Print

အာရှ ဖုန်းစွဲ စိတ်ရောဂါ

  18-Dec-2018
Preview Image

ယနေ့ စမတ်ဖုန်းခေတ်မှာ “ဖုန်းစွဲ စိတ်ရောဂါ”လည်း ပေါ်လာသည်။ အင်္ဂလိပ်စာလုံး အားဖြင့် (Nomophobia- no mobile phone phobia) ဟု ခေါ်ကြသည်။ အာရှတိုက်လည်း ထိုရောဂါက မလွတ်။ ဆဲလ်ဖီတုတ်တံ စတင် မွေးဖွားရာ၊ ခံစားချက် ဖော်ပုံလေးများ (Emoji) စတင် မွေးဖွားရာ ဒေသဖြစ်သော အာရှတိုက်မှာ ဖုန်းစွဲရောဂါ ခံစားနေရသူ အများစုကြီးမှာ လူငယ်များ ဖြစ်သည်။ တောင်ကိုရီးယား လူငယ်တိုင်းလိုလို ဖုန်းကိုင်ကြသည်။ ဖုန်းကိုင်သူ လူငယ် (၁၀၀၀)ကို လေ့လာကြည့်ရာ (၇၂) ရာခိုင် နှုန်းသည် အသက်(၁၁၊ ၁၂)အရွယ်ကစပြီး စမတ်ဖုန်း ကိုင်ခဲ့ကြသူများ ဖြစ်ကြောင်း တွေ့ရသည်။ ထိုလူငယ်များ စမတ်ဖုန်း ပျမ်းမျှတစ်နေ့ သုံးချိန်မှာ(၅ ဒသမ ၄) နာရီ ရှိသည်။ အကျိုးဆက်ကား လူငယ် (၁၀၀၀)တွင် (၂၅၀)ကျော်သည် ဖုန်းစွဲ စိတ်ဝေဒနာ ခံစားနေရသည်။ ကိုယ့်နားမှာ ကိုယ့်ဖုန်းမရှိသည်နှင့် လူက စိတ်မလုံတော့။ ဂနာမငြိမ်ဖြစ်ကာ ဇောချွေးပါပြန်လာသည်အထိ ဖြစ်လာခြင်းကို ဖုန်းစွဲစိတ် ရောဂါဟု ခေါ်သည်။ စမတ်ဖုန်းသည် ယနေ့ လူ့အဖွဲ့အစည်းတိုင်း၏ ဗဟိုချက် ဖြစ်နေပြီ။ အာရှ ယဉ်ကျေးမှုထဲသို့လည်း ပုံမှန်အတိုင်းရော၊ ပုံမှန်ထက် ပိုကဲသော ပုံစံမျိုးဖြင့်ပါ စမတ်ဖုန်း ယဉ်ကျေးမှုက တိုးဝင်နေသည်။ မစားခင် မသောက်ခင် ဟင်းပွဲ ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာပေါ် တင်သည့် ဓလေ့သည်လည်း အာရှသားများက စသည်ဟု ဆိုရမည်။ ဂျပန်တွင်ဆိုလျှင် ထိုဓလေ့ကို “ကဲတိုင် ယဉ်ကျေးမှု”ဟုပင် နာမည် သီးသန့်ပေးထားပြီ။

အာရှနှင့် သူ၏ သန်း(၂၅၀၀)သော စမတ်ဖုန်း သုံးသူများသည် ဖုန်းနှင့် ပတ်သက်သော ပြုံးချင်စရာ၊ ရယ်ချင်စရာ သတင်းတွေလည်း ကမ္ဘာ့သတင်းကွန်ရက်ကိုထောက်ပံ့ပေးနေသည်။ ကြည့်ပါ၊ ထိုင်ဝမ်သူ တိုးရစ် အမျိုးသမီး တစ်ယောက် ဖုန်းနဲ့ ဖေ့စ်ဘွတ်ခ်သုံးရင်း လမ်းလျှောက်နေတုန်း ခြေချော်ပြီး ဆိပ်ခံတံတားပေါ်က ပြုတ်ကျလို့ ဝိုင်းကယ်လိုက်ရသည့် သတင်းမျိုး။ တရုတ်နိုင်ငံ စီချွမ်း ပြည်နယ်သူ တစ်ဦးလည်း ဖုန်းနဲ့မျက်နှာအပ်ပြီး လမ်းလျှောက်တာ ရေနုတ်မြောင်းကြီးထဲ ပြုတ်ကျလို့ မီးသတ်သမားတွေ ဝိုင်းဆွဲတင်လိုက်ရတဲ့ သတင်းမျိုး။ ဟာသတွေချည်း ဖြစ်၏။ စင်ကာပူ ဆိုလျှင်လည်း လူဦးရေ ခြောက်သန်းသာ ရှိသည့်တိုင် ကမ္ဘာပေါ်တွင် စမတ်ဖုန်းသုံးသူ ရာခိုင်နှုန်း အများဆုံး ရှိနေသော နိုင်ငံ ဖြစ်သည်။ နောက်ဆက်တွဲ အကျိုးဆက်ကား ဒစ်ဂျစ်တယ် စွဲလန်းမှု ကုသရေး စိတ်ကုဆေးခန်းတွေ စင်ကာပူမှာ ဖွင့်နေရသည်။ ဆိုင်ဘာ စိတ်ကျန်းမာရေး ဆေးခန်း ဆိုတာမျိုးတွေလည်း ပေါ်လာသည်။ ဒီဂျစ်တယ် စွဲလန်းမှုဆိုတာ သတိထားစရာဟု ပြည်သူတွေကို ပညာပေး ဟောပြောနေရပြီ။ “လူငယ်တွေဆိုတာ ဘဝအတွေ့အကြုံ နည်းသေးတာကြောင့် မရင့်ကျက်ဘူး။ ဒီတော့ စမတ်ဖုန်းသုံးချိန်ကို စနစ်တကျ စီမံခန့်ခွဲ နိုင်တာမျိုး မရှိဘဲ ဖုန်းစွဲ စိတ်ရောဂါ ပိုခံစားကြရတယ်”ဟု စင်ကာပူရှိ ဆိုင်ဘာ စိတ်ကျန်းမာရေး စင်တာ Touch Cyber Wellness Centre မှ တာဝန်ရှိသူချောင်အီ-ဂျေးက ပြောသည်။

ယနေ့ လူငယ်များသည် စမတ်ဖုန်းကို အားမကိုးမဖြစ် အားကိုးနေရသည့် ဝန်းကျင် အခြေအနေမျိုးထဲ ကျရောက်နေခြင်း ကိုလည်း စိတ်ပူမိကြောင်း ၎င်းက ဆက်ပြောသည်။“ကျောင်းစာ စနစ်ကိုက စမတ်ဖုန်းနဲ့ ချိတ်ဆက် လည်ပတ်တဲ့စနစ် ဖြစ်နေပြီဆိုတော့ လူငယ်တွေဟာ စမတ်ဖုန်းအသုံး စနစ်တကျ မထိန်းသိမ်း နိုင်ကြဘူးဆိုရင် ဖုန်းစွဲ စိတ်ဝေဒနာ ခံစားရဖို့က ပိုပိုပြီး နီးစပ်လာလိမ့်မယ်”ဟု ၎င်းက ဆိုသည်။ စင်ကာပူတွင်ကျောင်းအိမ်စာများကို WhatsAppမှ တစ်ဆင့် ဆရာများက ညွှန်ကြားနေကြပြီ ဖြစ်သလို၊ကျောင်းသား ကျောင်းသူချင်းလည်း ကျောင်းစာ ကိစ္စများကို အွန်လိုင်းကနေ အများဆုံး ချိတ်ဆက် ဆွေးနွေးနေကြပြီ။တောင်ကိုရီးယားတွင် အသက်(၁၉) နှစ်အရွယ် ကျောင်းသူ အမ်မာယွန်း (နာမည်ရင်း မဟုတ်)သည် ၂၀၁၃ ဧပြီကတည်းက ဖုန်းစွဲ စိတ်ရောဂါ ကုသမှု ခံယူနေရသည်။ “ဖုန်းက ကျွန်မ ဘ၀ ဖြစ်လာတယ်။ ကိုယ့်နား ဖုန်းမရှိတာနဲ့ ရင်တွေ တလှပ်လှပ် ခုန်လာတယ်။ လက်ထဲ ဖုန်းကိုင်မထားရရင် လက်ဖဝါးတွေ ချွေးပြန်လာတယ်။ ဒါကြောင့် ဖုန်းမပါဘဲ ဘယ်ကိုမှ မသွားဘူး”ဟု ယွန်းက ပြောသည်။ ယွန်းသည် ဖုန်းစွဲလွန်း အားကြီးသောကြောင့် အခြားဝါသနာများ လိုက်စားခြင်း လုံးဝမရှိတော့သလို၊ကျောင်းလှုပ်ရှား မှုများမှာလည်း မပါဘဲ တစ်ချိန်လုံး ဖုန်းတစ်လုံးနဲ့ ချောင်ကပ်နေတတ်ကြောင်း မိဘများကလည်း ပြောသည်။ အခြားမကြည့်နှင့်၊ အကျႌအိတ်ကပ်ထဲ ဖုန်းထည့်လေ့ရှိသော သာမန်လူများသည်ပင် အိတ်ကပ်ပေါ့နေသည်နှင့် ခေါင်းထဲ ဒိန်းခနဲဖြစ်သွားပြီး၊ “ဖုန်းဘယ်ရောက် သွားလဲ”ဟူသော အတွေးနှင့်အတူ လက်က အကျႌအိတ်ကပ်ပေါ် ရောက်သွားသည်။ တကယ်တမ်းတွင် ဖုန်းကို စားပွဲပေါ် တင်ထားမိခြင်း
လည်း ဖြစ်နိုင်သည်။ အထူးသဖြင့် စမတ်ဖုန်းကို ဆိုရှယ်မီဒီယာအတွက် အဓိက အသုံးပြုသူများသည် ဖုန်းစွဲ စိတ်ဝေဒနာ ဖြစ်ပွားဖို့ အနီးစပ်ဆုံး သူများ ဖြစ်ကြောင်းစစ်တမ်းပေါင်းများစွာက ထောက်ပြထားပြီး ဖြစ်သည်။

ယနေ့ လူမှုပုံစံကလည်း လူတွေ စမတ်ဖုန်းကိုမှ အားမကိုးလျှင် မဖြစ်တော့သည့် အခြေအနေမျိုး ဖြစ်နေသည်။ ယနေ့ လူငယ်မျိုးဆက်သည် စမတ်ဖုန်းမှ မရှိလျှင် အခြားသူများနှင့် မဆက်သွယ်တတ်၊ မပေါင်းသင်းတတ် ဖြစ်လာသည်။ အချို့သော အာရှနိုင်ငံများတွင် ကလေးလူငယ်များသည် တစ်နေ့တစ်နေ့ ကျောင်းစာ အိမ်စာတွေနဲ့ချည်း ပိနေရာ သူတို့အဖို့ လောကကြီးနဲ့ ဆက်သွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းသည် စမတ်ဖုန်းများဖြစ်သည်။ ဖုန်းများဖြင့် သူငယ်ချင်းများနှင့် ဆက်သွယ်မည်။ ဖေ့စ်ဘွတ်ခ်က တစ်ဆင့်လောကကြီးကို ကြည့်မည်။ ပျော်စရာ၊ ဝမ်းနည်းစရာကို ဆိုရှယ်မီဒီယာကနေ ရှာမည်။ ထိုသို့ဖြင့် စမတ်ဖုန်း၏ အရေးပါမှုက အခြားအရာအားလုံးထက် မမျှတသောနှုန်းဖြင့် ပိုကဲကြီးထွားလာခဲ့သည်။ လူငယ်များ စမတ်ဖုန်းအသုံး ထိန်းချုပ်ဖို့ ကြိုးစားသည့် အာရှနိုင်ငံများလည်း ပေါ်လာသည်။ တောင်ကိုရီးယား အစိုးရသည် လူငယ်များ စမတ်ဖုန်းအသုံးကို စောင့်ကြည့်မည့် အပလီကေးရှင်းမျိုး ထုတ်လုပ်မည့် အရေးအတွက် ထောက်ခံကန့် ကွက် နှစ်ဖက် အပြင်းအထန် စကားရည် လုနေကြသည်။ ကလေးများ ညသန်းခေါင်နောက်ပိုင်း အွန်လိုင်းဂိမ်းတွေ ဝင်မဆော့နိုင်အောင် တားမြစ်မည့် အစီစဉ်များလည်းတောင်ကိုရီးယားတွင် ၂၀၁၁ ခုနှစ် ကတည်းက ချမှတ်ခဲ့သည်။ ပြီးခဲ့သည့် လပိုင်းများကလည်း တောင်ကိုရီးယား အဆောင်နေ တက္ကသိုလ်ကျောင်းသားများ ညပိုင်း အင်တာနက် သုံးခွင့်မရအောင် ဖြတ်တောက် ကန့်သတ် ထားမှုများကြောင့် ကန့်ကွက်သူ ၊ ထောက်ခံသူ အမျိုးမျိုး ထွက်ပေါ်နေသည်။ တရုတ်နိုင်ငံသည် အင်တာနက်နှင့် ဖုန်းစွဲလမ်းလွန်းသူများကို အစွဲချွတ်မည့် လေ့ကျင့်ရေး စခန်းများပါ ဖွင့်လှစ်ထားပြီ။ ဖုန်းစွဲလွန် စိတ်ရောဂါကို သမားရိုးကျ စိတ်ကုထုံးများဖြင့် ကုသရုံနှင့် မလုံလောက်ဟု ဆိုသူများလည်း ရှိသည်။ စင်ကာပူမှ စိတ်ပညာရှင် အန်ဒရီယန်ဝမ်က “ဖုန်းစွဲ ရောဂါဟာ အကြောင်းအရင်း တစ်ခု နှစ်ခုလောက်ကို အခြေခံပြီး ဖြစ်ပွားတဲ့ ရောဂါမျိုး မဟုတ်ပါဘူး။ လူ့ အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ ခေတ်ရေစီးလှိုင်း အရွေ့ပေါ် မူတည်ပြီး ဖြစ်ပွားလာတဲ့ ရောဂါမျိုးဖြစ်တာကြောင့် ကုထုံး ဖော်စပ်တဲ့နေရာမှာ နောက်ခံ အကြောင်းရင်းပေါင်း များစွာကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်”ဟု ထောက်ပြသည်။

ဖုန်းစွဲသူတို့၏ လက္ခဏာများ
- အကြောင်း မည်မည်ရရ မရှိပါဘဲ ဖုန်းကို ခဏခဏ ဖွင့်ကြည့်မိခြင်း။

- ကိုယ့်နား ဖုန်းမရှိရင် စိတ်ဂနာမငြိမ် စိုးရိမ်စိတ်ကဲကာ ဖုန်းကို လိုက်ရှာနေမိခြင်း။

- လူတွေနဲ့ ရောဖို့ စိတ်မပါ၊ ဖုန်းနဲ့သာ အချိန်ကုန်နေခြင်း။

- ညကြီးမင်းကြီး လန့်နိုးလာရင် ပြန်မအိပ်ခင် ဖုန်းဖွင့်ကြည့်မိခြင်း။

- ဖုန်းသုံးရင်း အချိန်ကုန် လွန်းသောကြောင့် ကျောင်းစာကိစ္စ၊ အလုပ်ကိစ္စမှာပါ ထိခိုက်လာခြင်း။

-ဖုန်းမှာ Notification ဝင်လာတိုင်း လုပ်လက်စ အလုပ်ပစ်ချပြီး ဖုန်းဖွင့်ကြည့်ခြင်း။


Ref;
messenger news journal

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18