Print

Pre eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း)

  24-Dec-2018
Preview Image

အကျဉ်းရှင်းလင်းချက်

ကိုယ်ဝန်ဆိပ်တက်ခြင်းသည် ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းသွေးတိုးခြင်းကြောင့် ဖြစ်လာသည့် နောက်ဆက်တွဲဆိုးကျိုးဖြစ်သည်။မူလကသွေးပေါင်ချိန်ပုံမှန်အတိုင်းရှိသောအမျိုးသမီးတစ်ဦး ကိုယ်ဝန်၅လကျော်(၂၀ပတ်) မှ သွေးပေါင်တက်လာလျှင် ကိုယ်ဝန်ဆိပ်တက်ခြင်းဖြစ်နိုင်သည်။မကုသဘဲထားပါက မိခင်ရော ကလေးပါ သေစေနိုင်တဲ့အထိနောက်ဆက်တွဲဆိုးကျိုးများရနိုင်ပါတယ်။ကလေးကို မွေးထုတ်လိုက်မှသာ သွေးတိုးတာသက်သာသွားမှာဖြစ်ပါတယ်။

  

လက္ခဏာများ

-သွေးပေါင်တက်ခြင်း(သွေးပေါင်တက်ခြင်းသည် ပထမဆုံးသော လက္ခဏာဖြစ်သည်။ကိုယ်ဝန်ဆောင်နေသည့်ကာလတွင်

သွေးပေါင်သည် တဖြည်းဖြည်းချင်းတိုးလာတတ်သည်။ဒါကြောင့်သွေးပေါင်ကို ကိုယ်ဝန်ဆောင်စဉ်ကာလတွင် တောက်လျှောက်တိုင်းထားရန်လိုအပ်သည်။ အနည်းဆုံး နှစ်ကြိမ်တိုင်းပြီး သွေးပေါင် ၁၄၀/၉၀ နှင့်အထက်ရှိနေပါက ပုံမမှန်ဖြစ်နေခြင်းဖြစ်သည်။ကိုယ်ဝန်ဆိပ်တက်သည့် လက္ခဏာများပေါ်လာနိုင်သည်။)

-အခြားလက္ခဏာများမှာ-

=ဆီးတွင်အသားဓာတ်များပါခြင်း(ဆီးတွင် အနည်များပါခြင်း)

=ခေါင်းအဆမတန်ကိုက်ခြင်း

=အမြင်ဝါးခြင်းအလင်းရောင်စူးစူးမကြည့်နိုင်ခြင်း၊ ရုတ်တရက်အမြင်အာရုံဆုံးရှုံးနိုင်ခြင်း

=ဗိုက်အပေါ်ပိုင်းအောင့်ခြင်း

=ပျို့အန်ခြင်း

=ဆီးနည်းသွားခြင်း

=သွေးထဲတွင် သွေးခဲစေသော သွေးဥမွှားများ နည်းသွားခြင်း

=အသည်းပျက်စီးခြင်း

=အဆုတ်ထဲတွင် ရေများဝင်လာသောကြောင့် အသက်ရှူကျပ်ခြင်း၊မောခြင်း

=မျက်နှာနှင့် ခြေလက်များဖောရောင်လာခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

     ဖြစ်ပွားရသည့်အကြောင်းရင်းကို အတိအကျမသိပေ။သို့သော်ပညာရှင်များက အချင်းကြောင့်ဖြစ်သည်ဟု ယူဆကြသည်။ကိုယ်ဝန်ဆိပ်တက်သည့် အမျိုးသမီးများ၏ အချင်းတွင် သွေးကြောများကောင်းစွာ မဖွံ့ဖြိုးတာကို တွေ့ရတတ်သည်။အဆိုပါသွေးကြောများသည် ပုံမှန်ထက်ကျဉ်းမြောင်းနေတတ်ပြီး အချင်းမှတဆင့်ကလေးဆီသို့သွေးရောက်ရှိမှုကို နည်းစေသည်။

     ထိုသို့ပုံမမှန်ခြင်းကိုဖြစ်စေနိုင်သည့်အကြောင်းရာများမှာ-

-သားအိမ်သို့သွေးထောက်ပ့ံ့မှု လုံလောက်စွာမရခြင်း

-သွေးကြောများပျက်စီးခြင်း

-ကိုယ်ခန္ဓာ၏ ခုခံအားဓာတ်ပုံမမှန်ခြင်း

-မျိုးရိုးဗီဇပုံမမှန်ခြင်း

ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်းကိုဖြစ်စေသော အခြားအကြောင်းရာများမှာ-

-ကိုယ်ဝန် ၅လ (၂ဝပတ်)ကျော်မှသွေးတိုးလာခြင်း 

-ကိုယ်ဝန်မဆောင်ခင်ကတည်းက သွေးတိုးရှိနေခြင်း

-ကိုယ်ဝန်မဆောင်ခင်ကတည်းက သွေးတိုးရှိနေသူများတွင် သွေးပေါင်ထပ်တိုးပြီး ကိုယ်ဝန်ဆိပ်တက်သည်အထိဖြစ်ခြင်း


ဖြစ်နိုင်ချေများသူများ

-အရင်ကိုယ်ဝန်တွင် ကိုယ်ဝန်ဆိပ်တက်ဖူးသည့် ရောဂါရာဇဝင်ရှိခြင်း

-သက်ဦးကိုယ်ဝန်ဆောင်ခြင်း

-နောက်အိမ်ထောင်၏ ပထမဆုံးကိုယ်ဝန်ကိုဆောင်ခြင်း

-အသက်၄၀ကျော်မှကိုယ်ဝန်ဆောင်ခြင်း

-အဝလွန်ခြင်း

-အမွှာကိုယ်ဝန်ဆောင်ခြင်း

-ကလေး၁ယောက်နှင့်၁ယောက် ၁၀နှစ်ခန့်ခြားပြီးမှ ကိုယ်ဝန်ဆောင်ခြင်း

-သွေးတိုးအခံရှိခြင်း၊ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ဆီးချိုရှိခြင်း၊ကျောက်ကပ်ရောဂါ၊ အရေပြားလေးဖက်နာရောဂါများရှိခြင်း


နောက်ဆက်တွဲ ပြဿနာများ

-ကိုယ်ဝန်ဆိပ်တက်ခြင်းသည် ကိုယ်ဝန်လနုစဉ်မှာဖြစ်လေလေ သန္ဓေသားကို ထိခိုက်မှုပိုများလေလေဖြစ်သည်။ ကိုယ်ဝန်ဆိပ်တက်ခြင်းသည် ကလေးကို မွေးထုတ်လိုက်မှသာပျောက်ကင်းသွားမည်ဖြစ်သည်။

-အချင်းမှတစ်ဆင့် ကလေးဆီသို့သွေးရောက်ရှိမှုနည်းခြင်း၊ သန္ဓေသားမှာ ပေါင်မပြည့်ခြင်း၊ ဝမ်းဗိုက်တွင်းသန္ဓေသားသေဆုံးခြင်း၊ပေါင်မပြည့်သောကလေးမွေးဖွားခြင်း၊ကလေးအသေမွေးခြင်း

-အချင်းကွာခြင်း

-HELLP ရောဂါစု- သွေးနီဥများပေါက်ခြင်း၊ အသည်းအင်ဇိုင်းများတက်ခြင်း၊ သွေးဥမွှားပမာဏလျော့ကျခြင်း(ရောဂါလက္ခဏာများမှာ- ပျို့အန်ခြင်း၊ခေါင်းကိုက်ခြင်း၊ ညာဘက်ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်း)

-တက်ခြင်း (ကိုယ်ဝန်ဆိပ်တက်ခြင်း တစ်နည်းအားဖြင့် ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်းကို မထိန်းချုပ်နိုင်လျှင် လူနာမှာ ဝမ်းဗိုက်ညာဘက် အပေါ်ပိုင်းပြင်းထန်စွာအောင့်ခြင်း၊ ခေါင်းအလွန်ကိုက်ခြင်း၊အမြင်ဝါးလာခြင်း၊ စိတ်ဂယောင်ခြောက်ခြားဖြစ်လာခြင်း၊ ဂယောင်ဂတမ်းများပြောခြင်း၊နောက်ဆုံးတွင် တက်သွားသည်အထိဖြစ်နိုင်ပါတယ်။ ထိုအခြေအနေရောက်လာပြီဆိုရင်တော့ ကလေးလစေ့သည် ဖြစ်စေ၊မစေ့သည်ဖြစ်စေ ကလေးကို မွေးထုတ်ပစ်ရမှာဖြစ်ပါတယ်)

-နှလုံးရောဂါဖြစ်နိုင်ချေများခြင်း


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

     ကိုယ်ဝန်စဆောင်စဉ်ကတည်းကပင် ကိုယ်ဝန်ကိုသေချာအပ်နှံပြီး သွေးပေါင်ကို တောက်လျှောက် တိုင်းတာနိုင်လျှင်အကောင်းဆုံးဖြစ်ပါတယ်။ ခေါင်းအပြင်းအထန်ကိုက်ခြင်း၊ အမြင်ဝါးခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်းများရှိလာလျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရမှာဖြစ်ပါတယ်။


စစ်ဆေးမှုများ

-သွေးစစ်ခြင်း( အသည်း၊ကျောက်ကပ်နှင့် သွေးဥမွှားပမာဏကောင်းမကောင်းကို အဓိကထားစစ်ဆေးခြင်း)

-ဆီးစစ်ခြင်း( ဆီးထဲရှိ အသားဓာတ်ကို စစ်ဆေးခြင်း)

-အာထရာဆောင်းရိုက်ခြင်း


ကုသခြင်း

-ကိုယ်ဝန်ဆိပ်တက်ခြင်းကို အရှင်းပျောက်ကင်းအောင် ကုသနိုင်သောတစ်ခုတည်းသောနည်းလမ်းမှာ ကလေးကို မွေးထုတ်လိုက်ခြင်းပင်ဖြစ်ပါတယ်။

-အကယ်၍ ကိုယ်ဝန်လနုသေးရင်တော့ ကလေးကို မွေးထုတ်လိုက်ခြင်းသည် အကောင်းဆုံးနည်းလမ်းမဟုတ်တော့ပါ။

၁။သွေးပေါင်ထိန်းဆေးများဖြင့်ကုသခြင်း

၂။စတီးရွိုက်များဖြင့်ကုသခြင်း(အဆိုပါဆေးများသည် လမစေ့သောကလေးများတွင် အဆုတ်၏လုပ်ဆောင်ရည် ပြည့်ဝစေရန်ကူညီပေးခြင်း၊  HELLP ရောဂါစုဖြစ်လာသည့်အချိန်တွင် အသည်းနှင့် သွေးဥမွှားတို့၏ လုပ်ဆောင်ရည်ကို ခဏာတာတက်အောင်လုပ်ဆောင်ပေးပါတယ်။)

၃။အတက်ကျဆေးများဖြင့်ကုသခြင်း

၄။ကုတင်ပေါ်တွင်သာနားနေပါ။

၅။ကလေးမွေးဖွားခြင်း


ကာကွယ်ခြင်း

-ဆားလျှော့စားပါ။

-တိရိစ္ဆာန်အဆီများလျှော့စားပါ။

-ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝသော အစားအသောက်များများစားပါ။

-သင့်တော်သော ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။

-ကိုယ်အလေးချိန်လျှော့ချပါ။ကိုယ်ခန္ဓာ အလေးချိန်ကို ရှိသင့်သည့််အနေအထားတွင်းရောက်အောင် ထိန်းထားပါ။

-ကိုယ်ဝန်ဆောင်မည်ဟု စိတ်ကူးကတည်းကပင် မိမိတွင်သွေးတိုးရှိမရှိကို စမ်းသပ်စစ်ဆေးထားသင့်သည်။

-ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ကိုယ်ဝန်မှန်မှန်အပ်ခြင်း၊သွေးပေါင်ချိန်တိုင်းခြင်းများကို ပုံမှန်လုပ်ဆောင်ထားသင့်ပါတယ်။


Translated by Dr.Khin JyuJyu Ko

Ref: Mayo clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18