Print

Undescended testicle (ဝှေးစေ့ ကပ်ပယ်အိတ်တွင်းမရှိခြင်း)

  05-Feb-2019
Preview Image

ပုံမှန် အားဖြင့် ကလေးများတွင် မမွေးဖွားမီ အချိန်ကပင် ဝှေးစေ့သည် ဝမ်းဗိုက်တွင်းမှ ကပ်ပယ်အိတ်အတွင်းသို့ ဆင်းလေ့ရှိသည်။ ထိုသို့ မဆင်းခြင်းကို ဝှေးစေ့ကပ်ပယ်အိတ်တွင်းမရှိခြင်း (Undescended testicle) ဟုခေါ်သည်။ အများအားဖြင့် တစ်ဖက်တည်းသာ ဖြစ်တတ်ပြီး ၁၀ ရာခိုင်နှုန်းခန့်မှာ နှစ်ဖက်စလုံးတွင် ဖြစ်နိုင်သည်။

 

လက္ခဏာများ

ရောဂါလက္ခဏာအနေဖြင့် ကပ်ပယ်အိတ်အတွင်းတွင် ဝှေးစေ့ကို စမ်းသပ်၍မမိခြင်း၊ မရှိခြင်းဖြင့် သိနိုင်သည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

ဖြစ်ပွားရသော အကြောင်းရင်းကို သေချာစွာ မသိရသေးပေ။ မျိုးရိုးဗီဇ၊ မိခင်၏ ကျန်းမာရေးနှင့် ဟော်မုန်းတို့ကြောင့် ကိုယ်ဝန်ဆောင်စဉ် ကလေးငယ်၏ ဝမ်းဗိုက်အတွင်းမှ ကပ်ပယ်အိတ် အတွင်းသို့ ဝှေးစေ့ ဆင်းရာတွင် နှောင့်နှေးခြင်း ဖြစ်သည်ဟု ယူဆထားကြသည်။

 

ဖြစ်နိုင်ချေများသူများ


·         ပေါင်မပြည့်၊ လမစေ့သော ကလေးငယ်များ

·         မျိုးရိုးထဲတွင် အလားတူ အခြေအနေ ဖြစ်ဖူးသူများ

·         Down Syndrome ကလေးငယ်များ

·         ကိုယ်ဝန်ဆောင်စဉ်တွင် အရက်သောက်၊ ဆေးလိပ်သောက်သော မိခင်မှ မွေးသော ကလေးငယ်များ။

·         ဆီးချိုသွေးချို ရှိသူနှင့် အဝလွန်သော ကိုယ်ဝန်ဆောင် မိခင်မှ မွေးသော ကလေးများ။

·         ကိုယ်ဝန်ဆောင်စဉ် ပိုးသတ်ဆေးများနှင့် ထိတွေ့မှု ရှိသော မိခင်များ၏ ကလေးငယ်များတွင် အဖြစ်များသည်။

 

နောက်ဆက်တွဲ ပြဿနာများ

ဝှေးစေ့သည် သုတ်ပိုးများ ကောင်းစွာထုတ်လုပ်နိုင်ရန် ခန္ဓာကိုယ်အပူချိန်ထက် ပိုအေးသော အပြင်ဘက်တွင်ရှိရန် လိုအပ်သည်။ သို့ဖြစ်ရာ ကပ်ပယ်အိတ်အတွင်း မဆင်းဘဲ ဝမ်းဗိုက်အတွင်းတွင် ကျန်ရှိနေပါက နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့်

·         သုတ်ပိုးထုတ်လုပ်မှု အားနည်းခြင်း၊ သုတ်ပိုး မကျန်းမာခြင်း တို့ကြောင့် မျိုးမအောင်နိုင်ခြင်း

·         ဝှေးစေ့ကင်ဆာဖြစ်ခြင်း

·         ဝမ်းဗိုက်အတွင်း ကျန်ရှိနေသောနေရာကိုလိုက်၍ ဝှေးညှာလိမ်ခြင်း၊ ထို့နောက် သွေးမရခြင်းကြောင့် လွန်စွာနာကျင်ခြင်း

·         ပေါင်ခြံတွင်းတွင် ရှိနေပါက ထိခိုက်မိခြင်းနှင့်

·         အူကျခြင်း တို့ကို ကြုံတွေ့ရတတ်သည်။

 

ဆရာဝန်နှင့် သွားရောက် ပြသသင့်သော အချက်များ


·         ကလေးငယ်အချို့တွင် ဝှေးစေ့မှာ မွေးဖွားပြီးချိန်မှ ကပ်ပယ်အိတ် အတွင်းသို့ ဆင်းလာသည်များလည်းရှိရာ အသက်လေးလထိ စောင့်ကြည့်ရန် လိုအပ်သည်။ အသက်လေးလအရွယ်ထိ မဆင်းလာပါက ကလေးဆရာဝန်နှင့် သွားရောက် ပြသရန် လိုအပ်သည်။

·         ကပ်ပယ်အိတ် ကြွက်သားများ ကျုံ့ခြင်းကြောင့် ဝှေးစေ့ အပေါ်သို့ ပြန်တက်သွားခြင်း၊ လိင်အင်္ဂါတွင် တစ်စုံတစ်ရာ ပြောင်းလဲခြင်းတို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် သွားရောက် ပြသကာ လိုအပ်သော ကုသမှုများ ခံယူရန် လိုအပ်သည်။

 

စစ်ဆေးမှုများ


ဆရာဝန်နှင့် တိုင်ပင်ကာ ဝမ်းဗိုက်အတွင်းသို့ မှန်ပြောင်းဖြင့် ကြည့်ရှု စစ်ဆေးခြင်း (Laproscopy)၊ ဝမ်းဗိုက် အာထရာဆောင်း ရိုက်ခြင်း တို့ကို ပြုလုပ်နိုင်သည်။

 

ကုသခြင်း


အများအားဖြင့် ခွဲစိတ် ကုသရန် လိုအပ်သည်။ မှန်ပြောင်း အကူအညီဖြင့် ခွဲစိတ်ခြင်း၊ ရိုးရိုး ခွဲစိတ်ခြင်း တို့ကို ပြုလုပ်နိုင်သည်။ ကလေးငယ်၏ အသက် ၆လ ကျော်ပြီး အသက် ၁၂နှစ် မတိုင်မီတွင် ခွဲစိတ်ရန် လိုအပ်သည်။ နောက်ဆက်တွဲ ဆိုးကျိုးများကို ကာကွယ်နိုင်ရန် ခွဲစိတ် ကုသမှုကို စောစီးစွာ ခံယူသင့်ပါသည်။

ဝှေးစေ့ ကပ်ပယ်အိတ် အတွင်းသို့ ဆင်းခြင်းကို ကူညီနိုင်ရန် Human chorionic gonadotrophin ဟော်မုန်း ထိုးခြင်းကိုလဲ ပြုလုပ်နိုင်သည်။ သို့သော် ဟော်မုန်း ဆေးထိုးခြင်းမှာ ခွဲစိတ်ခြင်းထက် များစွာ အကျိုး သက်ရောက်မှု နည်းသဖြင့် အသုံးပြုမှု နည်းပါးပါသည်။ ထို့ပြင် မိမိ ကလေးငယ်၏ ဝှေးစေ့ ကပ်ပယ်အိတ်တွင်း ရှိမရှိကို ရေချိုးပေးချိန်၊ Diaper လဲပေးချိန်တွင် စစ်ဆေးပေးသင့်သည်။ ထိုအခြေအနေ ဖြစ်ဖူးသော ကလေးငယ် အရွယ်ရောက်လာချိန်တွင်လဲ ဖြစ်နိုင်သော လက္ခဏာများကို သေချာစွာ ရှင်းပြပေးခြင်း၊ ဝှေးစေ့ ကင်ဆာ၏ လက္ခဏာများကို စစ်ဆေးစေခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

Lei

Healthcare.com.mm

Ref; Mayo Clinic

Checked by HPW

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18