Print

Varicose vein ( သွေးပြန်ကြောထုံးခြင်း )

  11-Feb-2019
Preview Image

သွေးပြန်ကြောထုံးခြင်း ဆိုသည်မှာ သွေးပြန်ကြောများ တွန့်ခေါက်ကြီးမားလာခြင်းကို ဆိုလိုသည်။ ခန္ဓာကိုယ် နေရာအနှံ့အပြားရှိ သွေးပြန်ကြောများတွင် ဖြစ်နိုင်သော်လည်း၊ မတ်တပ်ရပ်ချိန်၊ လမ်းလျှောက်ချိန်တို့တွင် ဖိအားအများဆုံး ခံစားရသော ဒူးခေါင်းအောက်ပိုင်းရှိ သွေးပြန်ကြောများတွင် ပို၍ အဖြစ်များသည

လက္ခဏာများ

သွေးပြန်ကြောထုံးခြင်းမှာ များသောအားဖြင့် နာကျင်ခြင်းမရှိတတ်ပေ။

လက္ခဏာများအနေဖြင့်

·         သွေးပြန်ကြောများ အပြာရောင် သို့မဟုတ် ခရမ်းရောင် ဖြစ်နေခြင်း

·         သိသာစွာ ဖောင်းနေခြင်း၊ တွန့်ခေါက်နေခြင်း

·         ခြေထောက်များ လေးခြင်း၊ ကိုက်ခဲခြင်း

·         ပူခြင်း၊ ဆောက်ဖြင့် ထိုးခံရသကဲ့သို့ တဆစ်ဆစ်ကိုက်ခဲခြင်း၊ ကြွက်သားများနာကျင်ခြင်း

·         ခြေထောက်များ ရောင်ခြင်း

·         အချိန်ကြာမြင့်စွာ ထိုင်လျှင်၊ မတ်တပ်ရပ်လျှင် ပို၍နာကျင်ခြင်း

·         သွေးပြန်ကြော အနီးတစ်ဝိုက်တွင် ကိုက်ခဲခြင်း

·         သွေးပြန်ကြောထုံးများမှ သွေးထွက်ခြင်း

·         သွေးပြန်ကြောများ အရောင်ပြောင်းလာခြင်း၊ မာကျောလာခြင်း၊ ခြေမျက်စိတစ်ဝိုက်ရှိ အရေပြားများ ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း တို့ကို ကြုံတွေ့ရတတ်သည်။

ပင့်ကူအိမ်ကဲ့သို့သော သွေးကြောများ (Spider vein) မှာ သွေးကြောထုံးများနှင့် ဆင်တူပြီး အရွယ်အစားမှာ ပို၍သေးငယ်ကြသည်။ အပေါ်ယံ အရေပြားနှင့် ပိုနီးကပ်ပြီး အနီရောင် သို့မဟုတ် အပြာရောင် သွေးကြောကွန်ယက်များအဖြစ် တွေ့ရတတ်သည်။ ခြေထောက်တွင် အဖြစ်များပြီး၊ တခါတရံ မျက်နှာပေါ်တွင်လည်း တွေ့ရတတ်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

သွေးပြန်ကြောများသည် သွေးများကို နှလုံးဆီသို့ ပြန်လည်သယ်ဆောင်ပေးသော အလုပ်ကို လုပ်ဆောင်သည်။ ခန္ဓာကိုယ်အောက်ပိုင်းရှိ သွေးကြောများသည် မြေဆွဲအားနှင့် ဆန့်ကျင်ကာ သွေးများကို နှလုံးသို့ ပြန်လည်ယူဆောင်ရသည်။ ခြေထောက်ရှိကြွက်သားများ၊ သွေးပြန်ကြောများ၏ ကျုံ့နိုင် ဆန့်နိုင်အားနှင့် သွေးပြန်ကြောအတွင်းရှိ အဆို့ရှင်လေးများက သွေးများကို အထက်သို့ ပို့နိုင်ရန် အဓိက ကူညီကြသည်။

 

ထိုသွေးပြန်ကြောများ ထုံးရခြင်း၏ အကြောင်းရင်းများမှာ

·         အသက်အရွယ် ကြီးလာခြင်းကြောင့် သွေးပြန်ကြော၏ ကျုံ့ဆန့်နိုင်အားနည်းသွားခြင်း၊ အဆို့ရှင်များ မလုံခြင်းကြောင့် သွေးပြန်ကြောအတွင်း သွေးများအိုင်ကာ ဖောင်းလာခြင်း

·         ကိုယ်ဝန်ဆောင်ချိန်တွင် ခန္ဓာကိုယ်တွင်း သွေးပမာဏ ပိုမိုများပြားလာခြင်း၊ ဟော်မုန်းများပြောင်းလဲခြင်းနှင့် သားအိမ်၏ ဖိနှိပ်မှုကြောင့် သွေးပြန်ကြောတွင်းသွေးများ စုပုံခြင်းကို ကြုံတွေ့ရနိုင်သည်။

 

ဖြစ်နိုင်ချေများသူများ


သွေးပြန်ကြောထုံးခြင်းကို

·         အသက်အရွယ်ကြီးသူများ

·         အမျိုးသမီးများ

·         ကိုယ်ဝန်ဆောင်များ

·         မိသားစုအတွင်း သွေးကြောထုံးရောဂါရှိသူများ

·         အဝလွန်သူများ

·         အထိုင်များ၊ မတ်တပ်ရပ်များသူများတွင် အများဆုံး တွေ့ရတတ်သည်။

 

နောက်ဆက်တွဲ ပြဿနာများ

နောက်ဆက်တွဲ ပြဿနာများ အနေဖြင့်

·         သွေးပြန်ကြောထုံးအနီးရှိ အရေပြားတွင် အနာဖြစ်ခြင်း၊

·         အရေပြားပေါက်သွားပြီး သွေးထွက်ခြင်း

·         သွေးခဲများ ဖြစ်ခြင်း တို့ကို ကြုံတွေ့ရနိုင်သည်။

 

စစ်ဆေးမှုများ

ဆရာဝန်နှင့် ပြသကာ စမ်းသပ်မှုခံယူသင့့်သည်။ သွေးပြန်ကြော အတွင်းရှိ အဆို့ရှင်များ ကောင်းမကောင်း၊ သွေးခဲများရှိမရှိကို သိနိုင်ရန် အာထရာဆောင်းဖြင့် စစ်ဆေးနိုင်သည်။

 

ကုသခြင်း

·         အိမ်တွင်းကုထုံးများ အနေဖြင့်

-       လေ့ကျင့်ခန်းလုပ်ခြင်း၊

-       ကိုယ်အလေးချိန် လျှော့ချခြင်း၊

-       အလွန်ကြပ်သော အဝတ်အစားများကို ရှောင်ခြင်း၊

-       ခြေထောက်ကို မြှင့်ထားခြင်း၊

-       ကြာရှည်စွာ ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းကို ရှောင်ခြင်း

-       ခြေထောက်ချိတ် ထိုင်ခြင်းကို ရှောင်ခြင်း တို့ကို ပြုလုပ်သင့်သည်။

·         ကြွက်သားများ၏ ညှစ်အားကို ကူညီပေးသော ခြေအိတ်ရှည်များကို တစ်နေ့လုံး ဝတ်ဆင်ထားခြင်းဖြင့် သွေးပြန်ကြောအတွင်း သွေးအိုင်ခြင်းကို ကာကွယ်နိုင်သည်။

·         အလွန်ဆိုးရွားလာပါက သို့မဟုတ် အလှအပအတွက် ပြုပြင်လိုပါက

-       ဖောင်းနေသော သွေးကြောများကို ပိတ်ပစ်ခြင်း

-       လေဆာဖြင့် ကုသခြင်း

-       ခွဲစိတ်ကုသခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

                 ကိုယ်ဝန်ဆောင်များတွင် သွေးပြန်ကြောထုံးများမှာ ဆေးကုသရန် မလိုဘဲ ကလေးမွေးဖွားပြီး ၃လမှ ၁၂လအတွင်း အလိုအလျောက် ပျောက်ကင်းသွားတတ်သည်။

 

ကာကွယ်ခြင်း

သွေးပြန်ကြောထုံးခြင်းကို ကာကွယ်နိုင်ရန်

-       လေ့ကျင့်ခန်းလုပ်ခြင်း၊

-       ကိုယ်အလေးချိန် လျှော့ချခြင်း၊

-       အလွန်ကြပ်သော အဝတ်အစားများကို ရှောင်ခြင်း၊

-       ခြေထောက်ကို မြှင့်ထားခြင်း၊

-       ကြာရှည်စွာ ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းကို ရှောင်ခြင်း

-       ခြေထောက်ချိတ် ထိုင်ခြင်းကို ရှောင်ခြင်း တို့ကို ပြုလုပ်သင့်သည်။

 

Lei

Healthcare.com.mm

Ref: Mayo Clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18