Print

ကလေး လေထိုးခြင်း

  22-Feb-2019
Preview Image

အသက် ၆ လအောက် ကလေးအားလုံးနီးနီး လေထိုးဖူးကြသည်။ လေထိုးသည်ဆိုတာက တကယ်တော့ ကလေးက ကော့ကော့ထိုး၍ ငိုနေခြင်းကို ဆိုလိုသည်။ လေက တစ်ကယါပတ်၍ ထိုးနေမထိုးနေ ဘယ်သူမှမသိ။ ဘာကြောင့်မှန်းကို ဘယ်သူမှမသိ။ ဘယ်နေ့ထိုးမှာလဲလည်း ဘယ်သူမှမသိ။ အကြာကြီးနေမှ တစ်ခါဖြစ်တာရှိသလိုသုံးလေး ရက်ဆက်တိုက်ဖြစ်သည့် အခါလည်း ရှိသည်။ ဘယ်အချိန်ဖြစ်မှာလဲ။ ဘယ်သူမှမသိ။ ညနေပိုင်းဖြစ်တာတော့ များတယ်။ ဘာဆေးတိုက်ရင် သက်သာမှာလဲ။ ဘယ်သူမှမသိ။ သုတေသနများကတော့ ဂရိုင်းမစ်ချာရော၊ Simethicone ပါသည့် လေဆေးမျိုးစုံရော၊ ဘယ်ဟာကမှ တကယ်သက်သာတာ မတွေ့ရ။ (ရင်လူးဆေးတော့ သုတေသနတွေမှာ ရှာမတွေ့။ ဗိုက်နာတာကို ရင်လူးဆေးနှင့် ကုသည့်နိုင်ငံ ကျွန်တော်တို့သာ ရှိဟန်တူသည်။) သက်သာတာ တွေ့လျှင်တော့ သူ့ဘာသူ တိတ်မည့်အချိန်နှင့် ကိုယ်ဆေးတိုက်သည်အချိန် တိုက်ဆိုင်တာသာ ဖြစ်ပါလိမ့်မည်။ ဒါဆို ကျွန်တော်တို့ အနောက်တိုင်း ဆေးပညာရှင်တွေ ကလေးလေထိုးသည့် ကိစ္စ ဘာမှ မသိကြတော့ဘူးတဲ့လား။သိကြပါသည်။

၁။ လေထိုးခြင်းဆိုသည် ၆ လအောက် ကလေးအားလုံးနီးပါး ဖြစ်သော်လည်း ငိုနေတာက လွဲရင် ကလေးကို မည်သည့်ဘေးဥပဒ်မှ မပေးကြောင်း ကျွန်တော်တို့အသေအချာ သိပါသည်။


၂။ အသက် ၃ လနောက်ပိုင်းတွင် ကလေးတိုင်း လေထိုးသည့်အကြိမ်အရေအတွက် တဖြည်းဖြည်း နည်းသွားပြီး ခြောက်လနောက်ပိုင်း လုံးဝပျောက်သွားကြကြောင်း ကျွန်တော်တို့သိပါသည်။

၃။ ကလေးကို ချီပြီး ခပ်ကြမ်းကြမ်း လှုပ်ခါပေးနေလျှင် လေထိုးသည့်အချိန် ပို၍ ကြာမြင့်တတ်ပြီး ငြိမ်ငြိမ်လေး ချထားပါက မြန်မြန်တိတ်တတ်ကြောင်း ကျွန်တော်တို့သိပါသည်။

ဒါဆိုရင် လေထိုးတာ စိုးရိမ်စရာ လုံး၀ မရှိတော့ဘူးတဲ့လား။

၁။ ကလေးကို ငိုနေတိုင်း လေထိုးတာဟုအပိုင်မပြောနိုင်ပါ။ အရေပြားတစ်နေရာရာမှာ ပြည်တည်ရောင်ရမ်းနေ လျှင်လည်း ငိုနေပါလိမ့်မည်။ အနှီးက ချည်စလေး လက်ချောင်းခြေချောင်းလေးတစ်ခုခုကို တုပ်မိပြီး သွေးမလျှောက် ဖြစ်နေလျှင်
လည်း ငိုနေပါလိမ့်မည်။ အူကျပြီး ညပ်နေလျှင်လည်း ငိုနေပါလိမ့်မည်။ ဘာမှ ပြောမပြတတ်သော ကလေးငိုနေတိုင်း လေနာတာပဲဟုဆိုကာ လေဆေးတွေ တိုက်နေသဖြင့် အရေးကြီးသော အခြားရောဂါတစ်ခုခု လွတ်နေမှာ ကျွန်တော်တို့ စိတ်ပူမိပါတယ်။

၂။ မြန်မာလူမျိုး မိဘ၊ ဘိုးဘွားတို့ အရိုးစွဲနေကြသည့် ကြောက်မက်ဖွယ် အကောင်းဆုံး အယူအဆ အမှားမှာ ကလေးလေနာတာ မိခင် အသီးအရွက်စားပြီး နို့တိုက်၍ သေသော ကလေး ကမ္ဘာပေါ်တွင် တစ်ယောက်မှ မရှိသော်လည်း လေနာမှာစိုး၍ ဟုဆိုကာနို့တိုက်မိခင် ဘာဟင်းသီးဟင်းရွက်မှ မစားဘဲ ထမင်းဖြူနှင့် ငါးခြောက်ဖုတ်သာ စားရသဖြင့်
အသီးအရွက်မှရသော ဗီတာမင် ဘီဝမ်းဓာတ် ငတ်ကာ နှလုံးအမောဖောက်၍သေဆုံးရသောကလေး မြန်မာနိုင်ငံတွင် အမြောက်အများ ရှိပါသည်။ လေနာတာ စစ်စစ်ကတော့ ဘာမှစိတ်ပူစရာမလိုပါ။ အချိန်တန်လျှင် သူ့အလိုလို ပျောက်သည်သာ
ဖြစ်ပါသည်။

Ref:  မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစု စောင့်ရှောက်နည်းများ
ပါမောက္ခ ဒေါက်တာရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကု ဆရာဝန်ကြီး

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18