Print

Rabies (ခွေးရူးပြန်ရောဂါ)

  29-Dec-2018
Preview Image


Rabies ခွေးရူးပြန်ပိုးသည် တိရိစ္ဆာန်တို့၏ တံတွေးမှတဆင့် လူ၏ခန္ဓာကိုယ်ထဲသို့ ကူးစက်နိုင်သည်။ တိရိစ္ဆာန်ဟုဆိုရာတွင် လင်းနို့၊ ခွေးအ၊ မြေခွေး၊ Raccon ဝံ၊ skunks၊ ကြောင်၊ ပျံကျခွေး များကြောင့် ကူးစက်နိုင်ပါသည်။


ကူးစက်ပုံ

အကောင်ကိုက်ခြင်း၊ ကုတ်ခြင်း၊ ပေါက်ပြဲနေသည့်အရေပြားမှ ပိုးဝင်ခြင်း၊ ပါးစပ် သို့ မဟုတ် မျက်လုံးမှဝင်ရောက်နိုင်ပါသည်။ ထို့အပြင် ရောဂါပိုးရှိသည့် အသားကိုစားခြင်းဖြင့် ကူးစက်နိုင်ပါသည်။ လူ့ခန္ဓာကိုယ်အတွင်းသို့ ပိုးဝင်ရောက်သွားသည့် နေရာတွင်ပွားများပြီး အာရုံကြောတစ်လျှောက်သွားကာ ဦးနှောက်အပါအဝင် အခြားနေရာများသို့ လျှင်မြန်စွာပျံ့နှံ့၍ ဒုက္ခပေးနိုင်သည်။


လက္ခဏာများ

ခွေးရူးပြန်ရောဂါကြောင့် ဖြစ်ပေါ်သည့်လက္ခဏာများသည် စစပေါ်ချင်းတွင် သိပ်မပြင်းထန်သော်လည်း ဆိုးရွားသည့်အခြေအနေကို လျင်မြန်စွာကူးပြောင်း သွားနိုင်ပါသည်။

ဗိုင်းရပ်စ်ပိုးဝင်ပြီး ရောဂါလက္ခဏာပြချိန်မှာ တစ်ဦးနှင့်တစ်ဦး မတူညီပါ။ ၄ရက်မှ လချီ နှစ်ချီ၍ ကွာခြားနိုင်သည်။ အကိုက်ခံရသော သို့ရောဂါပိုးဝင်သွားသောနေရာသည် ဦးနှောက်နှင့်နီးပါက ပို၍စောစောပေါ်နိုင်ပါသည်။

- အကိုက်ခံရသည့်နေရာတွင် နာကျင်ခြင်း။

- အဖျားကြီးခြင်း

- ရေကြောက်ခြင်း

- အလင်းကြောက်ခြင်း

- လေကြောက်ခြင်း

- ကယောင်ကတမ်းဖြစ်ခြင်း

အထက်ပါလက္ခဏာများ ဖြစ်ပေါ်ခြင်းသည် ၁၀ရက်ခန့်ကြာမြင့်တတ်ပြီး ထိုထက်ပို၍ဆိုးလာပါက အလွယ်တကူ စိတ်ဆိုးဒေါသဖြစ်ခြင်း၊ မြင်ချင်ရာမြင်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်လာခြင်း၊ သရေများထွက်လာခြင်းတို့ ဆက်၍ဖြစ်ပေါ်နိုင်ပါသည်။


အကိုက်ခံရပြီးလျှင်ပြုလုပ်သင့်သည့်အချက်များ

အကိုက်ခံရသည့်အနာကို ဆပ်ပြာ နှင့် ဘုံဘိုင်ရေအောက်တွင် ၁၅မိနစ်ခန့်ကြာအောင် စင်ကြယ်စွာဆေးကြောပါ။

ပိုးသတ်ဆေး (Antiseptic) (သို့) အရက်ပျံဖြင့်ဆေးကြောပါ။

အနာကိုသန့်ရှင်းအောင်ထားပါ။

အနာကိုလုံသွားအောင် မချုပ်ရပါ။

အနီးဆုံးဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားပြီး ကုသမှုခံယူရပါမည်။

နောက်ဆက်တွဲကုသခြင်းတွင် ဗိုင်းရပ်စ်ပိုးနှိမ်နင်းနိုင်သည့် ဓာတ်ထိုးခြင်း(Rabies immunoglobulin) နှင့် Rabies ကာကွယ်ဆေးထိုးခြင်းများ ပြုလုပ်ရပါမည်။


Vaccine ကာကွယ်ဆေးအမျိုးအစားများ

human diploid cell vaccine (HDCV)

purified chick embryo cell rabies vaccine (PCEC)

nerve tissue vaccine


ကုသခြင်း

လူနာသည် အထက်ပါလက္ခများ ပေါ်ပေါက်ပြီးပါက အသက်ဆုံးရှုံးနိုင်ပါသည်။ လူနာခံစားနေရသည့် ဝေဒနာများကို သက်သာအောင် ကုသပေးခြင်း၊ သက်တောင့်သက်သာဖြစ်အောင် ထားခြင်းများ ပြုလုပ်ပေးရပါမည်။ထိုရောဂါသည် လူတစ်ဦးမှတစ်ဦးဆီသို့ မကူးစက်တတ်ဟု ဆိုသော်လည်း ကူးစက်ခံထားရသူနှင့် အနီးကပ်ထိတွေ့မှုရှိပါက post-expoure prophylaxis ကုသမှုကိုခံယူရပါမည်။


Rabies ဗိုင်းရပ်စ်ကာကွယ်ဆေး

ကူးစက်ခံရနိုင်ခြေရှိသောသူများ ကာကွယ်ဆေး ထိုးထားသင့်ပေသည်။ Rabies ဗိုင်းရပ်စ် ရှာဖွေစစ်ဆေးရာတွင် ပြုလုပ်နေသော ဓာတ်ခွဲခန်းသမားများ လင်းနို့များကို ကိုင်တွယ်၊ ထိတွေ့နေရသူများ တိရစ္ဆာန်များနှင့်ထိတွေ့နေရသူများ (ဥပမာ- တိရစ္ဆာန်ကု ဆရာဝန်များ၊ တိရစ္ဆာန်ရုံတွင် အလုပ်လုပ်သူများ) ကာကွယ်ဆေးထိုးရမည့် အချိန်ကာလများမှာ- 0,7 ,21or 28 ဆိုလိုသည်မှာ ပထမတစ်ခေါက်ထိုးပြီး ၇ရက်အကြာတွင် ဒုတိယတစ်ခေါက် ထိုးရမည်။ တတိယတစ်ခေါက်ကို ပထမထိုးပြီးသည့် ၂၁ သို့မဟုတ် ၂၈ရက်အကွာတွင် သုံးကြိမ်ပြည့်အောင် ထိုးရန်လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် မထိုးရပါ။ ဆက်၍ ကူးစက်နိုင်မည့် အခြေအနေများရှိပါက ထိုးပြီးတစ်နှစ်ကြာလျှင်နဲ့ နောက်ထပ်၅နှစ်ကြာလျှင် နှစ်ခေါက်ထပ်၍ထိုးရန်လိုအပ်ပါသည်။


ကာကွယ်ဆေးထိုးပြီးခံစားရနိုင်သည့် လက္ခဏာများ

ဆေးထိုးထားသည့် နေရာတွင် ၁ရက်၂ရက်တိုင်အောင် နီရဲရောင်ရမ်းခြင်းများ ရှိနိုင်ပါသည်။

- အနည်းငယ်ဖျားခြင်း

- ခေါင်းကိုက်ခြင်း

- ကြွက်သားနာကျင်ကိုက်ခဲခြင်း

- အန်ခြင်း

- အနီပြင်ထွက်ခြင်းတို့ ခံစားရနိုင်ပါသည်။ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ မပြင်းထန်တတ်ပါ။


Ref: NHS Choices, UK

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18