Print

အဆစ်အမြစ် နာကျင်ရောင်ရမ်းသူတွေ ရှောင်ကြဉ်စရာ

  31-Mar-2019
Preview Image

အဆစ်အမြစ်ရောင်ရမ်းနာကျင်တဲ့ သူတွေမှာ မခံမရပ်နိုင်အောင် ကိုက်ခဲနာကျင်မှုနဲ့ အသွားအလာ အထိုင်အထ ခဲခက်မှုဟာ ပြောမှယုံ ကြုံဖူးမှ သိပါလိမ့်မယ်။ အဲလို နဂိုရောဂါ ရှိပြီးသားလူတွေမှာ တချို့အစားအစာတွေ စားသောက်မိရင် အထူးသဖြင့် လေးဖက်နာ အဆစ်ရောင်ရောဂါ ရှိသူတွေမှာဆိုရင် နာကျင်မှုပိုမိုခံစားလာရတာ တွေ့လာရတယ်။


 အဲဒီ အဆစ်ရောင် Rheumatoid Arthritis ရောဂါရှင်တွေအတွက် နာကျင်ကိုက်ခဲမှုနဲ့ အရိုးအဆစ်တွေ တောင့်တင်းမှုတွေဟာ နေ့တိုင်း ကြုံတွေ့ရလေ့ရှိတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ အဆစ်တွေ ရောင်ရမ်းနာကျင်လိုက်၊ ကွေးကောက်မမှန် Deformity ဖြစ်လိုက်၊ အရိုးအဆစ်တွေရဲ့ လှုပ်ရှားမှုကို ပုံမမှန်ဖြစ်အောင် မသွားလာနိုင်၊ မထိုင်မထနိုင်ဖြစ်အောင် ဖန်တီးလိုက်နဲ့ ဝေဒနာရှင်ကို အတော်လေး ဒုက္ခပေးပါတယ်။ သုတေသနတွေအရ အစားအသောက် ဆင်ခြင်ရင် ဒီရောဂါကို ပိုမဆိုးရွားအောင် ထိန်းထားပေးနိုင်တယ်လို့ ဆိုပါတယ်။


 အောက်ပါ အစားအစာတွေကို ရှောင်ကြဉ်နိုင်ရင် အဆစ်အမြစ်ရောင်ရမ်းတာ ကျလွယ်စေတယ်။

(၁) အချိုလွန်ကဲတဲ့ အစားအစာများ

 ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် အဆစ်ရောင်ရောဂါ သုတေသနဌာနရဲ့ လေ့လာမှုအရ လေးဖက်နာ အဆစ်ရောင်ရောဂါနဲ့ အဆစ်အမြစ်ရောင်ရောဂါရှိသူတွေဟာ သကြားနဲ့ အချိုဓာတ်ပမာဏပါဝင်မှုကို အနည်းငယ်လောက်မှ အသင့်အတင့်သာ စားသောက်သင့်တယ်လို့ ဆိုပါတယ်။ ထမင်းနဲ့ နေ့လယ်၊ ညစာတွေ စားပြီးချိန်မှာ အချိုတည်းတဲ့အခါ မုန့်အချို သစ်သီးအချိုတွေကို အနည်းဆုံးပမာဏစားဖို့ စိတ်ထိန်းနိုင်ဖို့ အရေးကြီးတယ်။ မုန့်ဆိုရင်လည်း အချိုအများပြီးလျော့ထားတဲ့ အိမ်တွင်းလုပ်မုန့်တွေပဲ စားသင့်ပါတယ်။ ဥပမာ ပြောရရင် ၁၀၀ ဂရမ်အလေးချိန်ရှိတဲ့ ချောကလက်တစ်တောင့်မှာ သကြားအချိုဓာတ်က ၆၂.၅ ဂရမ်တောင် ပါဝင်တာမို့ အလားတူ ချိုချဉ်အချိုမှုန့်နဲ့ ကိတ်မုန့်လို အချိုများတဲ့ အမြန်စာတွေ အားလုံး ရှောင်ကြဉ်သင့်ပါတယ်။

 အချိုရည်ဘူး အမျိုးမျိုးမှာလည်း သကြားဓာတ်က အများကြီးပါတာပဲ။ ဥပမာ ၁၂ အောင်စ အရွယ်ရှိ ဆိုဒါတစ်ဘူးမှာ သကြားက လက်ဖက်ရည်ဇွန်း ၁၀ ဇွန်းစာလောက်ပါဝင်တာမို့ အဲဒါတွေလည်း ရှောင်သင့်ပါတယ်။ အားဖြည့်အချိုရည်တွေ Sport Drink မှာ အချိုလျော့ထားတယ်ဆိုတာတောင် ၁၂ အောင်စ တစ်ဘူးမှာ သကြားလက်ဖက်ရည်ဇွန်း ငါးဇွန်း ပါနေသေးတယ်။ ဒါ့ကြောင့် အဆစ်အမြစ်ရောင် ရောဂါရှင်တွေအနေနဲ့ လတ်လတ်ဆတ်ဆတ် ဖျော်သောက်တဲ့ သစ်သီးဖျော်ရည် အနည်းငယ်ကလွှဲလို့ အချိုရည်မျိုးစုံ လုံးဝမသောက်သင့်ပါဘူး။ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ သစ်သီးဖျော်ရည်တွေမှာလည်း သကြားက ၁၀၀ မီလီမှာ ၂၄.၆ ဂရမ်အထိ ပိုပိုသာသာ ပါဝင်တာမို့ ရှောင်ကြဉ်သင့်ပါတယ်။


(၂) ပြန်ကြော်ဆီနဲ့ ထရန်စ်ဖက် ပါဝင်တဲ့ အစားအစာတွေ

 အဆစ်အမြစ်ရောင်နဲ့ လေးဖက်နာ အဆစ်ရောဂါရှင်တွေအနေနဲ့ ကိုလက်စထရော အပါနည်းပြီး ပြန်ကြော်ဆီနဲ့ ထရန်စ်ဖက် အဆီတွေမပါတဲ့ အပါနည်းတဲ့ အစားအစာတွေပဲ ရွေးချယ်သင့်ပါတယ်။ 

 အဲဒီတော့ အနီရောင်ရှိတဲ့ အသားတွေ ဆီကြော်မုန့်အပါအဝင် ကြာရှည်ခံအောင်လုပ်ထားတဲ့ အမြန်စာတွေကို အစွမ်းကုန် လျော့ချစားသုံးရပါမယ်။ အသားဓာတ်ရဖို့ ငါး၊ ကြက်သားနဲ့ ရေထွက် သတ္တဝါအသားတွေ၊ အဆီနည်းတဲ့ ပေါင်သားနဲ့ ပဲအမျိုးမျိုး ဥအမျိုးမျိုး၊ တို့ဟူးနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကိုပဲ စားသောက်သင့်ပါတယ်။

 အဲလို အသားတွေ လျော့စားပြီး ပဲမျိုးစုံ အသီးအရွက်မျိုးစုံနဲ့ လတ်ဆတ်တဲ့ အစားအသောက်တွေကိုသာ အီကထားစားသင့်တယ်။ မြေထဲပင်လယ် အစားအစာ Mediteraian diet စားသုံးသူတွေလို သံလွင်ဆီကိုပဲ အဓိကထား စားသုံးသင့်သလို ကိုလက်စထရောနဲ့ အဆီအပါနည်းတဲ့ ပင်လယ်စာတွေကိုသာ အများဆုံးစားသင့်တယ်။ အဲလိုသာ အစားအသောက်ရွေးစားရင် အရိုးအဆစ်အရောင်ကျလာသလို နာကျင်မှုလည်း သိသာစွာ သိသာစွာ သက်သာလာစေတယ်။ အဲလို မြေထဲပင်လယ် အစားအသောက်စတိုင်လ်မျိုး ပြောင်းလဲစားသောက်တဲ့ လေးဖက်နာ အဆစ်ရောင်ရောဂါရှင်တွေဟာ ကိုယ်ခန္ဓာရှိ ရောင်ရမ်းမှုဖြစ်စဉ်တွေ သက်သာလာကြလို့ အသက်ပါ ရှည်လာကြတာ သုတေသနတစ်ခုမှာ တွေ့ခဲ့ရတယ်။

 သူတို့တစ်တွေရဲ့ အထွေထွေကျန်းမာရေးဟာ တွေ့မရှောင်စားတဲ့ သာမန်အစားအသောက်စားသူတွေထက် ပိုမိုကောင်းလာပါသေးတယ်။ 


(၃) အရက်နဲ့ ဘီယာစတဲ့ မူးယစ်စေတဲ့ အရည်မျိုးစုံ

 အရက်ဆိုတာ အခြေခံက သကြား (ကာဘိုဟိုက်ဒြိတ်) ပေါ် အခြေခံထားတာဆိုတော့ ညနေတိုင်း သောက်သူနဲ့ တစ်နေကုန် သောက်သူတွေမှာ အပိုသကြားဓာတ်တွေ နေ့စဉ်ရရှိနေတယ်။ အဲဒါတွေက အဆစ်ရောင်ရောဂါကို ပိုဆိုးစေတာပါပဲ။ ဒါ့အပြင် အရက်ကြောင့် အသည်းထိခိုက်ပျက်စီးတာကလည်း အပိုဆုအဖြစ် အသက်အန္တရာယ် နီးကပ်စေသေးတယ်။ ဒါ့ကြောင့် အဆစ်ရောင်နဲ့ ရူမက်တွိုက်ရောဂါရှင်တိုင်း အရက်နဲ့ အလားတူ မူးယစ်ထုံထိုင်းစေတဲ့ ယစ်မျိုးနွယ်ဝင်အရည်တွေ အားလုံးကို လုံးဝရှောင်ကြဉ်ရမှာပါ။


(၄) အမြန်စာမျိုးစုံ

 Processed Food ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အမြန်စာမျိုးစုံ လေဖောင်းထုတ်မျိုးစုံ အတွင်းမှာ သကြားထရန်စ်ဖက် ပြန်ကြော်ဆီ၊ ဆား၊ အရသာအတု၊ ကြာရှည်ခံ ဓာတုပစ္စည်း Food addictive တွေ မျိုးစုံပါဝင်ပြီး အဲဒါတွေက လေးဖက်နာ အဆစ်ရောင်ကို ပိုဆိုးလာစေတယ်။ အဲဒီလို လူနာ ၁၀၀၀ အပေါ် သုတေသနပြုချက်အရ အဲဒါတွေစားရင် နာကျင်ကိုက်ခဲမှု ရောင်ရမ်းမှုတွေ ပိုတိုးလာစေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ပက်ကင်လှလှ ထုပ်ထားတဲ့ အကြော်အလှော်တွေ၊ ကြာရှည်ခံ အမြန်စာ Junk Food အားလုံးကို လုံးဝမစားသင့်ဘူး။ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတာတွေသာ စားသင့်ပြီး သရေစာကိုလည်း အိမ်မှာတင် ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုလုပ်စားသင့်တယ်။ အဲဒီ အမြန်စာတွေရှောင်ကြဉ်ရင် နှစ်ပတ်အတွင်း ရလဒ်ကောင်းတွေ၊ ရောဂါလက္ခဏာ သက်သာလာတာတွေ တွေ့လာရတယ်။


(၅) နို့နဲ့ နို့ထွက်ပစ္စည်းအမျိုးမျိုး

 နို့အမျိုးမျိုး၊ ထောပတ် ဒိန်ခဲနဲ့ နို့ထွက်ပစ္စည်းတွေထဲမှာပါတဲ့ ပရိုတင်းဓာတ်ဟာ လေးဖက်နာ အဆစ်ရောင်ရောဂါရှင်တွေနဲ့ မတည့်ပါဘူး။ အဲဒါတွေမှ ကြိုက်တယ်ဆိုရင်တော့ အဆီထုတ်ထားတဲ့ အဆီလျော့ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကိုသာ ရွေးချယ်စားသုံးသင့်တယ်။ လုံးဝရှောင်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ အဆီအနှစ်အပြည့်ပါတဲ့ နို့ပဲဖြစ်ဖြစ် သို့မဟုတ် အဆီလျော့ထားတဲ့ နို့ပဲဖြစ်ဖြစ် အဲဒါတွေစားသောက်မိရင် အဆစ်နာကိုက်ခဲစေနိုင်တာနဲ့ လက္ခဏာတွေ ပိုဆိုးလာစေတာကတော့ အတူတူပါပဲ။ နို့ကနေ ထောပတ်နဲ့ ဒိန်ခဲ၊ ဒိန်ချဉ် ပြုလုပ်တဲ့အခါ ထွက်လာတဲ့ ပရိုတင်း Whey Protein မှာပါတဲ့ ကာဆင်း Cassin င အဆစ်ရောင် Rheumatoid Arthritis အတွက် အဆစ် မနာ နာအောင် လှုံ့ဆော်ပေးပါသေးတယ်။ 


(၆) မတည့်တဲ့ အစားအစာတွေ၊ အလာဂျီဖြစ်စေတဲ့ အစားအစာတွေ

 တချို့လူတွေက ကိုယ်နဲ့ မတည့်တဲ့ အစားအစာ အနံ့အရသာတွေကို သတိမထားအိတတ်ကြဘူး။ အဲဒီဓာတ်မတည့်တာတွေကလည်း Autoimmune Disorder ဖြစ်တဲ့ လေးဖက်နာ အဆစ်နာရောဂါမှာ လက္ခဏာတွေ ပိုဆိုးလာစေတာ တွေ့ရတယ်။ အဲဒီဓာတ်မတိုးတာတွေကို မှတ်မထားမိဘဲ စားမိသောက်မိရင် အလာဂျီဖြစ်တာနဲ့အတူ အဆစ်အမြစ်ရောင်ရမ်းတာတွေပါ ပိုဆိုးလာစေတယ်။

 ဥပမာ - ဂလူတင်ပါတဲ့ အစားအစာတွေ၊ ခရမ်းချဉ်သီးနဲ့ အချဉ်ဓာတ်ပါတဲ့ တချို့အသီးတွေက အဆစ်ရောင်တာကို တချို့လူတွေမှာ ပိုနာကျင် ခံစားလာရစေတယ်။ ဒါ့ကြောင့် မိမိနဲ့ ဓာတ်မတည့်တာတွေကို စာရင်းမှတ်ထားပြီး မစားမသောက်မိအောင် ရှောင်ကြဉ်ရမှာပါ။

 ဒါတွေ ဒါတွေစားမိလို့ လက္ခဏာတွေ ပိုဆိုးလာတယ်လို့ သံသယရှိရင် မှတ်ထားပြီး အဲဒါတွေကို တစ်လလောက် လုံးဝဖြတ်ထားပြီး ပြန်စားကြည့်လိုက်ပါ အဲဒီအခါ ငြိမ်သက်နေတဲ့ ရောဂါလက္ခဏာတွေက ပြန်ပေါ်ပေါက်လာတာ တွေ့ရလိမ့်မယ်။ အဲဒါဆိုရင် အဲဒီအစားအစာတွေကို မိမိနေ့စဉ်စားသောက်ရမယ့် စားရင်းထဲကနေ ဖယ်ထုတ်ပစ်ရပါလိမ့်မယ်။

 အဆစ်နာ ကိုက်ခဲတဲ့ဝေဒနာ ခံစားရမယ့်အစား သက်ဆိုင်ရာ ရောဂါကုသဆေးတွေ မှီဝဲသလို အထက်ဖော်ပြပါ အစားအစားတွေကို ရွေးချယ်ရှောင်ကြဉ်တာကိုလည်း ဦးစားပေး ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။


Credit: ဒေါက်တာမြမြချယ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18