Print

Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ)

  16-Feb-2019
Preview Image

            ကြက်ညှာချောင်းဆိုးရောဂါသည် အလွန်ကူးစက်လွယ်သော အသက်ရှူလမ်းကြောင်းတွင် ဖြစ်သောရောဂါဖြစ်ပြီး အသက်ရှူတိုင်း “Whoop” (ဟွပ်ပ်) ဟု မြည်တတ်လေ့ရှိသည်။

 

လက္ခဏာများ

ရောဂါပိုး စတင်ကူးစက်ခံရပြီးနောက် ၁ ပတ်မှ ၁၀ ရက်အထိ ကြာတတ်သော်လည်း တစ်ချို့လူများတွင်မူ ထိုထက်ပို၍ ကြာတတ်သည်။ အစပထမပိုင်းတွင် သိပ်မပြင်းထန်ဘဲ ရိုးရိုးအအေးမိ လက္ခဏာများဖြစ်သော

. နှာစေးခြင်း

. နှာခေါင်းပိတ်ခြင်း

. မျက်လုံးနီရဲကာ အရည်များ ထွက်ခြင်း

. ဖျားခြင်း

. ချောင်းဆိုးခြင်းများသာ ပြတတ်သည်။

        

အချိန် ကြာမြင့်လာပါက ချောင်းဆိုးခြင်း ဆိုးဝါးလာပြီး

. အန်ခြင်း

. မျက်နှာ နီ/ပြာလာခြင်း

. အလွန် ပင်ပန်းနုံးနယ်နေခြင်း

. အသက်ရှူလိုက်တိုင်း ဟွပ်ပ် ဟု မြည်ခြင်းတို့ ဖြစ်တတ်သည်။ သို့သော် လူအများစုတွင်မူ သိသာသော ဟွပ်ပ် ဟု မမြည်တတ်ချေ။

 

ဖြစ်ပွားရသောအကြောင်းရင်းများ

      ကြက်ညှာချောင်းဆိုးရောဂါသည် Bordetella pertusis ဟုခေါ်သော ဘက်တီးရီးယားအကောင်ကြောင့် ဖြစ်ခြင်းဖြစ်သည်။ ရောဂါပိုး ကူးစက်ခံထားရသူက ချောင်းဆိုး/နှာချေလျှင် ပိုးကောင်များ လေထဲသို့ထွက်သွားတတ်ပြီး အနီးတွင် ရှိသော လူအသက်ရှူလိုက်လျှင် အဆုတ်ထဲသို့ လွယ်လင့်တကူ ရောက်သွားနိုင်သည်။

 

ဖြစ်နိုင်ချေများသူများ

-ကာကွယ်ဆေး မထိုးထားသော လူများတွင် အဖြစ်များသည်။

-ကာကွယ်ဆေး မပြည့်သေးသော ကလေးငယ်များ

 

နောက်ဆက်တွဲပြဿနာများ

     ဆယ်ကျော်သက်များနှင့် လူကြီးများတွင် နောက်ဆက်တွဲ ပြဿနာများ မဖြစ်ဘဲ ပြန်ကောင်းတတ်သော်လည်း ပြင်းထန်စွာ ချောင်းဆိုးခြင်းကြောင့်

-      နံရိုးများ အက်ခြင်း

-      ဗိုက်ထဲတွင် အူကျွံခြင်း

-      အရေပြား/မျက်လုံး အဖြူပေါ်တွင် သွေးကြောများ ပြတ်ခြင်း တို့ဖြစ်တတ်သည်။

 

၆ လအောက် ကလေးငယ်များတွင် ဖြစ်ပါက နောက်ဆက်တွဲလက္ခဏာများ အနေဖြင့်

-      အဆုတ်ရောင်ရောဂါ

-      အသက်ရှူ နှေးကာ ရပ်ရပ်သွားခြင်း

-      အစာမစားခြင်းကြောင့် ရေဓာတ် ခမ်းခြောက်ခြင်းနှင့် ကိုယ်အလေးချိန် ကျခြင်း

-      တက်ခြင်း

-      ဦးနှောက်ထိသွားခြင်းများအထိ ဆိုးရွားစွာ ဖြစ်စေနိုင်ပါသည်။

 

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

        အကယ်၍ သင်ကိုယ်တိုင် (သို့) သင့်ကလေးတွင်

. အန်ခြင်း

. မျက်နှာ နီ/ပြာလာခြင်း

. အသက်ရှူရ ခက်နေခြင်းနှင့်

. အသက်ရှူလျှင် ‘ဟွပ်ပ်’ ဟု ကြားနေရလျှင် နီးစပ်ရာ ကျန်းမာရေး ဆေးခန်းသို့ သွားရောက် ပြသသင့်ပါသည်။

 

စစ်ဆေးမှုများ

ရောဂါ ဖြစ်စတွင် သိရှိရန် ခက်ခဲသော်လည်း ကြာလာသည်နှင့်အမျှ ရောဂါရာဇဝင်အကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများနှင့် နှာခေါင်းနှင့် လည်ချောင်းမှ ယူ၍ အကောင်မွေးခြင်း၊ သွေးစစ်ခြင်းနှင့် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ပေးခြင်းအားဖြင့် ရောဂါကို ရှာဖွေသိရှိနိုင်သည်။

 

ကုသခြင်း

    ကလေးငယ်များတွင် ဖြစ်ပွားပါက ဆေးရုံတက်၍ ကုသမှု ခံယူရန် လိုအပ်သည်။ အရည်နှင့်အစာမဝင်ပါက သွေးပြန်ကြောမှ တစ်ဆင့် အရည်များ ထည့်ပေးရန်နှင့် တခြားကလေးငယ်များနှင့် ခွဲထားရန် လိုအပ်ပေသည်။ ကလေးကြီးများနှင့် လူကြီးများ ဆိုပါက အိမ်တွင်နေ၍ ကုသနိုင်သည်။ ရောဂါကူးစက်ခံရသူကို ပိုးသတ်ဆေးများ ပေးခြင်းအပြင် မိသားစုဝင်များကိုလည်း ပိုးသတ်ဆေးများ ပေး၍ ကြိုတင်ကာကွယ်ထားရန် လိုအပ်သည်။

 

အိမ်တွင်းကုထုံးနှင့် လူမှုနေထိုင်မှုပုံစံ

    ကြက်ညှာချောင်းဆိုးရောဂါ ဖြစ်လျှင် အိမ်တွင်ပြုလုပ်နိုင်သော

-      လုံလောက်စွာ အနားယူခြင်း

-      အရည်များများ သောက်ပေးခြင်း

-      အစားကို နည်းနည်းနှင့် မကြာခဏ စားပေးခြင်း

-      အိမ်တွင်း လေထုကို သန့်စင်ပေးခြင်းတို့ပြုလုပ်ပေးနိုင်ပါတယ်။

 

ကာကွယ်ခြင်း

    ကြက်ညှာချောင်းဆိုးရောဂါကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေး ထိုးရန် ဖြစ်သည်။ ကလေးမွေးကင်းစ ၂ လ၊ ၄ လ၊ ၆ လ၊  ၁နှစ်ခွဲ နှင့် ၄-၆ နှစ် ဟူ၍ ၅ ကြိမ် ကာကွယ်ဆေး ထိုးပေးနိုင်သည်။

 

Paing

Ref: Mayo clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18