Print

ဂရုစိုက်သင့်တဲ့ အရွယ်

  19-Mar-2019
Preview Image

          ဘိုးဘိုးဘွားဘွားတွေ၊ အသက်အရွယ်ကြီးလာပြီဖြစ်တဲ့ ဖေဖေမေမေတွေကို ပိုင်ဆိုင်ထားတဲ့ ကျွန်မတို့လို သားသမီးမြေးမြစ်တွေက အလွန်ကို ကံကောင်းသူတွေကို ဆိုရမှာပါ။

          သူတို့ကို ကြည့်ရှု့စောင့်ရှောက်ရင်း၊ ကူညီဖေးမရင်း၊ သူတို့ရဲ့နေဝင်ချိန်ကို ပျော်ရွှင်စွာ ကုန်ဆုံးစေရင်း ကုသိုလ်ယူနိုင်အောင်လို့ ဒီစာလေးကို ရေးဖြစ်ပါတယ်။ ဘိုးဘွားမိဘတွေအတွက် ဂရုစိုက်ပေးသင့်တဲ့ ကျန်းမာရေး လက္ခဏာလေးတွေကတော့ ဒီလိုပါ။


ခဏခဏ မောနေတာလား

          ဒီလိုဝေဒနာမျိုးက အသက်အရွယ်ကြောင့် ဖြစ်တာ မဟုတ်ဘဲနဲ့ သွေးတွင်းအဆီတွေများနေတာ ဒါမှမဟုတ် နှလုံးဝေဒနာတွေနဲ့ သက်ဆိုင်နေတက်ပါတယ်။ ပင်ပန်းတကြီး လုုပ်ကိုင်ထားလို့ မောနေတာမျိုးကတော့ မပြောလိုတော့ပါဘူး။ အဲဒီလို ခဏခဏမောနေတာ၊ အားအင်ချည့်နဲ့သလိုဖြစ်နေတာဆိုရင် သူတို့တွေကို ဂရုတစိုက်နဲ့ Medical Check Up လေး လုပ်ပေးဖို့ သင့်ပါတယ်။ နောက်ပြီး နှလုံးငြိမ်စေတဲ့ အစားအသောက်မျိုးတွေကိုပဲ စားသောက်စေပြီး ကဖင်းဓာတ်များများပါတဲ့ လက်ဖက်ရည်တို့၊ ကော်ဖီတို့ကိုတော့ တက်နိုင်သလောက် လျှော့ပေးပါ။ တစ်သက်လုံးက သောက်လာတာ ဘာမှမဖြစ်ပါဘူးဆိုတဲ့ ဘိုးဘိုးဘွားဘွားတွေကိုလည်း တစ်နေ့ လေးငါးခွက်အစား လက်ဖက်ရည်သိပ်သောက်ချင်လွန်းရင် လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်စာလောက်ကိုပဲ အကျရည်လေး လျှော့ပြီး တိုက်ပါ။ သိပ်လည်း မချိုစေနဲ့ဦးနော်။ တော်ကြာ ဆီးချိုသွေးချိုပါ လက္ခဏာ ပြနေမှ ဒုက္ခ။


မလုပ်ချင် မကိုင်ချင်လောက်အောင် ပင်ပန်းနွမ်းနယ်နေပြီလား

          ဒါကတော့ ဘိုးဘွားတွေမှ မဟုတ်ပါဘူး။ ကျွန်မတို့လည်း တစ်ခါတလေ ကိုယ်ရဲ့ဘက်တွေ ခြေထောက်တွေကိုတောင် အသယ်ချင်လောက်အောင်ကို ပင်ပန်းနေတက်ကြတာပါပဲ။ အဲဒီလို မဖြစ်ခင်က အလုပ်တွေကို ပင်ပန်းနေတက်ကြတာပါပဲ။ အဲဒီလို မဖြစ်ခင်က အလုပ်တွေကို ပင်ပင်ပန်းပန်း မနားတမ်း သုံးလေးရက်လောက် ဆက်တိုက်လုပ်ထားတာမျိုး၊ တချို့ ဘွားဘွားတွေဆို ကိုယ့်အဝတ်အစားကိုယ်လျှော်လိုက်ရမှ၊ ကိုယ့်ဝေယျာဝစ္စကိုယ်လုပ်လိုက်ရမှ ကျေနပ်တက်ကြတာတွေလည်း ရှိတာမို့ အဲဒီလိုမနားတမ်း ကိုယ့်ကိုယ်ကိုယ်ခိုင်းနေရင် ဖြစ်မှာပါပဲ။ နောက်ပြီးတော့ စိတ်ဖိစီးမှုကလည်း ဘိုးဘွားတို့ိုကို ပင်ပန်းနွမ်းနယ်စေပါသတဲ့။ လိုအပ်တာထက်ပိုပြီး အားအင်ချည့်နဲ့ နွမ်းနယ်နေတာမျိုး၊မှိုင်တွေ ငေးမှိုင်နေတာမျိုးဆိုရင်တော့ ကိုယ့်အဘိုး၊ ကိုယ့်အဘွားကို စိတ်ချမ်းသာအောင်သာ ထားပေတော့လို့။


လက်ချောင်းလေးတွေက ဖျစ်ခနဲ၊ အဆစ်လေးတွေက ဆက်ခနဲ ဖြစ်ရင်း နာကျင်မှုကို  ခံစားနေရပြီလား

          ဒီလိုခံစားနေရတာဆိုရင် ဆေးခန်း၊ ဆေးရုံ နီးစပ်ရာကို လိုက်ပို့ပြီး အရိုးကြောအဆစ်ဆရာဝန်နဲ့ ပြသတတိုင်ပင်သင့်ပါပြီ။

          ဒီအသက်အရွယ်တွေက အရိုးပါးတာတို့၊ အရိုးပွတာတို့ကို ဂရုစိုက်သင့်ပြီဆိုတော့ အလေးအပင်တွေ  သိပ်ပြီး မမစနေဲ့တော့ပေါ့။ မြေတွေ၊ မြစ်တွေ ထိန်းတဲ့ ဘိုးဘိုးဘွားဘွားတွေဆိုရင်တော့ ပိုပြီး သိသာပါတယ်။ ကျွန်မအမေဆို မြေးတွေ ထိန်းတော့ လက်ကောက်ဝတ်တစ်ခုဆို ဖျစ်ခနဲ ဖျစ်ခနဲ မြည်မြည်နေတက်ပြီး ခုထိ နာတာကို မပျောက်နိုင်တော့ဘူး။ အဲဒါကြောင့် သက်ကြီးရွယ်အိုရှိတဲ့ အိမ်တွေမှာဆို သူတို့ကို အမြဲသတိထားပြီး ကိုယ်က သတိပေးနိုင်မှ တော်ကာကျပါလိမ့်မယ်။


မနာကျင်ဘဲနဲ့ တဖြည်းဖြည်း ခါးကိုင်းလာပြီလား

          သေချာပါတယ်။ ဒါဆိုရင်တော့ ခါးရိုးဆစ်လေးတွေက တဖြည်းဖြည်းပွလာတဲ့အခါကျတော့ ကျိုးလို့ ကျိုးမှန်းမသိတော့ဘဲ ကျိုးလာတာဖြစ်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းရဲ့ဝိတ်ကို မထိန်းနိုင်တော့ဘဲ ကိုင်းကိုင်းလာတက်တာ ဖြစ်ပါတယ်။ ဒါကြောင့် အသက်သုံးဆယ်ကျော်လာပြီးဆိုတာနဲ့ ကယ်လ်ဆီယမ်ဓာတ်တွေကို ဖြည့်စွက်ပေးဖို့လိုသလို တစ်နေ့တာ လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်အာဟာရတွေကိုလည်း ပုံမှန် မှီဝဲပေးနေဖို့ လိုပါတယ်။


ဆံပင်တွေဖြူပြီး ထိပ်တွေ ပြောင်လာပြီလား

          အသက်ကြီးလာပြီဆိုတော့ ဟော်မုန်းတွေ အားနည်းလာပြီလေ။ ထိပ်ပြောင်နေတဲ့ဘိုးဘိုးတွေတွေ့ဖူးမှာပေါ့။ အဲလိုဖြစ်နေတာကတော့ သိပ်ပြီး စိုးရိမ်စရာ အခြေအနေမဟုတ်ပါဘူး။ ဒါပေမဲ့ တချို့ Sensitive ဘိုးဘိုးဘွားဘွားတွေကတော့ သူတို့ကိုယ် သူတို့ အလှပျက်ပါပြီဆိုပြီး စိတ်ဖိစီးနေတတ်တာကြောင့် ဒါဟာ ဘာမှအရေးမကြီးပါဘူးဆိုတာကိုတော့ နှစ်သိမ့်ပေးဖို့ လိုမယ်နော်။


ပူတစ်ခါ အေးတစ်လှည့်နဲ့ အပူအအေးမမျှသလို ဖြစ်နေပြီလား

          သွေးဆုံးကိုင်လက္ခဏာတွေထဲမှာ ပါတဲ့ ဒီလိုမျိုး ခန္ဓာကိုယ အပူအအေးမမျှတာက အသက်ငါးဆယ်ကျော် ဘွားဘွားတွေမှာ ဖြစ်တက်တယ်လေ။ တချို့က သိပ်ပြီး မဆိုးလှပေမဲ့ တချို့ကျတော့လည်း ဘယ်လိုမှနေလို့ ထိုင်လို့မရအောင် ဖြစ်တက်ပါတယ်။ အဲဒီအခါမျိုးကျရင်တော့ ဘွားဘွားတွေကို ချင်းနဲ့ သကြားလေးနဲ့ နေ့တိုင်းပုံမှန် လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးစာလောက် တိုက်ပေးပါ။ မြန်မာ့ရိုးရာနည်းဖြစ်တဲ့ နနွင်းလုံးကို ပုံမှန်တိုက်ပေးပါ။ အာဟာရ ပြည့်ဝအောင် ကျွေးမွေးပြုစုစောက်ရှောက်ပါလို့ ပြောချင်ပါတယ်။


ရေချိုးရင်လည်း သတိရှိပါစေ

          ရေချိုးရင်း ချော်လဲတာ ဦး….ဘယ်သူကတော့ တစ်ခါတည်း သတိပြည်မလည်လာတော့ဘူးလို့၊ ဒေါ်…..ဘယ်သူကတော့ ဦးနှောက်သွေးကြောပေါက်သွားတာတို့ ကြားဖူးမှာပါ။ ဒါကြောင့် ဘိုးဘွားတို့ ရေချိုးတဲ့အခါ သတိရှိပါ။ အိမ်သားတွေကလည်း တက်နိုင်သလောက် ဂရုစိုက်ပေးကြစေချင်ပါတယ်။ ကျွန်မအဘိုးနဲ့အမေ၊ ကျွန်မရဲ့အဘွားဆိုရင် ရေချိုးရင်းနဲ့ ဦးနှောက်သွေးကြောပေါက်တာလား၊ ဘာလား (အဲတုန်းကတော့ ငယ်လို့ သေချာမသိခဲ့ပေ့မဲ့) ဆေးရုံနှစ်ရက်လောက် တက်ပြီး ဆုံးသွားရော။ ကြောက်စရာကောင်းပါတယ်။ နောက်ပြီး ပူလွန်း၊ အေးလွန်းတဲ့ရေကို မချိုးပါစေနဲ့။ ခန္ဓကိုယ်ရဲ့ ခံနိုင်ရည်စွမ်းအားတွေ တဖြည်းဖြည်း နည်းပါးလာတဲံ အသက်အပိုင်းအခြားမို့ ဂရုစိုက်နိုင်မှ တန်ကာကျပါလိမ့်မယ်။


အာဟာရဓာတ်တွေ ပြည့်ဝနေပါစေ

          အသက်အရွယ်ကြီးူလာတာနဲ့အမျှ မစားချင်၊ မသောက်ချင် ဖြစ်တက်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ ဖြည့်သင့်တဲ့ အစာအဟာရလေးတွေကိုတော့ ဖြည့်စွက်ပေးရမှာတော့ အမှန်ပါပဲ။ လိုအပ်တဲ့ အာဟာရဓာတ်တွေက……


တစ်နေ့တာ ကယ်လိုရီလိုအပ်ချက်က ၁၈၀၀ နဲ့ ၂၀၀၀ ကြားစားပေးရပါမယ်။

လတ်လတ်ဆတ်ဆတ် အသီးအနှံ၊ အသီးအရွက်၊ လတ်ဆတ်တဲ့အသား၊ ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ စေ့အဆန်တွေ၊ အခွံမာသီးတွေနဲ့ ကြက်ဥ၊ ဘဲဥတွေ ထဲကတော့ တစ်နေ့ကို မပါမဖြစ်နှစ်မျိုးလောက်တော့ ပါအောင် စားပေးသင့်ပါတယ်။

အိုမီဂါ သရီးဖက်တီးအက်ဆစ်ပြည့်ဝတဲ့ အစားအသောက်တွေက အသက်ငါးဆယ်ကျော် အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ မီးယပ်သွေးဆုံးချိန်မှာ အဖြစ်များတဲ့ ညဘက်ချွေးထွက်များခြင်း၊ ပူလိုက်အေးလိုက် ဖြစ်ခြင်းလိုမျိုး လက္ခဏာကို လျော့ပါးသက်သာစေတာမို့ ထည့်သွင်းစားသောက်ပေးသင့်ပါတယ်။

ပဲပိစပ်တို့ ၊ တို့ဟူးတို့ ပုန်းရည်ကြီးတို့၊ ပဲနို့တို့လိုမျိုး ပဲပိစပ်က ထုတ်တဲ့ အာဟာရဓာတ်တွေက ဟော်မုန်းကို ထိန်းညှိ ပေးနိုင်တဲ့ အစားအစာဖြစ်လို့ အသက်ငါးဆယ်ကျော် အမျိုးသမီးတွေနဲ့ အထူးသင့်လျော်ပါတယ်။

အရိုးအဆစ်ကျန်းမာရေးအတွက် နို့နဲ့ နို့ထွက် ပစ္စည်းတွေ စားသောက်ပေးသင့်သလို ဗီတာမင်ဒီဓာတ်ရအောင် မနက်ခင်းစောစော နေရောင်ခြည်လေးမှာ လမ်းလျှောက်ပေးခြင်းဖြင့်လည်း ရယူနိုင်ပါတယ်။


ဘိုးဘွားတို့ကို ဝင်လေထွက်လေ အသိနဲ့ အမှတ်လေးတွေကို ပြောပြပေးပါ။

ဒါကတော့ ဆရာကြီး၊ ဆရာမကြီးလုပ်တာ မဟုတ်ပါဘူးလို့လည်း ကြိုပြီး စကားထောက်ခံထားဦးနော်။ သူတို့က အသက်ကြီးလာတာနဲ့အမျှ စိတ်တို၊ စိတ်ဆတ်လွယ်တာမျိုးမို့ သူတို့ကို မိကျောင်းမင်းရေကင်းပြတာတို့ ၊ နွားရှေ့ ထွန်ကြူးတာတို့ဆိုပြီး စိတ်ဆိုးတတ်ကြပါတယ်။ တရားအသိ၊ အမှတ်သတိ လေးတွေနဲ့ ဘဝရဲ့ လက်ကျန်အချိန်တွေကို စိတ်ချမ်းမြေ့သာယာစွာနဲ့ ဖြတ်ကျော်ဖို့ ပြောတတ်ရမှာက သင့်ရဲ့ “ချစ်စေလိုလည်း ခံတွင်းလက်လေးသစ်၊ မုန်းစေလိုလည်း ခံတွင်းလက်လေးသစ်” လေးပါလို့ ပြောကြားရင်း ဘိုးဘိုးဘွားဘွားမိဘတွေကို အကောင်းဆုံး ပြုစုစောင့်ရှောက်နိုင်တဲ့သူတွေ ဖြစ်ကြပါစေ။


Credit မယ်မဒီ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18