Print

အသက် ၅၀ ကျော်လျှင် ဒါကိုဖတ်ပါ

  22-Mar-2019
Preview Image

အသက် ၅၀ ကျော်လျှင်

          အမေရိကန်နိုင်ငံတွင် အသက် ၅၄ နှစ်နှင့်အထက် အများစုမှာ နှလုံးသွေးကြောနှင့် သက်ဆိုင်သောရောဂါ Cardiovascular Disease ခံစားနေကြရသည်။ စာဖတ်သူရော အသက် ၅၄ နှစ်ကျော်ပါက နှလုံးရောဂါ အန္တရာယ်မှ  စိတ်ချရပါ့မလား။ မစိုးရိမ်ပါနှင့်။ နှလုံးရောဂါဘေးမှ ကင်းဝေးစေရန် ဆောင်ရွက်နိုင်သည့် နည်းလမ်းများရှိနေပါသေးသည်။

          ခန္ဓာကိုယ်၏ အစိတ်အပိုင်းများသို့ အောက်ဆီဂျင် ပေးပို့သည့် နှလုံးသွေးကြောနှင့် သက်ဆိုင်သောစနစ် Cardiovascular System ကောင်းမွန်ကြံ့ခိုင်ခြင်းသည် လူ့ဘဝကို အသက်ရှည်ကျန်းမာ နေထိုင်နိုင်ရန်အတွက် အဓိကကျသော သော့ချက်ပင် ဖြစ်သည်။ ထိုကဲ့သို့ နှလုံးသွေးကြောနှင့် သက်ဆိုင်သောစနစ် ကောင်းမွန်ကြံ့ခိုင်စေခြင်း၏ လျှို့ဝှက်ချက်မှာ ကျန်းမာရေး လေ့ကျင့်ခန်း ပြုလုပ်ခြင်းပင် ဖြစ်သည်။

          ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်ဘဲ အညောင်းထိုင်သော အလုပ်ကို လုပ်ကိုင်ဆောင်ရွက်သူသည် ဆေးလိပ်သောက်သူ၊ သွေးအတွင်း ကိုလက်စထရော(လ်)များ သူတို့နည်းတူ နှလုံးရောဂါဖြစ်ပွားရန် အလားအလာများပြားကြောင်း တွေ့ရှိရသည်။ သို့သော် ကိုယ်လက်လှုပ်ရှားမှု ထိထိရောက်ရောက် ပြုလုပ်ပါက နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးမည့်ဘေးမှ ကာကွယ်နိုင်မည်ဖြစ်သည်။ ကိုယ်လက်လှုပ်ရှား ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် နှလုံးဝေဒနာ အပြင်းအထန်ခံစားမှု Heart Attack နှင့် လေဖြတ်ဝေဒနာ ခံစားရမှုတို့မှ ကာကွယ်နိုင်သည့်အပြင် ဆီးချိုရောဂါ၊ ကင်ဆာရောဂါ အချို့ နှင့် စိတ်ပိုင်းဆိုင်ရာ ယိုယွင်းကျဆင်းမှုများကိုပါ ကာကွယ်တားဆီးနိုင်သည်။

          ချွေးများ ယိုစီးကျလာသည့်အထိ ကျန်းမာရေးလေ့ကျင့်ခန်းကို နေ့စဉ်ဆောင်ရွက်ခြင်းဖြင့် ဇရာကို အန်တုနိုင်ပြီး ဘဝခရီး ရေဆန်လေဆန်ကို လှော်ခတ်ကျော်လွှားနိုင်မည်ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုကို သင် ယနေ့ စတင်သည်နှင့် နောင်နှစ်တွင် ယခုလက်ရှိအခြေအနေထက် ပိုမိုနုပျိုသန်စွမ်းလာမည်မှာ အသေအချာပင်ဖြစ်သည်။

 

ယနေ့လူနေမှုပုံစံနှင့် နှလုံးရောဂါ

          လူ့ခန္ဓာကိုယ် စက်ယန္တရားကြီးသည် နေ့စဉ် မှီဝဲစားသောက်သော အစားအစာများကို ကြိတ်ခွဲခြေဖျက်ပြီး လူ့ခန္ဓာကိုယ်အား အကျိုးပြုမည့် အရာများကို ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးသို့ ဖြန့်ခွဲပေးပို့၍လည်းကောင်း၊ ခန္ဓာကိုယ်အတွက် မလိုအပ်သော အရာများကို စွန့်ပစ်ပစ္စည်းအဖြစ်လည်းကောင်း စွန့်ထုတ်ပစ်ပြီး ခန္ဓာကိုယ်အား အသက်ဆက်ခုတ်မောင်း လည်ပတ်လျက်ရှိရာ ဇီဝကမ္မဖြစ်စဉ်များ ပုံမှန်လည်ပတ်နိုင်ရန်နှင့် အစာများ ခြေဖျက်နိုင်ရန်အတွက် ခန္ဓာကိုယ်သည် သင့်တင့်မျှတသော လှုပ်ရှားမှုရှိနေရန် လိုအပ်သည်။

          ယနေ့ခေတ် လူနေမှုဘဝပုံစံအရ အဆီအဆိမ့်များသော အစားအသောက်များကို စားသောက်ခြင်း၊ ရုံးတွင်း တစ်နေကုန် အညောင်းထိုင်သော အလုပ်ကို လုပ်ကိုင်ရခြင်း၊ အိမ်ပြန်ရောက်ချိန်၌လည်း ရုပ်မြင်သံကြားရှေ့၌ အိပ်ရာမဝင်မီကာလအထိ ထိုင်၍ အချိန်ဖြုန်းရခြင်းစသော ကိုယ်လက်လှုပ်ရှားမှုနည်းသည့် နေထိုင်မှုပုံစံကြောင့် မလိုလားအပ်သော ကျန်းမာရေးကို ထိခိုက်သည့်ဖြစ်စဉ်များ ဖြစ်ပွားလာရသည်။ ထိုကဲ့သို့ ကျန်းမာရေးကို ထိခိုက်စေသော ဖြစ်စဉ်များအနက် နှလုံးဝေဒနာ အပြင်းအထန် ခံစားရမှု Heart Attack သည် အဓိကပင်ဖြစ်သည်။

          နှလုံးဝေဒနာ အပြင်းအထန်ခံစားရမှု မဖြစ်ပွားစေရန် ကာကွယ်နိုင်သောနည်းမှာ ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေးလိုက်စားရန်သာဖြစ်သည်။ ကျွန်ုပ်တို့၏ နှလုံးကြွက်သားများသည် ဘဝသက်တမ်းတစ်လျှောက် အကြိမ်ပေါင်း သန်း ၄၀၀၀ ခန့် မရပ်မနား တုန်ခါနေရန်အတွက် ကျန်းမာရေးကောင်းမွန်ရန် လိုအပ်လှသည်။ နှလုံးဝေဒနာ အပြင်းအထန်ခံစားရမှုသည် နှလုံးနှင့် များစွာမသက်ဆိုင်လှဘဲ သွေးလည်ပတ်မှု Circulation နှင့်သာ အဓိက သက်ဆိုင်မှုရှိသည်ဟုဆိုသည်။

 

နှလုံးဝေဒနာ အပြင်းအထန်ခံစားရမှု

          နှလုံးဝေဒနာ အပြင်းအထန်ခံစားရမှုသည် နှလုံးကြွက်သားသို့ သွေးများမရောက်ရှိသည်မှ အစပြူ ပေါ်ပေါက်ရခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ နှလုံးသည် လက်သီးဆုပ်ခန့် ပမာဏရှိပြီး ကြာဆံမျှင် အရွယ်ပမာဏခန့်ရှိ သွေးလွှတ်ကြောများမှတစ်ဆင့် သွေးကိုရရှိသည်။ ထိုကဲ့သို့ သွေးလွှတ်ကြောတစ်မျှင်သည် အကြောင်းကြောင်းကြောင့် ပိတ်ဆို့မှုဖြစ်ပါက နှလုံးကြွက်သား အစိတ်အပိုင်းအချို့ သေကြေပျက်စီးကြသည်။ အကယ်၍ စာဖတ်သူသည် အညောင်းထိုင်သော ဘဝလူနေမှုပုံစံဖြင့် နေထိုင်ပြီး အဆီအဆိမ့်များသော အစားအသောက်ကို စားသုံးသူဖြစ်ပါက သွေးလွှတ်ကြော၏ အတွင်းနံရံတွင် အဆီများ၊ ကိုလက်စထရောလ်များ တဖြည်းဖြည်း ပို့လာသည်။

          သွေးလွှတ်ကြောများကို သာမန်အားဖြင့် ပုံမှန်ရှိနေသည်ဟု ယူဆနိုင်သော်လည်း နှစ်ပေါင်း ၅၀ ခန့် သက်တမ်းရှိသည့် သွေးလွှတ်ကြော၏ အတွင်းနံရံမှာ မဆင်မခြင် နေထိုင်စားသောက်မှုကြောင့် အဆီများ၊ ကိုလက်ထရောများဖြင့် တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး ပီဇာမုန့်၏ အပေါ်လွှာတွင် ဒိန်ခဲများ တင်ထားသည့်ပမာ ဖြစ်လာတော့သည်။ တစ်နည်းဆိုရသော် နှစ်ပေါင်းများစွာ ကြေး (ဂျီး) မဆေးသည့် ရေပိုက်အတွင်း သံချေးများ၊ အညစ်အကြေးများဖြင့် တစ်စစပိတ်ဆို့လာသည့် အနေအထားမျိုးဖြစ်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ခန္ဓာကိုယ်၌ မည်သည့် ကြိုတင်အချက်ပြမူကိုမှ မပြုလုပ်ဘဲ သွေးလွှတ်ကြောပိတ်ဆို့၍ နှလုံးသို့ သွေးပေးပို့ခြင်း ပြတ်တောက်ရပ်ဆိုင်းမှုကို ကြုံတွေ့ရပြီး နှလုံးဝေဒနာ အပြင်းအထန်ခံစားရမှုကို ရင်ဆိုင်ရတော့သည်။ ၎င်းမှာ ယနေ့ခေတ် ဘဝလူနေမှုပုံစံ၏ ရလဒ်တစ်ခုပင် ဖြစ်တော့သည်။

 

မည်သို့ ကုစားမည်နည်း

          ထိုကဲ့သို့ နှလုံးသွေးကြော ပိတ်ဆို့မှု မဖြစ်စေရန် မည်သို့ ကုစားကြမည်နည်း။ အများစုက အစားအသောက်ကို ဆင်ဆင်ခြင်ခြင် စားသောက်ခြင်းဖြင့် ကုစားနိုင်မည်ဟု ယူဆကြသော်လည်း အဓိကမှာ ကိုယ်လက်လှုပ်ရှား ကျန်းမာရေးလိုက်စားရန် ဖြစ်သည်။

          ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်မှ ချွေးထွက်စေပြီး ကြွက်သားများသို့လည်း ဖိအားများ သက်ရောက်စေသည်။ လှုပ်ရှားမှုကြောင့် ကြွက်သားများ ကြံ့ခိုင်သန်စွမ်းစေပြီး ၎င်းတို့မှ ထုတ်လွှတ်ပေးသော အင်ဇိုင်း Enzymes နှင့် ပရိုတင်း Protein ဓာတ်များသည် ခန္ဓာကိုယ်၏ သွေးစီးကြောင်းအတွင်း ဝင်ရောက်၍ ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့ရောက်ရှိကြသည်။ ပရိုတိန်းဓာတ်သည် သွေးကြောအတွင်း ရောင်ရမ်းမှု Inflammation ကို ထိန်းချုပ်နိုင်ပြီး ကြေပျက်မှု Decay ကို ရပ်တန့်စေ၍ အသစ်ပြန်လည်ဖြစ်ထွန်းမူ Growth ကို ဖြစ်ပေါ်စေသည်။ ၎င်း ပရိုတိန်းကို စိုက်တိုကိုင်း Cytokines ဟု ခေါ်သည်။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ၊ တစ်သျှူးများ၊ ဇီဝကမ္မဖြစ်စဉ်များ ပြောင်းလဲရာတွင် စိုက်တိုကိုင်းက ထိန်းညှိပေးသည်။

 

Credit: အောင်ဇင်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18