Print

အသားအရေနဲ့ ဆံနွယ်တို့ရဲ့ အဓိကရန်သူ

  17-Feb-2019
Preview Image

နေရောင်ခြည်မှာ လူသားတွေအတွက် ကောင်းကျိုးတွေ ရှိနေတယ်ဆိုပေမဲ့လည်း သင့်ရဲ့ အသားအရေအတွက်တော့ မိတ်ဆွေကောင်း မဟုတ်ဘူးလို့ ဆိုပါရစေ။ နေရောင်ခြည်က အရေပြားမှာ အရေးကြောင်းတွေ၊ အမည်းစက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိုးရွားဆုံး အကျိုးသက်ရောက်မှုအဖြစ် အရေပြားကင်ဆာအထိပါ ဖြစ်ပေါ်လာစေပါတယ်။ အရေပြားဟာ နေရောင်ခြည်နဲ့ အလွန်အကျွံ ထိတွေ့ရတဲ့အခါမှာ အရေပြားကို တင်းရင်းစေတဲ့ဓာတ်များကို ထိခိုက်ဖျက်ဆီး ပစ်လိုက်ပါတယ်။ ဒါကြောင့် အရေပြားတင်းရင်းမှုတွေ ပျက်စီးကျဆင်းလာပြီး လျော့ရဲတွဲကျလာတာဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများလာတဲ့အခါ အရေပြားမှာ မှဲ့ခြောက်များ၊ ကြမ်းရှမှုများ၊ အဖြူစက်များအပြင် အရေပြားပေါ်မှာ အနီအကွက်များပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုအကွက်တွေ ဖြစ်ပေါ်လာရတာဟာ အရေပြားအောက်ရှိ သွေးကြောများပျက်စီး ကျယ်ပြန့်လာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

အရေပြားကို ဘယ်လိုကာကွယ်မလဲ

Sunscreen ကို နေ့စဉ်လိမ်းပေးပါ။ ဘယ်ရာသီမှာပဲဖြစ်ဖြစ် အမြဲတမ်း လိမ်းပေးရပါတယ်။ ကိုယ်လိမ်းမယ့် Sunscreen ဟာ SPF 30 ရှိရမှာ ဖြစ်ပါတယ်။ ဘူးရဲ့ Label မှာ UVA နဲ့ UVB ကို ကာကွယ်နိုင်တယ်ဆိုတာကို ရှာဖွေပြီး ရွေးဝယ်ပါ။ အိမ်ရဲ့ ပြင်ပသို့ မထွက်ခွာမီ ၁၅ မိနစ်လောက်ကတည်းက Sunscreen ကို ကြိုတင်လိမ်းထားပါ။ Sunscreen ကို နှစ်နာရီ ခြား တစ်ကြိမ် ပြန်လိမ်းပေးပါ။ သို့သော်လည်းချွေး အလွန်ထွက်ချိန်၊ ရေကူးချိန် ဆိုရင်တော့ နှစ်နာရီ မပြည့်လည်း ပြန်လိမ်းပေးပါ။
UV ပါတဲ့ နေကာမျက်မှန်ကို သင့်မျက်လုံးအတွက် တပ်ဆင်ပါ။ နှုတ်ခမ်းပြားကြီးတဲ့ ဦးထုပ်မျိုးကို ဆောင်းပြီး၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များကို ဝတ်ဆင်ပေးပါ။ နံနက် ၁ဝ နာရီမှ နေ့လယ် ၂ နာရီအတွင်း နေရောင် နဲ့ တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကျဉ်ပါ။ သင့်ရဲ့ အရေပြားကို ပုံမှန်ကြည့်ရှုစစ်ဆေးပါ။ ကိုယ့်အသားအရေဟာ ပုံမှန်ပဲလား၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာရပ်တွေ ပေါ်ပေါက်နေသလား ဆိုတာကိုလေ့လာ ဆန်းစစ်ပါ။ အသုံးပြုမယ့် Cosmetic ပစ္စည်းတွေမှာလည်း နေရောင်ကို ကာကွယ်ပေးနိုင်မယ့် UV Protection ဆိုတာကို ရွေးချယ်အသုံးပြုပေးပါ။ ကိုယ်တိုင်သာမက ကိုယ့်ရဲ့မိဘနဲ့ ကလေးတွေကိုလည်း အထက်မှာဖော်ပြထားတဲ့ လက်တွေ့ကျကျ နည်းလမ်းတွေအတိုင်း အတူတကွ အလေ့အကျင့် ပြုလုပ်ပေးပါ။

ဆံသားအတွက်
UV Ray တွေဟာ အရေပြားကိုသာမက ဆံသားတွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ နေရောင်ခြည်ရဲ့ ထိခိုက်ပျက်စီးမှုမှ လွတ်ကင်းပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဦးထုပ်ဆောင်းခြင်းကလည်း အထောက်အပံ့ ဖြစ်စေပါတယ်။ ဆံပင်အတွက် အသုံးပြုမယ့် Product များကိုလည်း UV ပါတာကို ရွေးချယ်အသုံးပြုပေးပါ။ ဆံသားကို နေရောင်ခြည်ဒဏ်မှ ကာကွယ်တဲ့အခါမှာ ဆံသားကိုသာမက ဆံသားအောက်ခြေရှိ အရေပြားကိုပါ မမေ့မလျော့ ဂရုစိုက်ပေး သင့်ပါတယ်။ ဦးရေပြားဟာ ဆံသားရဲ့ အရင်းအမြစ် နေရာဖြစ်တာမို့ ဦးရေပြားကောင်းမှ ဆံသားကောင်းမှာဖြစ်ပါတယ်။ ဆံသားကို နေရောင်ကာ အဆီလိမ်းတဲ့အခါ ဆံသားကိုယ် ချည်းလိမ်းတတ်ကြပါတယ်။ အမှန်တော့ ဆံသားကိုသာမက ဆံပင်ခွဲကြောင်း နေရာမှာ ပေါ်နေတဲ့ ဦးရေပြားကိုပါ လိမ်းပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏ ခွဲကြောင်းပြောင်း ပေးခြင်းက ခွဲကြောင်းနေရာမှ ဦးရေပြားထိ ခိုက်ပျက်စီးမှုကို သက်သာစေပါတယ်။ ဆံသားအတွက် အသုံးပြုမယ့် Shampoo ကိုလည်း အင်တီအောက်စီဒင့် ဓာတ်တွေ ပါဝင်နေတဲ့ Shampoo မျိုးကို ရွေးချယ်ပါ။ Green Tea နဲ့ ဗီတာမင်စီကလည်း သင့်ဆံသားတွေ လှပစေဖို့ ကူညီပေးနိုင်ပါတယ်။ ဆံသား အနည်းငယ် ပျက်စီးတာလောက်ကိုတော့ ရေချိုးခါနီးမှာ ရှားစောင်းလက်ပပ်ကို သုတ်လိမ်းပြီး ခဏထားကာ ရေအေးနှင့် ဆေးချပေးခြင်းဖြင့် ထိန်းသိမ်းပေးနိုင်ပါတယ်။

Ref:
အေမီချို
May18.2015

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18