Print

မသေမချာလေးဖက်နာ (Unclassified Arthritis - UCA)

  04-Feb-2019
Preview Image

Unclassified Arthritis (UCA) ဆိုသည့် မသေမချာလေးဖက်နာရောဂါ လူပြောနည်းနေသေးသည့် ရောဂါအကြောင်းဖြစ်သည်။ လူနာတစ်ဦးက လာပြပြီးနောက် 'ဘာရောဂါဖြစ်နေလဲဆရာ' ဟုမေးသောအခါ 'မသေမချာလေးဖက်နာ' ဖြစ်နေပါသည်ဟု ပြန်ဖြေလျှင် နောက်နေသည်၊ ရွဲ့ဖြေသည်ဟုထင်ကြသည်။ အမှန်အားဖြင့် UCA ဆိုသည်မှာ ဆေးပညာဝေါဟာရတွင် အမှန်ရှိပါသည်။  လေးဖက်နာများနှင့် ကူးစက်ရောဂါများမတူသည်မှာ ရောဂါအမည်ဖော်ထုတ်ရာတွင် ကူးစက်ရောဂါများကဲ့သို့တိကျသော သွေးစစ်ချက်တစ်ခု မရှိခြင်းဖြစ်သည်။ ဖျားသောသူတစ်ဦးကို သွေးစစ်ကြည့်၍ ငှက်ဖျားပိုးတွေ့လျှင် ငှက်ဖျားရောဂါသေချာသည်။ သို့သော် အဆစ်နာသောသူတစ်ယောက်ကို စစ်ကြည့်၍ RA သွေးလေးဖက်နာဓာတ်တွေ့တိုင်း Rheumatid arthritis (RA) သွေးလက်ဖက်နာဟု မသေချာပါ။ ASO တွေ့တိုင်း ပိုးလေးဖက်နာမသေချာပါ။ လေးဖက်နာများကို အမည်တပ်ရာတွင် ဓာတ်ခွဲသွေးစစ်ချက်များဖြစ်သည့် ASO, RA, ANA, ANCA စသည်တို့မှာ ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ခုသာဖြစ်ပြီး အခြားအချက် ၃ ချက်၊ အားလုံးပေါင်း ၄ ချက်ပြည့်စုံမှသာ လေးဖက်နာဟု သတ်မှတ်နိုင်လေ့ရှိသည်။  ဥပမာ - Criteria ခေါ်ရောဂါအမည်တပ်ရန် အချက် (၁၁) ချက်တွင် ANA မှာ အရေပြားလေးဖက်နာအတွက် တစ်ချက်သာဖြစ်ပါတယ်။ RA မှာ သွေးလေးဖက်နာအတွက် တစ်ချက်သာဖြစ်ပြီး ASO မှာလည်း ပိုးလေးဖက်နာပိုးအတွက် ရောဂါအမည်တပ်ရန် အထောက်အကူပြုသည့် အချက်တစ်ချက်မျှသာဖြစ်သည်။

     လူနာတစ်ယောက်အဆစ်နာ၍ လာပြသောအခါ သွေးလေးဖက်နာဓာတ်စစ်ကြည့်ပြီး တွေ့လျှင် သွေးပျစ်နှုန်း (ESR)နှင့် ရောင်ရမ်းသည့် အဆစ်အရေအတွက်၊ ရောင်ရမ်းသည့်ကာလ တို့ကိုပြန်ကြည့်ရပါတယ်။ နာကျင်ရုံမက ရောင်နေသည့်အဆစ် (၃-၄) ခုရှိပြီး ရောင်သည့်ကာလမှာလည်း ၆ ပတ်ကျော်ကြာခဲ့ပြီဆိုလျှင် သွေးလေးဖက်နာ သေချာပါသည်။ အဆစ်ကလည်း ရောင်တာတစ်ခုတည်း သို့မဟုတ် မရောင်၊ နာရုံသာနာနေသည်။ ဝေဒနာခံစားရတာကလည်း ၂ ပတ်လောက်သာ ရှိသေးသည်ဆိုလျှင် သွေးလေးဖက်နာဓာတ် သွေးထဲတွင်စစ်၍ ပေါ်နေသော်လည်း လူနာတွင် သွေးလေးဖက်နာဖြစ်နေပြီဟု တထစ်ချပြော၍မရပါ။ နောင်မဖြစ်လာဘူးဟုလည်း တထစ်ချငြင်း၍မရပါ။ ၆ ပတ်ကျော်သည့်အထိ ဆက်ပြီးနာနေမည်၊ ရောင်လာမည်ဆိုလျှင် သတ်မှတ်ချက် ၄ ချက်ပြည့်သွားပြီး သွေးလေးဖက်နာဟု ပြောနိုင်၊ကုသဖို့ လိုလာနိုင်ပါသည်။

     သွေးလေးဖက်နာဟု အမည်တပ်လိုက်ပြီဆိုလျှင်လည်း သောက်ရမည့်ဆေးများမှာ စွမ်းလည်းစွမ်း၊ ဆိုးကျိုးများလည်း တွဲရှိနိုင်သဖြင့် အသည်း၊ ကျောက်ကပ်၊ အဆုတ်ရောဂါများ ထပ်စစ်ရမည်ဖြစ်ရာ ကုန်ကျစရိတ်များရှိလာမည်ဖြစ်သည်။ ထို့ကြောင့် သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ၊ ပိုးလေးဖက်နာများကို မသေချာဘဲ ရောဂါအမည်တပ်လျှင် လူနာအတွက် ကောင်းကျိုးထက်ဆိုးကျိုးက များပေသည်။

     ASO များရုံနှင့် ဟိုနား၊ သည်နားကိုက်ရုံသာရှိပြီး နှလုံးခုန်သံလည်းမမြန်၊ အဆို့ရောင်သည့်အပိုသံ (နှလုံးခုန်သံ) လည်းမကြား၊ အဆစ်ကြီးများရောင်ရမ်းနေမှုလည်း မရှိပါဘဲလျက် ပိုးလေးဖက်နာဟု အမည်တပ်ခံရပြီး ပင်နီဆီလင် လစဉ်ထိုးကာ ဖင်နာနေရသူများကို ရင်နာနာနှင့်တွေ့ရဖူးသည်။ ဖင်နာရုံသာမက ဆေးထိုးရာမှ ပိုးဝင်၊ ပြည်တည်ပြီး ခွဲလိုက်ရသောသူများလည်းရှိသည်။

     RA များရုံနှင့် ဟိုနားသည် နားကိုက်ရုံသာရှိပြီး သွေးပျစ်နှုန်းလည်းမတက်၊ အဆစ်လေးများလည်း ရောင်ရမ်းမှုမရှိပါဘဲလျက် သွေးလေးဖက်နာဟု အမည်တပ်ခံရပြီး မီသိုထရက်ဆိတ် (Methotrexate)၊ လီဖလူနမိုက် (Leflunomide) ခုခံအားထိန်းဆေးများ သောက်နေရသူများကိုလည်း ထိတ်လန့်စဖွယ် တွေ့ရဖူး၊ ခုခံအားကျ၊ တီဘီရောဂါဝင်၊ သွေးအားနည်းရောဂါဖြစ်၍ ဆေးများရပ်လိုက်မှ ပြန်ကောင်းသွားသော လူမမာ၊ လူမာများကိုလည်း တွေ့ရဖူးသည်။

     ထို့ကြောင့် သတ်မှတ်လမ်းညွှန်ချက်များ မပြည့်ဘဲ ရောဂါအမည်မတပ်မိဖို့လိုပေသည်။ မသေချာဟုပြောရမည်ကို မရှက်ရန်၊ 'မသေမချာ လေးဖက်နာ'ဟု အရှိကိုအရှိအတိုင်း ပွင့်လင်းမြင်သာပြောပြ အမည်တပ်ရန်လိုသည်ဟု အမေရိကနှင့် ဥရောပမှ အရိုးအကြောအဆစ်သမားတော်များက တညီတညွတ်တည်း ဆုံးဖြတ်ထားကြပါသည်။

Credit: ပါမောက္ခ ဒေါက်တာဦးချစ်စိုး

    သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18