Print

သွားအောက်ခြေရှိကျောက်များ စောစီးစွာဖယ်ထုတ်ပစ်သင့်

  01-Apr-2019
Preview Image


သွားများအောက်ခြေတွင် ကပ်ငြိနေသည့် သွားကျောက်များကို စောစီးစွာမဖယ်ထုတ်ပါက ကြာရှည်တွင် သွားများပျက်စီးပြီး ရေစီးကမ်းပြို ရောဂါများအပြင် အသက်ပါသေဆုံးသည်အထိ ဖြစ်ပွားလာနိုင်သော သွားရောဂါများ ဖြစ်ပွားနိုင်သည်ဟု သွားဘက်ဆိုင်ရာဆရာဝန်များထံမှသိရသည်။ သွားရောဂါများကြောင့် နာကျင်မှုှုဝေဒနာများသာ ခံစားရနိုင်သည်ဟု လူအများထင်မှတ် နေကြသော်လည်း ဂရုမပြုဘဲထားပါက အသက်ပါသေဆုံးနိုင်သည့် အခြေအနေတွင်ရှိပြီး ထိုအန္တရာယ်သည် သွားကျောက်တည်ခြင်းများမှတစ်ဆင့် ဖြစ်ပွားလာနိုင်ကြောင်း သွားဘက်ဆိုင်ရာ ဆရာဝန်ဒေါက်တာစိုးတင့် ကပြောသည်။ အစာစားပြီးသည့်အခါ လက်ဆေးကြသော်လည်း အများအားဖြင့် ပါးစပ်ဆေးလေ့မရှိကြဘဲ ကြာရှည်လာပါက သွားများကြား အခြေများတွင် အညှိများတဖြည်းဖြည်းတက်လာပြီး သွားကျောက်တည်ခြင်းများ ဖြစ်ပွားကြခြင်း ဖြစ်ကြောင်းသိရသည်။


“သွားမတိုက်လို့ဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သွားတိုက်တဲ့အခါ သွားကြားတွေထဲက အစာညှပ်တွေကို ထိုးမထုတ်တဲ့အတွက် ဝင်သွားတဲ့အစာတွေက အဆီအနှစ်တွေ ထွက်သွားပြီး ကယ်ဆီယမ်နဲ့ အမျှင်တွေကနေ သွားကျောက်တည်လာတယ်။ ပြီးတော့ ပါးစပ်ထဲမှာရှိတဲ့ ပိုးမွှားတွေကြောင့်လည်း သွားကျောက်ပိုတည်
လာတယ်”ဟု သွားဆရာဝန်တစ်ဦးကပြောသည်။ ပါးစပ်အတွင်း ကျောက်များဖြစ်လာသောအခါ နေထိုင်ရန်ပိုးမွှားများ ရောက်လာပြီး ထိုပိုးမွှားများ ဆက်လက်ရပ်တည်နိုင်ရန် သွားများ၏ အမြစ်အောက်ခြေတွင် ကျောက်များပိုတည်လာရန် ဖန်တီးခြင်းဖြင့် တဖြည်းဖြည်း သွားကျောက်များ များပြားလာခြင်းဖြစ်သည်။


“သွားဖုံးတွေက ပိုးမွှားတွေနဲ့ အမြဲထိတွေ့နေတဲ့အတွက် ပိုးမွှားတွေကထုတ်တဲ့ အဆိပ်တွေကြောင့် သွားဖုံးတွေနီရဲလာတယ်။ ထိတာနဲ့ သွေးအလွယ်တကူ ထွက်လာတော့ သွားသေချာမတိုက်ဖြစ်တော့ ပိုကျောက်တည်လာတယ်”ဟုဒေါက်တာစိုးတင့်က ဆက်လက်ပြောသည်။ သွားကျောက်အတွင်း နေထိုင်သည့် ပိုးမွှားများမှာ နေရာပိုမိုရလာစေရန် သွားများ၏ ဘေးတွင်အုံထားသည့် အရိုးများအား တဖြည်းဖြည်း နယ်ချဲ့လာရာမှ အရိုးများ နိမ့်ဆင်းလာပြီး သွားအမြစ်များပေါ် လာလေ့ရှိသည်။


“သွားအမြစ်တွေ ပေါ်ပေါ်လာတော့ အရိုးထဲမှာ မြှုပ်နေတဲ့အပိုင်း တိမ်လာတော့ ဝါးတဲ့ဒဏ်ကို မခံလာနိုင်တော့ဘူး။ တဖြည်းဖြည်းနဲ့ နဲ့လာတယ်။ ကြာလာရင် သွားဖုံးထိပ်သားတွေ ရုတ်တရက် ဆွေးပြီး အနာပြဲတွေ ဖြစ်လာနိုင်တယ်။ အဲဒါကနေ သွားဖုံးရောင် ရောဂါတွေ ဖြစ်လာတယ်”ဟု အဆိုပါ ဆရာဝန်ကပြောသည်။ကလေးငယ်များတွင် အဖြစ်များပြီး လူကြီးများတွင် ဖြစ်လာပါက ပါးစပ်များနံခြင်း၊ တံတွေးများထွက်ခြင်း၊ သွေးများထွက်လာခြင်း စသည့်လက္ခဏာများ ပြသ၍ကျောက်တည်သည့်နေရာတွင် ပိုးမွှားများ အလွန်များပြားလာပါက ပါးပေါက်နာဖြစ်ပြီး အသက်သေဆုံးသည် အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ အဆိုပါ ကျောက်များအား သွားကျောက်ခြစ်စက်ဖြင့် အလွယ်တကူ ခွာထုတ်နိုင်ပြီး သွားကျောက်တည်ခြင်း မဖြစ်စေရန် သွားဆရာဝန်ထံတွင် ပုံမှန်သွားရောက် စစ်ဆေးသင့်ကြောင်း သိရသည်။


Ref:7daynewsjournal


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18