Print

စပျစ်သီးသန္ဓေ (Molar Pregnancy) အကြောင်း သိကောင်းစရာ

  27-Mar-2019
Preview Image

ဒီတစ်ခါတော့ အမျိုးသမီးတွေအတွက် စပျစ်သီးသန္ဓေအကြောင်းကို တင်ပြပေးလိုက်ပါတယ်။ စပျစ်သီးသန္ဓေကို Molar Pregnancy လို့လည်းခေါ်ကြပါတယ်။ ရှားပါးတဲ့ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် အဖြစ်လည်း မများပါဘူး ။ တချို့ကတော့ ဒီရောဂါအကြောင်းကို ကြားဖူးယုံသာကြားဖူးပြီး တချို့ကတော့ လုံးဝကို မသိကြပါဘူး။ စပျစ်သီးသန္ဓေကို နောက်တစ်မျိုး Vesicular Mole လို့လည်း ခေါ်ကြပါသေးတယ်။

စပျစ်သီးသန္ဓေဆိုတာဘာလည်း

အမျိုးသားဆီက ဖိုမျိုးစေ့နဲ့ အမျိုးသမီးဆီက မမျိုးစေ့တို့ ပေါင်းစပ်ထိတွေ့တယ်ဆိုရင်ပဲ ဇီဝကမ္မဖြစ်စဉ် Physiology နည်းအရ ကိုယ်ဝန်ဆိုတာဖြစ်လာရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်မရင့်သေးခင် အစောပိုင်းမှာ မှားယွင်းမှု၊ ဖောက်ပြန်မှု၊ အားနည်းမှု တစ်ခုခုကြောင့် အချင်းစတင်ဖြစ်ပေါ်ခြင်းအပေါ် အဓိကကျတဲ့ ပြောင်းလဲမှုတွေကြောင့် သန္ဓေသားဖြစ်ပေါ်လာရမယ့်အစား စပျစ်သီးလိုမျိုး ရေအိတ်အလုံးလေးတွေ ဖြစ်ပေါ်လာတဲ့ ကိုယ်ဝန်ကို စပျစ်သီးသန္ဓေလို့ခေါ်ပါတယ်။

စပျစ်သီးသန္ဓေအမျိုးအစားတွေက ဘာတွေလည်း

ရောဂါရဲ့ ရာနှုန်းပြည့် စပျစ်သီးကဲ့သို့ အလုံးအပြွတ်လေးများသာ တွေ့ရပါတယ် ။ အချို့ကတော့ ရေအိတ် အလုံးလေးတွေနဲ့ အချင်းကို တွဲဖတ်ပြီးတွေ့ရပါတယ်။ အချို့ကတော့ ရေအိတ်အလုံးငယ်လေးတွေနဲ့ သန္ဓေသားကို ရေထွေးပြီး တွေ့ရတတ်ပါတယ်။
အရှေ့တိုင်းနိုင်ငံသူတွေက အနောက်ဥရောပ သူတွေထက် အဖြစ်များပြီး အရှေ့ တိုင်းနိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်ချိန် ၅ဝဝ မှာ တစ်ယောက်နှုန်းလောက်ပဲ ဖြစ်တတ်ပါတယ်။ ကျန်တဲ့ နိုင်ငံတွေမှာတော့ ကိုယ်ဝန်ဆောင် ၂ဝဝဝ မှ ၃ဝဝဝ လောက်မှာမှ
တစ်ယောက်လောက်သာ ဖြစ်တတ်ပါတယ်။

စပျစ်သီးသန္ဓေဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလည်း

ယခုအချိန်အထိ ဖြစ်ပွားစေတဲ့အကြောင်းအရင်းကို အတိအကျ မသိရသေးပါဘူး။ ဖြစ်နိုင်တဲ့အချက်တွေကတော့

၁။ ဖိုမျိုးစေ့နဲ့ မမျိုးစေ့ ဓါတ်ခံအား မတူ၍ မတည့်၍သော်လည်းကောင်း
၂။ အစားအသောက်နဲ့အာဟာရ မတူ ချို့တဲ့ကြ၍ လည်းကောင်း
၃။ ရာသီဥတု အနေအထားကြောင့်လည်းကောင်း
၄။ အခြားအကြောင်းအမျိုးမျိုးကြောင့်လည်းကောင်း ဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇနဲ့တော့ ဆက်စပ်မှု မရှိပါဘူး။

ပြသတဲ့ လက္ခဏာတွေတွေက ဘာတွေလည်း

ကိုယ်ဝန်ဆောင်ချိန်ပထမပိုင်း 1st Trimester မှာ အဖြစ်များပါတယ် ။ ဒါပေမယ့် နောက်တွဲကိုယ်ဝန်ကျမှလည်း ဖြစ်ပွားတာတွေရှိပါတယ်။

၁။ သာမန်ကိုယ်ဝန်ကဲ့သို့ ဓမ္မတာသွေးထိမ်ခြင်း
၂။ ဆီးစစ်ရာတွင် နှစ်ကြောင်းပေါ်ခြင်း
၃။ ကိုယ်ဝန်ဆောင်ချိန်ခံစားရလေ့ရှိသော အော်ကလီဆန်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်းများ ပိုမိုဖြစ်ခြင်း
၄။ ကိုယ်ဝန်ရှိပြီး မကြာမီ သွေးမကြာမကြာဆင်းခြင်း
၅။ ကလေးလှုပ်ချိန်တွင် ကလေးမလှုပ်ခြင်း
၆။ သားအိမ်အရွယ်အစားနဲ့ အမြင့်မှာ သွေးထိမ်သည့်လထက် ပိုမိုကြီးထွားမြင့်တက်နေခြင်း (ရှိသင့်သည့်အရွယ်နှင့် ရှိသင့်သည်ထက် သေးငယ်နေခြင်း) စသည်တို့ပဲ ဖြစ်ပါတယ် ။

ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်မလည်း

ဗိုက်ကို ကျွမ်းကျင်တဲ့ဆရာဝန်နဲ့စမ်းသပ်ခြင်း ၊ Ultrasound ရိုက်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ သိနိုင်ပါတယ်။ တခါတရံ သွေးဆင်းရာမှာ စပျစ်သီးကဲ့သို့ အလုံးလေးတွေ သွေးခဲတွေနဲ့အတူ ပါလာတတ်ပါတယ်။

စပျစ်သီးသန္ဓေကို ဘယ်လိုကုမလည်း

သွေးမဆင်းမီနဲ့ ကိုယ်ဝန်ပျက်မကျမီ သိရှိခဲ့ရင်တော့ ထွက်ကျလာအောင် ဆေးပေးဆေးသွင်းရပါတယ်။ သားအိမ်ကို ချဲ့ပြီး သားအိမ်ခြစ်ခြင်း လေစုပ်စက်နဲ့ စုပ်ယူခြင်း (Vacuum suction Curettage ) တို့ဖြစ်ပါတယ် ။ လူနာဟာ အသက် ၄ဝ ဝန်းကျင်လည်းဖြစ်မယ် မိသားစုလည်း စုံလင်မယ် သားသမီးတွေလည်းရှိထား တယ်ဆိုရင်တော့ အဲဒီလိုလူနာတွေအတွက် နောက်ဆုံး သားအိမ်ထုတ်ခြင်းနည်းနဲ့ ကုသနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မျက်စိနဲ့ စပျစ်သီးလိုမျိုး အလုံးလေးတွေတွေ့နေရတယ်ဆိုသော်လည်း ဓါတ်ခွဲခန်းကို ပို့ပြီးသေချာစီစစ်ဖို့လိုပါတယ်။ တချို့က တစ်ပိုင်းကင်ဆာ ပြောင်းလဲနေမှုများ (Chorio Carcinoma / Malignant Mole) စသဖြင့်တွေ့နိုင်ပါတယ်။ အဲဒီလို ပြောင်းလဲတဲ့လူနာတွေအတွက်လည်း သင့်တော်တဲ့သွေးသွင်း ကုသခြင်းနဲ့ အချိန်တိုအတွင်း ရာနှုန်းပြည့်ပျောက်ကင်းနိုင်ပါတယ်။ ကုသပြီးပြီဆိုသော်လည်း နောက်ဆက်တွဲ Follow Up ပြသဖို့ လိုအပ်ပါတယ်။ ၁ လတစ်ကြိမ် ၃ လ၊ ၃ လတစ် မကြိမ် ၆ လ တစ်ကြိမ်နဲ့ တစ်နှစ်တစ်ကြိမ် အနည်းဆုံး နှစ်နှစ်ထိပြသရန်လိုအပ်ပါတယ်။ အဲဒီလိုပြန် လည်ပြသတဲ့အခါတိုင်းမှာလည်း ဆီးစစ်ခြင်း (UCG) ၊ Ultrasound ရိုက်ခြင်းနဲ့ ရင်ဘတ်ကို ဓါတ်မှန်ရိုက်ခြင်းများ ပြုလုပ်ဖို့ လိုအပ်ပါတယ် ။ ဆိုလိုတဲ့သဘောကတော့ လာပြသတဲ့အခါတိုင်း အတွင်းပိုင်းစမ်းသပ်ခြင်းနဲ့ မလုံလောက်ပါဘူး။ ဒီရောဂါဟာနောက်ထပ် ထပ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အလွန်ကိုပဲ ရှားပါးပါတယ်။

နောက်ထပ်ကလေးယူလို့ရမရ

နောက်ထပ်ကလေးယူလို့ရပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပြီး Follow Up ၂ နှစ်အတွင်းမှာတော့ ကိုယ်ဝန်မယူရပါဘူး။ ကိုယ်ဝန်တားတဲ့အခါမှာလည်း ဟော်မုန်းမပါတဲ့ သန္ဓေတားနည်းတွေနဲ့ တားသင့်ပါတယ်။ ဥပမာ ရက်ရှောင်ခြင်း၊ ကွန်ဒုံးသုံးခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။ စပျစ်သီးသန္ဓေဖြစ်ပွားဖူးယုံနဲ့ အမျိုးသမီးတစ်ယောက်မှာ မျိုးဆက်ပွား အရည်အသွေး ကျဆင်းသွားခြင်းမရှိပါဘူး။ စောစီးစွာ ပြသကုသလျှင် ထိရောက်စွာ ပျောက်ကင်းနိုင်သောရောဂါဖြစ်ပါတယ်။ ဒါပေမယ့်ယနေ့ခေတ် တောရွာတွေမှာ မြို့နဲ့ ဝေးလံခေါင်သီတဲ့ ကျေးလက်တွေမှာ ကိုယ်ဝန်သည်တွေဟာ ကလေးစတင်လှုပ်ချိန် ကိုယ်ဝန်ငါးပတ်အလယ်လောက်မှ ကလေးမလှုပ်မှန်းသိကြရပြီး အဲဒီအချိန်မှာ ကိုယ်ဝန်ကလည်း အလွန်အမင်းတင်းကျပ်ပေါက်ထွက်ခြင်း၊ ဝမ်းဗိုက်ထဲမှာ သွေးသွန်ခြင်း တို့ကြောင့် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ နောက်တစ်ခါ ကိုယ်ဝန်နုစဉ်မှာ သွေးထွက်လွန်နိုင်ပြီး သားအိမ်ပေါက်ပြဲခြင်း ဖြစ်တတ်တဲ့အတွက် ကျွမ်ကျင်တဲ့ဝါရင့် ဆရာဝန်တွေကိုယ်တိုင် ဆောင်ရွက်ကုသဖို့လည်းလိုပါတယ်။ Follow Up ကြည့်ရှုဖို့အတွက်တော့ OG တွေရှိတဲ့ ဆေးရုံတွေကိုသာ ညွှန်ကြားဖို့ လိုအပ်ပါတယ်။

Credit : သက်တန့်ချို

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18