Print

Umbilical Hernia (ချက်မှ အူကျွံခြင်း)

  03-Feb-2019
Preview Image

ချက်မှ အူကျွံခြင်းဆိုသည်မှာ ဝမ်းဗိုက်ကြွက်သားများကြား အားအနည်းဆုံးဖြစ်နေသော ချက်နေရာမှ အူအစိတ်အပိုင်း အချို့ကျွံကျခြင်းကို ဆိုလိုသည်။ ချက်မှ အူကျွံခြင်းမှာ ကလေးငယ်များတွင် အဖြစ်များပြီး ပုံမှန်အားဖြင့် အန္တရာယ်မရှိတတ်ပေ။ ကလေးအများစုမှာ အသက်တစ်နှစ်၊ နှစ်နှစ်အရွယ်တွင် ပျောက်သွားတတ်ပြီး အသက်အရွယ် ကြီးသည်အထိ ဆက်လက်ရှိနေပါက ခွဲစိတ်ကုသရန် လိုအပ်သည်။

 

လက္ခဏာများ

အူကျွံခြင်းကြောင့် ချက် သို့မဟုတ် ချက်အနားတွင် ဖောင်းလာတတ်သည်။ ကလေးငယ်များတွင် ငိုသောအခါ၊ ချောင်းဆိုးသောအခါ၊ အပေါ့အလေးသွားရန် ညှစ်သောအခါများတွင် ထိုဖောင်းနေသေ နေရာမှာ ပိုကြီးလာတတ်ပြီး ပက်လက်အိပ်လိုက်ချိန်တွင် ပြန်ပျောက်သွားတတ်သည်။ ကလေးငယ်များတွင် ချက်မှ အူကျွံခြင်းကြောင့် တစ်စုံတစ်ရာ နာကျင်မှုမရှိသော်လည်း လူကြီးများတွင် ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ နာကျင်ခြင်းတို့ကို ကြုံတွေ့ရတတ်သည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

ပုံမှန်အားဖြင့် ကလေးများ မွေးဖွားပြီးချိန်တွင် ချက်ကြိုးထွက်သော ကြွက်သားအပေါက်မှာ ပိတ်သွားလေ့ရှိသည်။ ထိုသို့ ပြန်မပိတ်သော ကလေးများတွင် ချက်မှအူကျွံခြင်းကို တွေ့ရတတ်သည်။ လူကြီးများတွင်မူ ဝမ်းဗိုက်အတွင်း ဖိအားများစေသော အခြေအနေများဖြစ်သည့်

-      အဝလွန်ခြင်း

-      အမွှာပူး ကိုယ်ဝန်ဆောင်ခြင်း

-      ရေဖျင်းစွဲခြင်းကဲ့သို့ ဝမ်းဗိုက်တွင်း အရည်များစုနေခြင်း

-      ဝမ်းဗိုက် ခွဲစိတ်ကုသမှု ခံယူထားခြင်း

-      ဝမ်းဗိုက်အတွင်းရှိ အရည်များကို ပုံမှန်သန့်စင်နေရခြင်း ( Chronic peritoneal dialysis ) တို့ကြောင့် ချက်မှ အူကျခြင်းဖြစ်တတ်သည်။

 

ဖြစ်နိုင်ချေများသူများ


-      လမစေ့၊ ပေါင်မပြည့်သော ကလေးငယ်များ

-      လူမည်း ကလေးငယ်များ

-      အဝလွန်သူများ

-      အမွှာပူး ကိုယ်ဝန်ဆောင်သူများတွင် အဖြစ်များသည်။

 

နောက်ဆက်တွဲ ပြဿနာများ

ကလေးငယ်များတွင် ချက်မှ အူကျွံခြင်းကြောင့်ဖြစ်သော နောက်ဆက်တွဲ ပြဿနာများမှာ အဖြစ်နည်းသည်။ သို့ရာတွင် ကျွံကျလာသောအရာများ ဝမ်းဗိုက်တွင်းသို့ ပြန်လည်၍ သွင်း၍မရခြင်း၊ ညပ်နေခြင်းတို့ကြောင့် ထိုအရာများသို့ သွေးထောက်ပံ့မှု ပြတ်တောက်ကာ အလွန်အမင်းနာကျင်ခြင်း၊ အူနံရံများ ရောင်ရမ်းခြင်းတို့ဖြစ်နိုင်ပြီး အသက်ဆုံးရံှူးနိုင်ပါသည်။ လူကြီးများတွင် အူကျွံပြီးနောက် ပြန်သွင်း၍ မရတော့ခြင်း၊ အူပိတ်သွားခြင်းတို့ကြောင့် အရေးပေါ် ခွဲစိတ်ရနိုင်သည်။

 

ဆရာဝန်နှင့် သွားရောက် ပြသသင့်သောအချက်များ

ကလေးငယ်တွင် ချက်မှ အူကျွံသော လက္ခဏာများရှိလျှင်

·         နာကျင်သော လက္ခဏာများရှိလျှင်

·         အန်လျှင်

·         အလုံးမှာ နာကျင်၊ ရောင်ရမ်းလာလျှင် ကလေးဆရာဝန်နှင့် ချက်ချင်းသွားရောက်ပြသသင့်သည်။

လူကြီးများတွင်မူ အလုံးမှ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတို့ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားရောက် ပြသသင့်ပါသည်။

 

စစ်ဆေးမှုများ

ချက်မှ အူကျွံကျခြင်းကိုသိရှိနိုင်ရန်  ချက် နှင့် ချက်ဝန်းကျင်တွင် အလုံးပေါ်ပါက ဆရာဝန်နှင့် သွားရောက်ပြသကာ စစ်ဆေးမှု ခံယူသင့်သည်။ ဝမ်းဗိုက်ကို အာထရာဆောင်းရိုက်ခြင်း၊ ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

 

ကုသခြင်း

ကလေးငယ်များတွင် ဖြစ်ပွားပါက အသက်တစ်နှစ်၊ နှစ်နှစ်အရွယ်တွင် အလိုအလျောက် ပြန်ပိတ်သွားတတ်သည်။

အူ ကျွံလာပါက မိမိဘာသာ ပြန်မသွင်းသင့်ဘဲ ဆရာဝန်တစ်ဦး၏ အကူအညီဖြင့်သာ ပြန်သွင်းသင့်ပါသည်။

ကလေးငယ်များတွင် ချက်မှ အူကျွံပြီး

·         နာကျင်ခြင်း

·         အလုံးမှာ ၁.၅ စင်တီမီတာထက် ပိုကြီးလာခြင်း

·         အလုံးဖြစ်ပေါ်လာပြီး ၂နှစ်ခန့် ကြာသည်အထိ ပြန် မသေးသွားခြင်း

·         အသက် ၄ နှစ်အရွယ်ထိ ရှိနေခြင်း

·         ပြန်သွင်း၍ မရခြင်းနှင့် အူပိတ်သော လက္ခဏာများကို ခံစားလာရခြင်း တို့ဖြစ်ပါက ခွဲစိတ် ကုသရန် လိုအပ်သည်။

လူကြီးများတွင် နောက်ဆက်တွဲ ပြဿနာများကို ရှောင်ရှားနိုင်ရန် ခွဲစိတ်ကုသမှု ခံယူရမည်။

 

Lei

Healthcare.com.mm

Ref; Mayo Clinic

Checked by HPW

 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18