Print

အသက်ရှူရပ်နေသည့် သတိလစ်လူနာ

  01-Feb-2019
Preview Image

၁။ လူနာ၏ခေါင်းကို နောက်သို့လှန်ပြီး အသက်ရှူရပ်၊ မရပ်စစ်ဆေးပါ။ လူနာအသက်ရှူရပ်သွားပါက ကြွက်သားများ လှုပ်ရှားမှုရပ်တန့်သွားပြီး ၎င်း၏ လျှာသည် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပါသည်။ ဦးခေါင်းကို နောက်သို့လှန်လိုက်ခြင်းနှင့် လျှာရှေ့သို့ ရောက်စေခြင်းသည် အသက်ရှူလမ်းကြောင်းကို ပွင့်သွားစေပါသည်။ ရင်ဘတ်လှုပ်ရှားမှုကို စစ်ဆေးခြင်းသည်လည်း အသက်ရှူရပ်မရပ်သိနိုင်ပါသည်။

၂။ နီးစပ်ရာဆေးရုံ၊ ဆေးပေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပေးပါ။ အသက်ရှူနေပါက အသက်ရှူနေသော သတ်လစ်သည့်လူနာကို ကုသပေးသော ရှေးဦးပြုစုနည်းအတိုင်း ဆက်လက်လုပ်ဆောင်ပါ။

၃။ အသက်မရှူပါက ရင်ဘတ်ကို ဖိပေးပါ။ လူနာ၏ ရင်ဝတည့်တည့်ကို လက်ဖနောင့်နှင့် ထိုလက်ပေါ်မှ နောက်လက်တစ်ဖက်အားထားပြီး ဖိပေးပါ။

၄။ လူနာ၏ ရင်ဘတ်တည့်တည့်ကို လက်ဖနောင့်ဖြင့် ထိထိမိမိပေးပါ။ ထိုအတိုင်း ခပ်မြန်မြန်နှင့် ပြင်း ပြင်းဖိပေးပါ။ ထိုကဲ့သို့ပြုလုပ်ပေးခြင်းကို နှလုံးနှိုးဆွပေးခြင်းဟုခေါ်သည်။ ၎င်းသည် ခန္ဓာကိုယ်အနှံ့ သွေးလှည့်ပတ်ခြင်းကို ထိန်းပေးပြီး ဦးနှောက်ကဲ့သို့ အသက်ရှင်ရန် မရှိမဖြစ်လိုအပ်သော အင်္ဂါများကို ကူညီပေးပြီး အသက်ရှူလမ်းကြောင်းကို ပွင့်သွားအောင်ကူညီပေးပါသည်။ 

၅။ အကူအညီမရောက်မချင်း တစ်မိနစ်ကိုအကြိမ် (၁ဝဝ) ခန့်နှုန်းဖြင့် ဖိနှိပ်ပေးပါ။ ရင်ဘတ်ကိုအပြည့်ပြန်ဖောင်းပြီးမှ နောက်တစ်ကြိမ်ပြန်ဖိပါ။

CPR ပြုလုပ်ပေးပါ။ (ရှေးဦးပြုစုခြင်း)

1. ရင်ဘတ်ကို အချက်သုံးဆယ်ဖိ၍ လှုပ်ဆော်ပေးပါ။ ရင်ဘတ်အလည်တည့်တည့်တွင် အောက်သို့အနည်းဆုံး နှစ်လက်မရောက်အောင် ခပ်ပြင်းပြင်းနှင့် အမြန်ဖိပေးပါ။ တစ်မိနစ်လျှင် အနည်းဆုံး အကြိမ်တစ်ရာခန့်ဖိ၍ လှုပ်နှိုးပေးပါ။

2. လေမှုတ်သွင်းပေးပါ။

3. CPR လမ်းစဉ်အတိုင်း ဆောင်ရွက်သွားပါ။ အောက်ပါအခြေအနေများ မတွေ့သည့်အချိန်ထိတိုင်အောင် ထိုလမ်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင်နေပါ။ အသက်ရှူခြင်းကဲ့သို့ ထင်ရှားသော လက္ခဏာတွေ့ခြင်း၊ AED (နှလုံးခုန်စက်) သုံးရန်
အသင့်ပြင်ထားပါ။ သင်ခြေကုန်လက်ပန်းလျှင် အခြားကူညီပေးနိုင်မည့် ကြိုတင်လေ့ကျင့်ထားသောလူ ရှိပါစေ။

ကလေးငယ်တစ်ယောက်ကို ရင်ဘတ်ဖိနှိပ်ပေးသောအခါ အခြားသောနည်းဖြင့် ပြုလုပ်ပေးရပါသလား။

နည်းလမ်းအတူတူပင်ဖြစ်ပါသည်။ သို့သော် ကလေးများအတွက် သီးသန့်ရင်ဘတ် ဖိနှိပ်နည်းကို သတ်မှတ်ပေးသင့်ပါသည်။ အသက်တစ်နှစ်မှဆယ့်နှစ်နှစ်အတွင်းရှိ ကလေးများအား လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကို နှစ်လက်မခန့်ဖိပေးပါ။ အသက်တစ်နှစ်အောက် ကလေးငယ်များကိုမူ လက်ချောင်းနှစ်ခုဖြင့် ရင်ဘတ်ကို တစ်လက်မခွဲဖိပေးပါ။

အသက်ရှူလာစေရန် လူနာ၏ဦးခေါင်းကို အဘယ်ကြောင့်နောက်သို့လှန်ပေးရပါသနည်း။

လူတစ်ယောက်သတိလစ်နေပါက ၎င်း၏လျှာသည် နောက်သို့ရောက်သွားပြီး အသက်ရှူလမ်းကြောင်းကို ပိတ်သွားစေပါသည်။ ဦးခေါင်းကို နောက်လှန်ထားခြင်းသည် လျှာကိုရှေ့သို့ ဆွဲထုတ်သကဲ့သို့ဖြစ်စေပြီး အသက်ရှူလမ်းကြောင်းကို ပွင့်စေပါသည်။

အသက်ရှူနေသည်ကို မည်ကဲ့သို့သိရှိနိုင်ပါသနည်း။


ဦးခေါင်းကို နောက်သို့လှန်လိုက်သည့်အခါ လူနာ၏ ရင်ဘတ်သည်နိမ့်ချည်မြင့်ချည် ဖြစ်နေသလားကြည့်ပါ။

ရင်အုံဖိနှိပ်ခြင်းဆိုသည်မှာ အဘယ်နည်း။
လူနာ၏ ရင်ဘတ်တည့်တည့်ကို လက်များနှင့် အောက်သို့ထပ်ခါထပ်ခါ ဖိပေးခြင်းဖြင့် ခန္ဓာကိုယ်အနှံ့ သွေးစုပ်ထုတ်ယူ အားကောင်းစေရန် ပြုလုပ်ပေးခြင်းကို ရင်အုံဖိနှိပ်ခြင်း ဟုခေါ်သည်။

ရင်ဘတ်ကို မည်မျှကြာအောင် ဖိနှိပ်ပေးရမည်နည်း

အကူအညီမရောက်မချင်း ဖိနှိပ်ပေးနေပါ။ သင့်အားကူညီပေးနိုင်မည့် သူရှိပါက တစ်ယောက်တစ်လှည့် ဖိနှိပ်ပေးပါ။

ထိုကဲ့သို့လှုပ်နှိုးပါက န့ရိုးများကျိုးနိုင်ပါသလား။

နံရိုးကျိုးမည်ကို မစိုးရိမ်ပါနှင့်။ သင်အဓိကလုပ်ဆောင်ပေးရမည်မှာ သွေးလှည့်ပတ်နေစေရန် ဖြစ်ပါသည်။ နံရိုးကျိုးလျှင် ပြန်ဆက်၍ရနိုင်ပြီး ရင်အုံကိုဖိနှိပ်ပေးခြင်းမရှိပါက လူနာသေသွားနိုင်သည်။

မိမိ၏မျက်စိရှေ့တွင် လူတစ်ယောက်သတိလစ်ပြီး အသက်မရှူတော့ပါက မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။

ရင်အုံဖိနှိပ်ခြင်း မစတင်ခင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။

လူနာသည် အသက်ရှူဆဲဖြစ်နေသော်လည်း ကျွနု်ပ်ကမှားယွင်းစွာ ရင်အုံဖိမိလျှင် ဘာဖြစ်မည်နည်း။

မစိုးရိမ်ပါနှင့်။ ဘာမျှဆိုးဆိုးဝါးဝါး မဖြစ်နိုင်ပါ။

အသက်ရှူလာစေရန် လူနာကို ပါးစပ်ချင်းထိ၍ လေမှုတ်သွင်းပေးသင့်ပါသလား။

ဖြစ်နိုင်လျှင် လူနာ၏ ပါးစပ် (သို့) နှာခေါင်းအတွင်းသို့ လေမှုတ်သွင်းခြင်းနှင့် ရင်အုံဖိနှိပ်ခြင်းကို တပြိုင်နက်တည်း ပြုလုပ်နိုင်ပါသည်။ သို့သော် ရင်အုံဖိနှိပ်ပေးခြင်းသည် ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှုအားကောင်းစေပြီး ဦးနှောက်ဆီသို့ အောက်ဆီဂျင် ရောက်နိုင်ခြင်းကြောင့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ပါးစပ်(သို့) နှာခေါင်းမှ
လေမှုတ်သွင်းပေးခြင်းသည် အဆုတ်များသို့သာလျှင် အောက်ဆီဂျင်ရောက်နိုင်ပါသည်။ ထိုကဲ့သို့ ရင်အုံဖိနှိပ်ပေးခြင်းနှင့် အသက်ရှူအားကူပေးခြင်းကို CPR ဟုခေါ်သည်။

လူနာကိုပါးစပ်ချင်းတေ့လေမှုတ်၍ မည်သို့ကယ်ရမည်နည်း။

လူနာ၏ရင်ဘတ်ကို အချက်သုံးဆယ်ခန့် ဖိနှိပ်ပြီးပါက ပါးစပ် (သို့) နှာခေါင်းတွင် ကပ်ထားပြီး ပါးစပ်တွင်ကပ်ထားပါက လူနာ၏ နှာခေါင်းကိုပိတ်ပါ။ လူနာ၏နှာခေါင်းတွင် ကပ်ထားပါက ၎င်း၏ ပါးစပ်ကိုပိတ်ထားပါ။ ထို့နောက်ပုံမှန်လေ (၂) ကြိမ်မှုတ်သွင်းပါ။ အသက်တစ်နှစ်အောက် ကလေးများ ကိုမှု ၎င်းတို့၏ မျက်နှာများသည် သေးငယ်သောကြောင့် နှာခေါင်းနှင့် ပါးစပ်ကို တစ်ပြိုင်နက်တည်း ငုံ၍လေမှုတ်သွင်းနိုင်ပါသည်။

ရင်အုံဖိနှိပ်လျှင် နှလုံးကို ပြန်နှိုးပေးရပါသလား။
ရင်ဘတ်ဖိနှိပ်ခြင်း တစ်ခုတည်းနှင့်ဆိုလျှင် နှလုံးပြန်စတင်၍ အလုပ်လုပ်နိုင်ရန် အလွန်နှေး ပါလိမ့်မည်။ နှလုံးအလုပ်ပြန်လုပ်နိုင်ရန်အတွက် နှလုံးနှိုးဆွစက်ကို အသုံးပြုရန်လိုအပ်ပါသည်။ ရင် ဘတ်ကို ဖိနှိပ်ပေးခြင်းသည် ခန္ဓာကိုယ်ရှိ အသက်ရှင်ရန်လိုအပ်သော ဦးနှောက်ကဲ့သို့ အင်္ဂါများဆီသို့ သွေးအနည်းငယ်သာ စုပ်ထုတ်ပေးနိုင်သည်။ ထို့ကြောင့် လူနာတွင် ပြောင်းလဲသောအခြေအနေများကို မမြင်နိုင်ပါ။ သို့သော် လက်မလျှော့ပါနှင့်။ ရင်ဘတ်ဖိနှိပ်ခြင်းသည် ကယ်ဆယ်ရေးများရောက်လာ သည်အထိ လူနာအား သတိလစ်မသွားစေရန် ထိရောက်စွာကူညီပေး ပါသည်။

(နှလုံးနှိုးဆွစက်- နှလုံးအား ပုံမှန်ပြန်ခုန်လာနိုင်ရန် ရှော့ခ်တိုက်ပေးရာတွင် အသုံးပြုသောစက်ကိရိယာကို အလိုအလျှောက် ပြင်ပနှလုံးနှိုးစက် (AED) ဟုခေါ်သည်။)

Ref: မြန်မာနိုင်ငံကြက်ခြေနီအသင်း
20.10.2015

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18