Print

Trachoma (မျက်ခမ်းစပ်ရောဂါ )

  29-Jan-2019
Preview Image

မျက်ခမ်းစပ်ရောဂါသည် ဘက်တီးရီးယားရောဂါပိုးကြောင့်ဖြစ်သည်။ ကူးစက်လွယ်သော ရောဂါမျိုးဖြစ်သည်။ ရောဂါရှိသူ၏ မျက်လုံး၊ မျက်ခွံ၊ နှာခေါင်းနှင့် လည်ချောင်းတို့မှထွက်သော အရည်များမှတဆင့် ကူးစက်နိုင်သည်။ ထိုအရည်များကို သုတ်ထားသော အရာ (ဥပမာ - လက်ကိုင်ပဝါ) တို့မှလည်း ကူးစက်နိုင်သည်။ မျက်ခမ်းစပ်ရောဂါသည် အချိန်မီကုသမှုမပြုလုပ်ပါက မျက်စိကွယ်သည်အထိဖြစ်နိုင်သည်။ ထို့ကြောင့် အချိန်မီကုသရန်လိုအပ်သည်။ မျက်ခမ်းစပ်ရောဂါသည် ကြိုတင်ကာကွယ်နိုင်သောရောဂါဖြစ်သည်။ 

 

လက္ခဏာများ

  မျက်ခမ်းစပ်ရောဂါသည် ကလေးငယ်များတွင် အဖြစ်များသည်။ အများအားဖြင့် မျက်စိနှစ်ဖက်လုံးတွင်ဖြစ်တတ်သည်။ ခံစားရမည့်လက္ခဏာများမှာ -

- မျက်လုံး၊ မျက်ခွံများ ယားခြင်း

- မျက်လုံးမှ အရည် သို့ ပြည်များထွက်ခြင်း

- မျက်ခွံများ ရောင်လာခြင်း

- လင်းသောနေရာတွင် နေ၍မရခြင်း၊ အလင်းရောင်ကို မကြည့်နိုင်ခြင်း

- မျက်လုံးအောင့်ခြင်း

         ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)မှ မျက်ခမ်းစပ်ရောဂါကို အဆင့် ၅ဆင့် ခွဲထားသည်။


၁။ ရောင်သောအဆင့် (မွေးညှင်းပေါက်)

   - မျက်ခွံတွင်ရှိသော မွေးညှင်းပေါက်လေးများရောင်လာမည်။


၂။ ရောင်သောအဆင့်

    - အပေါ်မျက်ခွံသည် ပို၍ ပြင်းပြင်းထန်ထန်ရောင်လာပြီး       အလွန်ကူးစက်မြန်သောအဆင့်ဖြစ်သည်။


၃။ အမာရွတ်ကျန်သော အဆင့်

    - မျက်ခွံအတွင်းသားတွင် အမာရွတ်ဖြစ်ပြီး မျက်ခွံသည်       အတွင်းသို့လိပ်ဝင်သွားနိုင်သည်။


၄။ မျက်တောင်မွေးများ မျက်စိထဲသို့ ဝင်သောအဆင့်

     - မျက်ခွံအတွင်းသားအထဲသို့ လိပ်ဝင်လာသည်နှင့်အမျှ        မျက်တောင်များသည်လည်းအထဲသို့ ရောက်လာသည်။ ထိုအခါ        မျက်တောင်များသည် မျက်ကြည်လွှာကိုပွတ်တိုက်မိပြီး        လက်နှင့်ပွတ်သောအခါတွင် ပို၍ဆိုးလာတတ်သည်။


၅။ မျက်ကြည်လွှာရောင်လာခြင်း

     - အများအားဖြင့် အပေါ်မျက်ခွံတွင်တွေ့နိုင်သည်။ မျက်တောင်များနှင့်        ပိုမိုပွတ်တိုက်မိလေ၊ မျက်ကြည်လွှာပိုရောင်လေဖြစ်ပြီး        မျက်စိကွယ်သည်အထိဖြစ်နိုင်သည်။


  ရောဂါလက္ခဏာများကို အပေါ်မျက်ခွံတွင်ပို၍တွေ့ရတတ်သည်။ မျက်ခမ်းစပ်ရောဂါသည် မျက်ရည်ဂလင်းများကိုလည်းထိခိုက်နိုင်သည့်အတွက် မျက်စိများ ခြောက်သွေ့ပြီး ယားယံခြင်း၊ ရောဂါလက္ခဏာများကိုပို၍ ဆိုးစေခြင်းတို့လည်း ဖြစ်စေသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

         မျက်ခမ်းစပ်ရောဂါသည် Chlamydia trachomatis ဆိုသော ဘက်တီးရီးယားကြောင့်ဖြစ်သည်။ ထိုရောဂါပိုးသည် လိင်ဆက်ဆံရာမှတဆင့်လည်း ကူးစက်နိုင်သည်။

 

ဖြစ်နိုင်ချေများသူများ

        အသက် ၄ နှစ်မှ ၆ နှစ် ကလေးများနှင့် အမျိုးသမီးများတွင် အဖြစ်များသည်။

        အောက်ပါအချက်များသည် မျက်ခမ်းစပ်ရောဂါဖြစ်နိုင်ချေကိုများစေသည်။

- သန့်ရှင်းမှုအားနည်းခြင်း - လက်မသန့်ရှင်းခြင်း၊ တကိုယ်ရည်သန့်ရှင်းမှု မရှိခြင်း

- ဆင်းရဲမွဲတေခြင်း

- လူဦးရေထူထပ်ခြင်း

- ယင်ကောင် ပေါများခြင်း

- သန့်ရှင်းသော အိမ်သာများမရှိခြင်း

 

နောက်ဆက်တွဲ ပြဿနာများ

         မျက်ခမ်းစပ်ရောဂါသည် စောလျင်စွာသိလျှင် ပျောက်ကင်းအောင်ကုသနိုင်သည်။ မကုသဘဲထားပါက

- မျက်ခွံအတွင်းသားတွင် အမာရွတ်ဖြစ်ခြင်း

- မျက်ခွံသည် အတွင်းသို့လိပ်ဝင်ခြင်း

- မျက်တောင်များ မျက်စိထဲသို့စိုက်ဝင်ခြင်း

- မျက်ကြည်လွှာတွင် အမာရွတ်ထင်ခြင်း သို့ တိမ်ကဲ့သို့ဖြစ်နေခြင်း

- မျက်လုံးကွယ်ခြင်း    စသည်တို့ဖြစ်နိုင်သည်။

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

        သင့်၏ကလေးငယ်တွင် မျက်လုံးယားခြင်း၊ မျက်လုံးမှ အရည် သို့ မျက်ဝတ်များ ထွက်ခြင်းဖြစ်လျှင် တတ်ကျွမ်းနားလည်သောဆရာဝန်နှင့် အမြန်ဆုံးပြသပါ။ အထူးသဖြင့် မျက်ခမ်းစပ်ရောဂါအဖြစ်များသော ဒေသတွင် နေထိုင်လျှင် သို့ ခရီးသွားခဲ့လျှင် ပို၍သတိထားသင့်ပါသည်။ မျက်ခမ်းစပ်ရောဂါသည် အလွန်ကူးစက်မြန်သောကြောင့် အမြန်ဆုံးကုသရန်လိုအပ်ပါသည်။

 

စစ်ဆေးမှုများ

       ဆရာဝန်မှ စမ်းသပ်စစ်ဆေးမှုပြုလုပ်ရုံဖြင့် မျက်ခမ်းစပ်ရောဂါ ဟုတ်၊ မဟုတ်သိရှိနိုင်သည်။

      

ကုသခြင်း

ရောဂါနုသောအဆင့်

   - ပိုးသတ်ဆေးများဖြင့် ကုသနိုင်သည်။ သောက်ဆေး သို့ မျက်စင်းခပ်ဆေးများဖြင့်      ကုသသည်။

   - ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)မှ ပတ်ဝန်းကျင်တခု၏      ၁၀ရာခိုင်နှုန်းသော ကလေးငယ်များတွင် ရောဂါဖြစ်ပါက      ထိုပတ်ဝန်းကျင်တခုလုံးကို ပိုးသတ်ဆေးပေးရမည်ဟု လမ်းညွှန်ထားပါသည်။      သို့မှသာ ကူးစက်ပျံ့ပွားနှုန်း လျော့နည်းမည်။

 

ရောဂါရင့်သောအဆင့်

    - မျက်ခွံအတွင်းသို့ လိပ်ဝင်ခြင်း၊ မျက်တောင်များ မျက်စိတွင်းသို့ဝင်ခြင်းများကို       ခွဲစိတ်ကုသ၍ရသည်။

    - မျက်ကြည်လွှာပျက်စီးနေပါက မျက်ကြည်လွှာအစားထိုး၍ကုသနိုင်သည်။       သို့သော် ရလဒ်ကောင်းရသည်မှာ နည်း၏။

      

ကာကွယ်ခြင်း

        မျက်ခမ်းရောဂါဖြစ်လျှင် ရောဂါရှိသူအပါအဝင် သူ၏ မိသားစုဝင်နှင့် ပတ်ဝန်းကျင်ရှိလူများအကုန် ဆေးကုသရမည်။ သို့မှသာ ရောဂါပြန်ဖြစ်သည်ကို တားဆီးနိုင်မည်။

        တကိုယ်ရည်သန့်ရှင်းမှုသည် မျက်ခမ်းစပ်ရောဂါကာကွယ်ရာတွင် အလွန်အရေးကြီးသည်။

-  မျက်နှာကို နေ့စဉ် တနေ့ ၂ကြိမ် ဆပ်ပြာနှင့်သစ်ခြင်း

-  အိမ်သာအထွက် လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာဆေးခြင်း

-  အညစ်အကြေး၊ အမှိုက်သရိုက်များ ကိုင်ပြီးပါက လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ      ဆေးခြင်း

-  ယင်ကောင်များ ပေါများမှုမရှိစေရန် ဂရုစိုက်ခြင်း (ယင်ကောင်သည် ရောဂါပိုးကို       သယ်ဆောင်သူဖြစ်သည်)

-  အမှိုက်နှင့်အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ခြင်း

-  သန့်ရှင်းသော သုံးရေ၊ သောက်ရေ ရရှိခြင်း

 

        မျက်ခမ်းစပ်ရောဂါသည် ကာကွယ်ဆေးမရှိပါ။ သို့သော် ကာကွယ်နိုင်သောရောဂါဖြစ်သည်။ WHOမှ ၂၀၂၀တွင် ကမ္ဘာပေါ်တွင် မျက်ခမ်းစပ်ရောဂါ လုံးဝပပျောက်စေရေးအတွက် SAFEဟူသော နည်းဗျူဟာကိုချမှတ်ထားသည်။

S - Surgery                - ရောဂါရင့်သော လူနာများကို ခွဲစိတ်ကုသရန်

A - Antibiotics           - ရောဂါနုသော လူနာများနှင့် မဖြစ်သေးသူများအား                                             ပိုးသတ်ဆေးဖြင့် ကာကွယ်ကုသရန်

F - Facial cleanliness - မျက်နှာကို နေ့စဉ်ဆပ်ပြာနှင့် စင်ကြယ်အောင်သစ်ရန်

E - Environment        - ပတ်ဝန်းကျင် သန့်ရှင်းစေရန်၊ ရေသန့်ရှင်းစေရန်၊                                               ယင်ကောင်များ ကင်းရှင်းစေရန်


Dr.Khine.W.Y.San

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18