Print

မျက်စိ၌ နီခြင်း ငါးမျိုး ( Five Kinds of Red Eyes )

  25-Dec-2018
Preview Image

မျက်စိနီတိုင်း မျက်စိနာမဟုတ်ပါ။ မျက်စိနီစေတတ်သော အဓိကရောဂါ ငါးမျိုးရှိသည့်အနက် အရေးပေါ်ဆေးကုသရန် လိုအပ် သည့် ရောဂါများရှိပါသည်။ ယင်းရောဂါမျိုးများကို မျက်စိနာထင်ပြီး ပေါ့ပေါ့တန်တန်ထားခဲ့ကြ၍ မျက်စိကွယ်ခဲ့ရသူတွေများခဲ့ပြီ။ ထို့ကြောင့် မျက်စိနီခြင်းသည် အရေးပေါ်ဆေးကုသမှု လိုအပ်သော ရောဂါ ကြောင့် ဟုတ် မဟုတ် သိထားကြရန်လိုပါသည်။
မျက်စိနီရခြင်းအကြောင်းတို့မှာ
(၁) မျက်စိနာရောဂါ (Conjunctivitis)
(၂) မျက်မှေးအောက် သွေးခြေဥရောဂါ (Subconjunctival Haemorrhage)
(၃) မျက်ကြည်လွှာအနာရောဂါ (Corneal Ulcer)
(၄) မျက်စိအတွင်းရောင်ရောဂါ (Anterior Uveitis)
(၅) ထောင့်ကျဉ်းရေတိမ်ရောဂါ (Angle Closure Glaucoma - ACG)

(၁) မျက်စိနာရောဂါ
မျက်စိနှစ်ဖက်စလုံး တစ်ပြိုင်နက်ဖြစ်တတ်ပြီး တစ်ယောက်နှင့်တစ်ယောက် ကူးစက်နိုင်သောရောဂါ ဖြစ်ပါ သည်။ Bacteria, Virus စသည့် ရောဂါပိုးတစ်ခုခုကြောင့် ဖြစ်တတ်သည်။ အမြင်အာရုံ ကျဆင်းခြင်းမရှိပါ။ ပိုးသတ်ဆေး (Antibiotic) မျက်စဉ်းတစ်ခုခု ကို ရောဂါပြင်းထန်လျှင် တစ်နာရီခြားတစ်ခါ၊ သက်သာလျှင် နှစ်နာရီ ခြားတစ်ခါခတ်လျှင် ပျောက်ကင်းနိုင်ပါသည်။

(၂) မျက်မှေးအောက်သွေးခြေဥရောဂါ

သွေးတိုးရောဂါရှိသူ၊ သွေးမတိတ်သည့်ရောဂါရှိသူ၊ သွေးထွက်လွန်ရောဂါရှိသူတွေမှာ ပိုဖြစ်တတ်ပါသည်။ ည အိပ်ချိန် မျက်စိယား ပြီး ပွတ်တိုက်မိလျှင်သော်လည်းကောင်း၊ မျက်စိထိခိုက်မိလျှင်သော်လည်းကောင်း ဖြစ်တတ် ပါသည်။ ဦးခေါင်း ထိခိုက်ဒဏ်ရာရ သူတို့တွင်လည်း ဖြစ်တတ်ပါသည်။ အမြင်အာရုံကျဆင်းခြင်း မရှိပါ။ ဗီတာ မင်စီ ဆေးစားခြင်း၊ ပိုးသေဆေးအပျော့စား မျက်စဉ်း (ဥပမာ- Chloram phenicol Eye Drop) လေးကြိမ်ခတ် ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။

(၃) မျက်ကြည်လွှာအနာရောဂါ

မျက်ကြည်လွှာ ထိခိုက်ဒဏ်ရာတစ်ခုခုမှ အစပြုတတ်ပါသည်။ တောင်သူလယ်သမားများတွင် စပါးနှံခတ်မိခြင်း၊ ရွှံ့ဝင်ခြင်းတို့မှ စဖြစ် တတ်ပါသည်။ အလုပ်သမားများတွင် သံတိုသံစဝင်ခြင်း၊ ရွှံ့၊ သဲ၊ ဖုန်မှုန့်ဝင်ခြင်းတို့မှ စဖြစ် တတ်ပါသည်။ ယင်းဒဏ်ရာကစ ၍ ရောဂါပိုးများ ဖြစ်သည့် Bacteria, Fungus, Virus စသည်တို့ဝင်ကာ မျက် ကြည်လွှာအနာကို ဖြစ်စေပါသည်။ ရောဂါလက္ခဏာ များမှာ မျက်စိနီခြင်း၊ မျက်ရည်ထွက်ခြင်း၊ နေရောင်မကြည့် နိုင်ခြင်း၊ မျက်စိမှုန်ပြီး အမြင်အာရုံကျသွားခြင်း၊ ခေါင်းကိုက်ခြင်း တို့ ဖြစ် တတ်ပါသည်။ ရောဂါပိုး အမျိုးအစားကို လိုက်၍ ရောဂါပြင်းထန်မှုကိုဖြစ်စေကာ သေချာစွာရောဂါကူသမှု မခံယူပါက မျက်စိကို နှစ် ပတ်အတွင်း လောက် မှာပင် ကွယ်သွားစေနိုင်သော ရောဂါများဖြစ်ပါသည်။ ထို့ကြောင့် မျက်ကြည်လွှာ အနာရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ပါက အကောင်းဆုံးဖြစ်ပါသည်။


ကြိုတင်ကာကွယ်နိုင်သည့် နည်းများမှာ...

- တောင်သူလယ်သမားများ ရွှံ့၊ သဲဝင်လျှင် မျက်စိကို ရေနှင့်ချက်ချင်းဆေးပါ။ မျက်စိခုနေလျှင် လက်နှင့် ပွတ်တိုက်မှုမလုပ်ပါနှင့်။ ပိုးသတ်ဆေးမျက်စဉ်း (Antibiotic မျက်စဉ်း) Ciplox, Oflox Tobra mycin, Lomi floxa-cin, Gentamycin စသည့် မျက်စဉ်း တစ်ခုခုကို တစ်နေ့လျှင်ခြောက်ကြိမ် ခတ်ပေးပါ။ (Steroid Corti sone ပါသောမျက်စဉ်း လုံးဝမခတ်ရပါ) မသက်သာလျှင် မျက်စိ ကုဌာနရှိရာသို့ အမြန်သွားပြပါ။
- တွင်ခုံ၊ သံဂဟေရုံနှင့် အလုပ်ရုံများ၊ သင်္ဘောကျင်းများတွင် အလုပ်လုပ်ရသူများ အလုပ်လုပ်ရာတွင် မျက်စိ ကာဗာတပ်ဆင်၍ အလုပ်လုပ်ကြပါ။ မတပ်ဘဲအလုပ်လုပ်မိ၍ သံစ၊ ကျောက်စဝင်ပါက ချက်ချင်း မျက်စိကုဌာန သို့ သွားပြပါ။
- လူတိုင်း ဒီဆောင်ပုဒ်များကို လိုက်နာကြပါ။
* ရွှံ့ သဲ ဖုန် မှုန့် ဝင်လျှင်၊ မျက်စိခုမည်ပင်
ခုလျှင်ချက်ချင်း၊ ရေနဲ့ကျင်း
မျက်စိအန ္တရာယ်ကင်း။
လက်နှင့်ပွတ်တိုက်လိုက်ပါက
မျက်စိရောဂါရ။

(၄) မျက်စိအတွင်းရောင်ရောဂါ
ကလေးလူကြီး မည်သူမဆိုဖြစ်တတ်ပါသည်။ လည်ပင်း၊ ခါး အရိုးအဆစ်ရောဂါ (Ankylosing Spondylitis) ရှိသူ၊ (Rheumatoid Ar-thritis) ရောဂါရှိသူ၊ တီဘီ၊ အနာကြီး၊ ကိုယ်ခံအားကျရောဂါ စသည့်ရောဂါတစ်ခုခု ရှိသူတို့တွင် ပိုဖြစ်တတ်ပါသည်။ ရောဂါလ က္ခဏာမှာ မျက်စိနီခြင်း၊ မျက်စိအနည်းငယ်ကိုက်ခြင်း၊ ခေါင်းကိုက် ခြင်း၊ မျက်စိရုတ်တရက်မှုန်သွားခြင်းတို့မှစပြီး ဆေးကုသမှု မခံ ယူပါက နှစ်ပတ်သုံးပတ်အတွင်း မျက်စိကွယ် စေ နိုင်သော ရောဂါဖြစ်ပါသည်။ ယင်းလက္ခဏာများဖြစ်ပါက မျက်စိကုဌာနတွင် သွားရောက်ပြသခြင်းသာ အ ကောင်းဆုံးဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤရောဂါဖြစ်လျှင် မဖြစ်မနေ စောစီးစွာ အသုံးပြုရသည့် မျက်သူငယ်အိမ်ကျယ်ဆေး (Atropine Eye Drop) နှင့် စတီးရိုက်၊ ကော်တီစုံပါသော မျက်စဉ်းတို့မှာ ဆရာဝန် ညွှန်ကြားမှုရှိမှသာ အသုံးပြုသင့်သည့်အတွက်ကြောင့် ဖြစ်ပါသည်။

(၅) ထောင့်ကျဉ်းရေတိမ်ရောဂါ
အသက် ၄၀ ကျော် ၅၀ အရွယ်တွင် ဖြစ်တတ်သည်။ ယောက်ျားထက်မိန်းမများတွင် ပိုဖြစ်သည်။ မျက်စိနာခြင်း၊ ခေါင်း ကိုက်ခြင်း၊ အော့အန်ခြင်းတို့ ပြင်းထန်စွာခံစားရပြီး ဆေးကုသမှုမခံယူပါက နှစ်ရက် သုံးရက်အတွင်း အမြင်အာရုံ အထူးကျဆင်း သွားစေသော ရောဂါဖြစ်ပါသည်။ အမေ၊ အဖေ အစ်ကို၊ အစ်မ ရေတိမ်ရှိခဲ့လျှင် ဖြစ်နိုင်ခြေပိုရှိသဖြင့် ပို၍သတိထားသင့်ပါသည်။ ထိုသို့ ရောဂါလက္ခဏာဖြစ်လာပါက Diamox စားဆေးကို နှစ်လုံး သုံးကြိမ်စားပြီး မျက်စိသူငယ်အိမ် ကျဉ်းစေသည့် Pilocarpinc မျက်စဉ်းကို တစ်နာရီ တစ်ကြိမ် ခတ်ပေးထားကာ မျက်စိကုဌာနရှိရာသို့ ချက်ချင်းသွားရောက် ကုသမှုခံယူသင့်ပါသည်။ ထောင့် ကျဉ်းရေတိမ် တစ်ဖက်တွင်ဖြစ်ပါက နောက်တစ်ဖက်တွင်လည်း ဖြစ်နိုင်ဖြေရှိပါသဖြင့် လေဆာရောင်ခြည်ဖြင့် အပေါက် က လေး ဖောက်၍ ကြိုတင်ကာကွယ်နိုင်ပါသည်။

ယခုကဲ့သို့ မျက်စိနီခြင်း ငါးမျိုးအကြောင်းကိုဖတ်ပြီး မည်သည့်မျက်စိနီခြင်းမျိုးက အန ္တရာယ်ဖြစ်နိုင်ကြောင်း သိရှိပြီး စောစီးစွာကုသ မှုခံယူကာ အမြင်အာရုံကို ထိန်းသိမ်းနိုင်ကြပါစေ။


Ref: ဒေါက်တာကံညွန့်
Source : Health Digest Journal

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18