးခြားထားပါ။ သွေးလှူဒါန်းခြင်းလည်း မပြုလုပ်ရပါ။ မိသားစုတွင် ဘီပိုးရောဂါရှင်တစ်ဦးရှိပါက ကျန်မိသားစုဝင်များသည် မဖြစ်မနေ ကာကွယ်ဆေးထိုးထားရပါသည်။ မိမိတွင်ဘီပိုးရှိပါက မပေါ့ဆဘဲ အသည်းဆရာဝန်ကြီးများနှင့် တိုင်ပင်ပြသသင့်ပါသည်။

Healthcare.com.mm

Ref: ဒေါက်တာ မြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး)
Source: Publichealthinmyamnmar


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18