Print

အမျိုးသမီးများ ဆီးအိမ်ရောင်ခြင်းကို ကာကွယ်ရန်နည်းလမ်းများ

  15-Feb-2019
Preview Image

အမျိုးသမီးများ၏ ပင်ကိုသဘာဝကြောင့် အဖြစ်များသော ရောဂါများအနက် ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ခြင်း (ခေါ်) ဆီးအိမ်ရောင် ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဆီးအိမ်နှင့် ဆီးလမ်းကြောင်းထဲသို့ ပိုးဝင်ခြင်းမှာ အသက်အန္တရာယ်ကို မထိခိုက်စေနိုင်သော်လည်း စိတ်အနှောင့်အယှက် ဖြစ်စေသော ရောဂါတစ်မျိုးဖြစ်သည်။ အကြောင်းမှာ ဆီးအိမ်ရောင်သည်နှင့် အောက်ပါအတိုင်း ခံစားရတတ်သောကြောင့်ဖြစ်သည်။

ဆီးသွားလျှင် ဆီးပူခြင်း၊ ဆီးကျင်ခြင်းနှင့် နာကျင်ခြင်းများ ခံစားရသည်။ မထိန်းနိုင်လောက်အောင် ဆီးသွားချင်စိတ်များ ပေါ်လာပြီး ဆီးသွားသောအခါ လုံးဝမထွက်ဘဲလည်း ရှိတတ်သည်။ တစ်ခါတစ်ရံ ဖျားခြင်း၊ ဆီးစပ်ကိုက်၊ ခါးကိုက်ပြီးနောက် နီသောဆီးများ သွားတတ်သည်။ ဆီးထဲ၌ သွေးများလည်း ပါလာတတ်သည်။ ဒွာရပေါက် တဝိုက်ရှိ ရောဂါပိုးများသည် ဆီးလမ်းကြောင်းမှတဆင့် ဆီးအိမ်ထဲသို့ အလွယ်တကူရောက်သွားနိုင်သည်။ ဆီးအိမ်ရောင်စေသော အကြောင်းများမှာ တစ်ကိုယ်ရည် သန့်ရှင်းမှု နည်းပါးသဖြင့် လည်းကောင်း၊ အလွန်ကျပ်သော ဘောင်းဘီများ ဝတ်ခြင်းကြောင့်လည်းကောင်း ရောဂါပိုးများ ဆီးလမ်းကြောင်းထဲသို့ ဝင်ရောက်တတ်သည်။ ရောဂါပိုးများသည် ဆီးအိမ်ထဲရောက်သည်နှင့် အလျင်အမြန် ပွားများပြီး ဆီးအိမ်ကို နာစေ၊ ရောင်စေနိုင်ပါသည်။ တစ်ခါတစ်ရံ စိုးရိမ်စိတ် လွန်ကဲခြင်း၊ စိတ်ဓာတ်ကျဆင်းမှု များကြောင့်လည်း ဆီးကျင်တတ်ကြောင်း တွေ့ရသည်။

ဆီးအိမ်ရောင်ခြင်းကို မိမိဘာသာ ပြုစုနည်းမှာ ပထမဦးဆုံး ရေတစ်ဘူး (တစ်လီတာ) ခန့်ကို ကုန်အောင် သောက်ပေးရမည်။ ထိုသို့သောက်လိုက်လျှင် ဆီးများများသွားပြီး ဆီးအိမ်ထဲရှိ ရောဂါပိုးများကို ရေနှင့်ဆေးချ လိုက်သကဲ့သို့ အကျိုးသက်ရောက်မှု ရှိစေပါသည်။ ပြီးလျှင် ဆော်ဒါလက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေ (သို့မဟုတ်) ဖျော်ရည်ပျော့ တစ်ခုခုနှင့် တစ်ဖန်ခွက်စာ သုည ဒသမ ၅ လီတာဖျော်၍ တစ်နာရီခြား တစ်ကြိမ် သောက်ပေးရမည်။ ဤသို့ ဆော်ဒါရည် သောက်ပေးခြင်းဖြင့် ဆီး၏ငရဲမီးကို ပြယ်စေနိုင်သည်။ ဆီးပူခြင်းကို သက်သာစေနိုင်ပြီး ရောဂါပိုးများ ပွားများမှုကိုလည်း ရပ်တန့်စေသည်။ ခါးကိုက်ခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းများ နာကျင်ကိုက်ခဲခြင်းအတွက် ရေနွေးအိတ်ကို အဝတ်ပတ်၍ တင်ပေးနိုင်သည်။ ဤသို့ပြုလုပ်၍မှ မသက်သာလျှင် အကိုက်ခဲပျောက်ဆေးပြား တစ်ပြား၊ နှစ်ပြားခန့်သောက်ပေးနိုင်သည်။ ဤသို့ပြုလုပ်ပေးပြီး သက်သက်သာသာ နားနေစဉ် ၁၅ မိနစ်တစ်ခါ သို့မဟုတ် မိနစ် ၅ဝတစ်ခါရေဘူးတစ်ဝက်ခန့် (သုညဒသမ ၅ လီတာ) သောက်ပေးရမည်။ သုံးနာရီကြာအောင်ရေကို မကြာမကြာ သောက်ပေးလိုက်လျှင် ဆီးလည်း မကြာခဏ များများသွားပြီး ဝေဒနာမှာ သိသိသာသာသက်သာ သွားနိုင်ပါသည်။

မိမိဘာသာ ပြုစုကုသ၍ တစ်ရက်နှစ်ရက်အတွင်း မပျောက်လျှင် ဆရာဝန်ကိုပြသရန် လိုအပ်သည်။ ထို့အပြင် ဤသို့မကြာခဏ ဆီးပူတတ်၊ ဆီးကျင် တတ်သူများဖြစ်လျှင်လည်းကောင်း၊ ကိုယ်ဝန်ဆောင်ချိန် ဖြစ်လျှင်လည်းကောင်း၊ ဆီးထဲသွေးပါ လာလျှင်လည်းကောင်း ဆရာဝန်ကို မပျက်မကွက် ပြသရန်လိုအပ်သည်။ ယင်းအခြေအနေသည် ဆရာဝန်ကသာ လိုအပ်သလို ကုသပေးမှ ပျောက်ကင်းနိုင်သောကြောင့် ဖြစ်သည်။ ဆီးအိမ် မကြာခဏရောင်လျှင် ရောဂါပိုးများ ကျောက်ကပ်ဆီသို့ ဆက်လက် ပျံ့နှံ့သွားပြီး ကျောက်ကပ်များကိုပါ ဒုက္ခပေးတတ်ပါသည်။ ကျောက်ကပ်များ ထိခိုက်ပျက်စီးလျှင် လူ့ကျန်းမာရေးကို အလွန်ထိခိုက် စေနိုင်သည်။ ဤသို့ ဆီးအိမ်ရောင်ခြင်း၊ ဆီးပူ၊ ဆီးကျင်ခြင်း မဖြစ်ရန် ဆင်ခြင်ကာကွယ်ရမည်။ ထိရောက်သော ကာကွယ်နည်း တစ်ခုမှာ ရေများများသောက်၍ ဆီးသွားလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် တစ်ကိုယ်ရေ သန့်ရှင်းမှုကို အထူးဂရုစိုက်သင့်သည်။

Ref:
မြဝတီ 
Monday, March 30, 2015
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18