Print

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ

  31-Mar-2019
Preview Image

(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင်ပါသေးတယ်။ အစာအိမ်၊ သရက်ရွက် အသည်းရဲ့ ၇၅ ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ ရာခိုင်နှုန်း၊ ကျောက်ကပ်တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ် အောက်ပိုင်းက တချို့အစိတ်အပိုင်းတွေ မရှိရင်တောင် လူကောင်းတစ်ယောက်လို မဟုတ်ပေမယ့်     ဆက်ပြီးအသက်ရှင် နေနိုင်ပါသေးတယ်။

(2) လူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ အသန်မာဆုံး ကြွက်သားက လျှာဖြစ်ပြီး အမာကျောဆုံး အရိုးကတော့ မေးရိုးပါ။

(3) လူတစ်ယောက်ရဲ့ ခြေဖဝါးဟာ ခန္ဓာကိုယ်မှာ ရှိသမျှ အရိုးပေါင်းရဲ့ လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ ဖွဲ့စည်းထားပါတယ်။

(4) ခြေဖဝါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီး အဲဒီချွေးဂလင်းတွေက တစ်နေ့ကိုချွေး (1) ပိုင့်မက ထုတ်လုပ်ပါတယ်။

(5) သင့်အစာအိမ်ထဲမှာ ရှိတဲ့အစာခြေရည် (အက်ဆစ်)ဟာ သင်တုန်းဓားကိုတောင် ချေဖျက်နိုင်တဲ့အထိ ပြင်းအားရှိပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ ဘာကြောင့် မထိခိုက်စေလဲဆိုတဲ့ အကြောင်းအရင်းက - အစာအိမ်နံရံဟာ သုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက် ဆဲလ်အသစ်တွေနဲ့ အလိုလို အစားထိုး နေလို့ပဲဖြစ်ပါတယ်။

(6) နှာချေလိုက်တဲ့အခါ ထွက်လာတဲ့ အမှုန်အစက်တွေဟာ တစ်နာရီကို 100 mph နှုန်းအထိရှိပြီး၊ ချောင်းဆိုးတဲ့အခါမှာတော့ 60 mph နှုန်း အထိ လျှင်မြန်ပါတယ်။

(7) သင့်ခန္ဓာကိုယ်ရဲ့ သာမန်အပူချိန်ဟာ မိနစ် (၃၀) အတွင်းမှာ (၁)ဂါလံရှိတဲ့ ရေကို ပွက်ပွက်ဆူအောင် တည်ဖို့လုံလောက်ပါတယ်။

(8) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ(၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။

(9) ထပ်တူညီ အမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြပါတယ်။

(10) ကလေးငယ်ဘဝမှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့ လေးပုံတစ်ပုံ အချိုးအစားနဲ့ညီမျှပြီး အသက် (၂၅) နှစ် ရောက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ရှစ်ပုံတစ်ပုံမျှပဲ ရှိပါတော့တယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ဇီဝကမ္မ ဖြစ်စဉ်မှာ ဦးခေါင်းရဲ့ကြီးထွားမှုနှုန်းဟာ ခန္ဓာကိုယ်ရဲ့ ကြီးထွားနှုန်းထက် နှေးကွေးနေလို့ပဲဖြစ်ပါတယ်။

(11) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော် ပါရှိပေမယ့် အရွယ်ရောက်လာတဲ့ အခါမှာတာ့ (၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလို တချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလို ဆက်သွားတဲ့အတွက် အရေအတွက် လျော့နည်းသွားတာ ဖြစ်ပါတယ်။

(12) ကိုယ့်ကိုယ်ကို ကလိပြန်ထိုးလို့ မရနိုင်ပါဘူးတဲ့ ။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုးစားလိုက်ပြီ ဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျ သိနေတဲ့အတွက် မယားပဲနေနိုင်တာပါ ....တဲ့။

(13) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကို မှတ်သားထားနိုင်ပါတယ် ။ ဒါပေမယ့် သင်ဟာ အမျိုးသမီးတစ်ဦး ဖြစ်မယ်ဆိုရင်တော့ ဘဝတစ်လျှောက်လုံး အမျိုးသားတွေထက် အနံ့ခံအာရုံ ပိုကောင်းဖို့ အလားအလာရှိပါတယ်။

(14) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကို ဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀) ခန့် ရှည်လျားပါတယ်။

(15) ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ များသောအားဖြင့် ပထမသုံးလပတ် အတွင်းမှ (၁) ဖား (၂) တီကောင်နဲ့ (၃) အပင်စိုက်ထားတဲ့အိုး စတဲ့အိပ်မက် (၃) မျိုးကို မက်လေ့ရှိပါတယ်။ ဘာကြောင့်ရယ်လို့ အတိအကျ အတည်မပြုနိုင်သေးပေမယ့် သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ ခန္ဓာကိုယ်ကထွက်တဲ့ ဟော်မုန်းတွေရဲ့ အချိုးအစားမမျှတမှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။

(16) ဆံပင်တစ်ချောင်းရဲ့ ပျမ်းမျှသက်တန်းဟာ (၆) နှစ်ကနေ (၇) နှစ်အထိရှိပြီး သာမန်လူတစ်ယောက်ဟာ တစ်နေ့မှာ ဆံပင်အချောင်းရေ (၆၀ကနေ (၁၀၀) ကြား ကျွတ်ထွက်လေ့ရှိပါတယ် ။

(17) လူ့ဦးနှောက်မှတ်ဉာဏ် ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အလက်တွေကို သိုမှီးထားနိုင်စွမ်း ရှိပါတယ်။ ဦးနှောက်ရဲ့ (၈၀) ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက်ဆီဂျင်ရဲ့ (၂၀) ရာခိုင်နှုန်းကို အသုံးပြုပါတယ်။ ခန္ဓာကိုယ်မှာ ခံစားရတဲ့ နာကျင်မှုမှန်သမျှကို ဦးနှောက်သိရှိ ခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ် ဆိုရင်တော့ နာကျင်မှုကို မခံစားမသိရှိနိုင်ပါဘူး ..... တဲ့။

(18) “သွား” ဆိုတာ ခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည် ထူထောင်ရေး မပြုလုပ်နိုင်တဲ့ တစ်ခုတည်းသော အစိတ်အပိုင်းပါ။

(19) သင့်မျက်လုံးဟာ မိခင်ဝမ်းက ကျွတ်လွတ် လာတာနဲ့ကြီးထွားမှု ရပ်တန့်သွားပြီး နှာခေါင်းနဲ့နားရွက်ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီး ထွားလာလေ့ရှိပါတယ်။

(20) အသက်(၆၀)ရှိတဲ့အခါမှာ - အမျိုးသားတွေရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ (၄၀)ရာခိုင်နှုန်းဟာ အိပ်ပျော်တဲ့အခါ ဟောက်တတ် လာပါတယ်။

(21) ကျနော်တို့တွေဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ(၁)စင်တီမီ တာလောက် အရပ်ပိုရှည် နေလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ် အရိုးအဆစ် တွေဟာ နေ့ခင်းပိုင်းမှာ ပုံမှန်အတိုင်း ရှိနေပေမယ့် ဒူးအတွင်းမှာ ရှိတဲ့အရိုးနုနဲ့တချို့အရိုးတွေဟာ တစ်နေ့ခင်းလုံး ဖြေးဖြေး ချင်းဖိနှိပ်ခံထားတဲ့ဒဏ်ကြောင့် ညနေပိုင်းမှာအနည်းငယ် ကျုံ့ဝင်သွားတဲ့ အတွက်ဖြစ်ပါတယ်။ ညပိုင်းအိပ်စက် အနားယူလိုက်တဲ့အခါ ဒူးဆစ်အရိုးနု နဲ့တခြားအရိုးတွေ ပြန်ဆန့်ထွက်လာပြီး ပုံမှန်ဖြစ်သွားလေ့ရှိပါတယ်။

(22) အိပ်ပျော်နေစဉ် အခိုက်အတန့်မှာတောင် မှ ဦးနှောက်ဟာ (10)watt မီးလုံးတစ်လုံးရဲ့ ပမာဏနဲ့ ညီမျှတဲ့စွမ်းအင်ကို အဆက်မပြတ် ထုတ်လွှတ်နေပါတယ် ။ တခြားအကြောင်းအရာ တစ်ခုအနေနဲ့ကတော့ ... ဦးနှောက်ဟာ နေ့ခင်းထက် ညဘက် မှာသာအလုပ်ပို လုပ်လေ့ရှိပါသတဲ့။

(23) လက်ခလည်မှာရှိတဲ့ လက်သည်းခွံဟာ ရှည်လျားမှုနှုန်းအမြန်ဆုံး ဖြစ်ပါတယ်။

(24) မျက်နှာပြင် တဝိုက်ပေါက်တဲ့ အမွေးအမျှင်တွေဟာ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ပေါက်တဲ့အမွှေးအမျှင်ထက် ရှည်လျားမှု နှုန်းမြန်ဆန်ပါတယ် ဒီအချက်ဟာ အမျိုးသားရောအမျိုးသမီးမှာပါ တူညီတဲ့အချက်ဖြစ်ပါတယ် ။

(25) လူ့အရေပြားမှာပေါက်တဲ့ အမွေးအမျှင်ဟာ ချင်ပန်ဇီ မျောက်တစ်ကောင်ရဲ့ အမွေးအမျှင်နဲ့ အရေအတွက် ညီမျှပါတယ် ။

(26) သန္ဓေသား ဘဝသုံးလအရွယ်မှာ လက်ဗွေရာ စတင်ထင်ရှားပါတယ် ။

(27) အသက်ခြောက်ဆယ် ရောက်တဲ့အခါ လူအများစုရဲ့လျှာမှာရှိတဲ့ အရသာခံဖု (၅၀)ရာခိုင်နှုန်းမျှ ပျက်စီးသွားလေ့ရှိကြပါတယ်။

(28) ပိုပြီးအေးမြတဲ့ နေရာမှာအိပ်လေ ... အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်း ပိုများလေ ...။

(29) အရေပြားအောက်မှာ သွေးကြောငယ်ပေါင်းမြောက်များစွာ စုစည်းနေ တဲ့အတွက် နှုတ်ခမ်းဟာ အခြားနေရာထက် နီမြန်းတဲ့အရောင်ဖြစ်နေတာပါ။

(30) မိနစ်တိုင်းမိနစ်တိုင်းမှာ ခန္ဓာကိုယ်ပေါ်က မီလျံသန်းတစ်ရာမျှသော ဆဲလ်တွေဟာ သေဆုံးနေကြပါတယ်။

(31) တစ်ယောက်နဲ့တစ်ယောက် လက်ဗွေရာချင်း မတူညီနိုင်သလို လူသား တိုင်းမှာ မတူညီတဲ့ လျှာတစ်ချောင်းစီ ရှိကြပါတယ် ။ (စိတ်ဝင်စားမယ်ဆို ရင်နိုင်ငံသားစိစစ်ရေး ကတ်ပြားမှာ လက်ဗွေရာအစား လျှာဗွေရာနှိပ်ဖို့ လွှတ်တော်ကို အဆိုတင်သွင်းနိုင် ပါတယ် ။ )

(32) ခေါင်းဖြတ်ခံလိုက် ရရင်တောင်မှ အဲဒီဦးခေါင်းဟာ(၁၅)စက္ကန့်ကနေ စက္ကန့်(၂၀)လောက်အထိ အသိစိတ်ရှိ နေနိုင်ပါသေးသတဲ့။ (သူများပြောတာမယုံရင် ကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်။)

(33) လူတစ်ယောက်ဟာ မအိပ်ပဲနေတာထက် အစာမစားဘဲ ပိုပြီးကြာကြာ အသက်ရှင်နေနိုင်ပါတယ်။ ရေတစ်မျိုးပဲ သောက်ရမယ်ဆိုဦးတော့ ...ခန္ဓာကိုယ်အချိုးအစားနဲ့ တခြားအချက်အလက်တွေပေါ် မူတည်ပြီး သာမန်လူတစ်ယောက်ဟာ အစာမစားဘဲ တစ်လနှစ်လလောက် အသက် ရှင်သန်နိုင်ပါတယ်။ ဒါပေမယ့် ရက်အနည်းငယ် အိပ်ရေးပျက်လိုက်ခံရုံနဲ့ အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေ သိသိသာ သာပြောင်းလဲသွားနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ချက် မှတ်တမ်းများအရ အကြာဆုံး မအိပ်စက်ပဲ နေထိုင်နိုင်ခဲ့တဲ့ စံချိန်ကတော့ (၁၁)ရက်ဖြစ်ပါတယ် ။ ဒီလက်တွေ့စမ်းသပ်ချက် အပြီးမှာတော့ အစမ်းသပ်ခံလူသားဟာ စကားထစ်ခြင်း ၊ ထင်ယောင်ထင်မှား ဖြစ်ခြင်း နဲ့ ကိုယ့်ကိုယ်ကိုမကြာခန ဘာလုပ်နေမှန်း မေ့လျော့ခြင်းတွေကို ခံစားရကြောင်း တွေ့ရှိရပါတယ်။

(34) သင့်နားရဲ့ လျှို့ဝှက်ချက်ကတော့ သာမန်အချိန်ထက်စာရင် ကြောက်လန့်နေတဲ့အချိန်မှာ ပိုမိုစိုစွတ်နေလေ့ရှိပါသတဲ့ ... ။

(35) ကမ္ဘာပေါ်မှာ အတွေ့ရအများဆုံး သွေးအမျိုးအစားက (O) အိုသွေးဖြစ်ပြီး အရှားပါးဆုံး သွေးအမျိုးအစားကတော့(A-H) ခေါ် ဘုံဘေသွေး အမျိုး အစားဖြစ်ပါတယ်။ နေရာဒေသနဲ့ဆက်နွယ်ပြီး စတင်တွေ့ရှိခဲ့ချိန်ကနေ ယခုအချိန်ထိရှာတွေ့ခဲ့သမျှ လူဦးရေဟာ ရာဂဏန်းမျှသာရှိသေးပါတယ် ။

(36) ညာသန်တွေဟာ ဘယ်သန်တွေထက်ပျမ်းမျှ သက်တန်း(၉)နှစ်ခန့် ပိုမိုရှည်လျားလေ့ ရှိကြပါတယ် ။ လူ့အသုံးအဆောင် ပစ္စည်းတွေနဲ့ စက် ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက်သာ ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့အတွက် ၊ ဘယ်သန်တွေ အသုံးပြုတဲ့အခါ မတော်တဆ ထိခိုက်ဒဏ်ရာခြင်း ၊ အသက်ဆုံးရှုံးခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။ စာရင်းများအရ မတော်တဆ ထိခိုက်မှုပေါင်းများစွာဟာ ဘယ်သန်တွေကြောင့် ဖြစ်ပေါ်ခဲ့ပြီး တစ်နှစ်အတွင်းမှာ ထောင်ပေါင်းများစွာသော ဘယ်သန်တွေ အသက်ဆုံးရှုံး နေလေ့ရှိပါတယ်..တဲ့ ။

(37) Koalas (သြစတေးလျသစ်ရွက်စား ဝက်ဝံမျိုး) လို့ခေါ်တဲ့ နို့တိုက်သတ္တဝါ တစ်မျိုးတည်းသာ တစ်ကောင်နဲ့တစ်ကောင်တူညီတဲ့ လက်ဗွေရာရှိတတ် ကြပါတယ်။

(38) လူတစ်မျိုးတည်းသာ ခံစားချက်ကြောင့် မျက်ရည်ကျတတ်တဲ့ သတ္တဝါဖြစ်ပါသတဲ့ ... ။

(39) လူ့နှလုံးဟာ ပေသုံးဆယ်အမြင့်ထိရောက်အောင် သွေးတွေကိုပန်း ထုတ်နိုင်လောက်တဲ့ ညှစ်အားရှိပါတယ်။ 

ဒါကတော့ နောက်ဆုံးအချက် ... မိန်းကလေးတွေအတွက်ပါ ... ။

(40) ပြုံးဖို့အတွက် မျက်နှာကြွက်သား(၁၇)ခုအသုံးပြုရပြီး မျက်မှောင်ကြုတ် ဖို့အတွက် (၄၃)ခု အသုံးပြုရပါတယ်။ ဟုတ်ကဲ့ .... လက်တစ်ဖက်လုံးကို မ ပြီးအားနဲ့လွှဲရိုက်လိုက်ဖို့ ဆိုရင်တော့ ကြွက်သား(၄)ခုပဲသုံးစရာလိုပါတယ်တဲ့။ မြှောက်ပေးတယ်လို ့
မထင်ရင် မလိုလားအပ်ပဲ ကယ်လိုရီတွေမကုန်ရအောင် အကြံဉာဏ် တစ်ခုလောက်ပေးချင်ပါတယ်။ တကယ်လို့များပေါ့ ... ကိုယ်လုံးဝ မနှစ်သက်တဲ့ ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကို သိပ်အနှောင့်အယှက်ပေးနေမယ်ဆိုရင် အားနာပါနာနဲ့လည်း ပြန်ပြုံးပြမနေပါနဲ့။ မကြိုက်မနှစ်သက်ကြောင်းလည်း အမူအရာနဲ့မျက်မှောင်ကြုတ် ပြမနေပါနဲ့ ...။ အလွယ်ဆုံးနည်းဖြစ်တဲ့ ... ကြွက်သားလေးခုကို အသုံးပြုပြီး ..အားရပါးရသာ ... Slap လိုက်ပါ...လို့ ...

Credit : Myanmar Online News

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။







Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18