Print

Headache - Tension type headache (စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း...

  30-Sep-2018
Preview Image

Tension Headache ခေါ် စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းမှာ အတွေ့ရများသော၊ နေ့စဉ် လူနေမှုဘဝတွင် သာမာန် ခေါင်းကိုက်ခြင်းဟု ယူဆထားသည့် ခေါင်းကိုက်ခြင်း ပြဿနာ ဖြစ်သည်။ အသက်အရွယ် မရွေး ခံစားရနိုင်ပြီး ဆယ်ကျော်သက်နှင့် အရွယ်ရောက်ပြီး သူများတွင် ပိုအတွေ့ရများသည်။ အမျိုးသမီးများသည် အမျိုးသားများထက် Tension Headache ကို ပိုမိုခံစားကြရသည်။ 


လက္ခဏာများ

ဦးခေါင်းတစ်ခုလုံး ကိုက်ခဲနေပြီး ကိုက်ခဲမှုမှာ တသမတ်တည်း ဖြစ်နေလေ့ရှိသည်။ လည်ပင်း ဂုတ်ပိုးနေရာတွင် ကြွက်သားများ တင်းနေသလို ခံစားရနိုင်ပြီး မျက်လုံး ၂ လုံးနောက်ဖက်တွင်ပါ ခပ်တင်းတင်း ခံစားရနိုင်သည်။ ဤ ခေါင်းကိုက်မှုမျိုးမှာ တစ်နေ့တာ လုပ်ငန်းဆောင်တာများ ထိခိုက်ရလောက်အောင် ပြင်းထန်လေ့မရှိပါ။ များသောအားဖြင့် မိနစ် ၃၀ ခန့် ကြာမြင့်တတ်ပြီး တခါတရံတွင် နာရီပေါင်းများစွာလည်း ကိုက်ခဲနေတတ်သည်။ 


ဖြစ်ပွားရသော အကြောင်းရင်းများ

Tension Headache ဖြစ်ပွားရသော အကြောင်းအရင်း အတိအကျကို သိရှိခြင်း မရှိသေးသော်လည်း ထိုသို့ ခံစားရစေနိုင်သည့် အချက်များမှာ

- စိတ်ဖိစီးမှု များခြင်း

- စိတ်လှုပ်ရှားမှု များခြင်း

- မျက်စိစွေခြင်း

- ပင်ပမ်းလွန်းခြင်း

- ရေဓါတ် ခြောက်ခမ်းခြင်း

- အစားပုံမှန် မစားခြင်း

- ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

- နေရောင် စူးစူးကို မြင်ရခြင်း

- အသံ ဆူညံခြင်း

- အနံ့ စူးစူး ရခြင်း စသည်တို့ ဖြစ်ကြသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အများအားဖြင့် Tension Headache မှာ ဆရာဝန်ပြသရန် မလိုအပ်ပါ။ သို့ရာတွင် ဝေဒနာကို တစ်ပတ်အတွင်း အကြိမ်များစွာ ခံစားနေရလျှင် သို့မဟုတ် ခေါင်းကိုက်ခြင်း ဝေဒနာ ပြင်းထန်နေလျှင် ဆရာဝန်ပြသ သင့်သည်။ ထို့အပြင် ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည့် အချက်များမှာ-

- ရုတ်တရက် ခေါင်းကိုက်ခြင်း (မိမိခံစားဖူးသော ခေါင်းကိုက်ခြင်းမျိုးနှင့် မတူဘဲ ခေါင်းကိုက်ခြင်း)

- လည်ပင်းကြွက်သားများ အလွန်တောင့်တင်းပြီး ဖျားခြင်း၊ ပျို့အန်ခြင်း၊ တွေဝေ မိန်းမောခြင်း

- ဦးခေါင်းကို တစုံတခုနှင့် ထိခိုက်ပြီးနောက် ခေါင်းကိုက်ခြင်း

- စကားပြော မပီသခြင်း၊ ထုံကျဉ်ခြင်း၊ တွေဝေ မိန်းမောခြင်းတို့နှင့် တွဲဖြစ်လျှင်စသည်တို့ ဖြစ်ကြသည်။

အထက်ပါ လက္ခဏာများရှိလျှင် ဆေးရုံ၊ ဆေးခန်းသို့ အလျှင်အမြန် ပြသရန် လိုအပ်သည်။


ကုသခြင်

Tension Headache သည် ပြင်းထန်သည့် ဝေဒနာမျိုးမဟုတ်ဘဲ သာမာန် လူနေမှုဘဝ ပြင်ဆင်ခြင်း၊ အနာသက်သာဆေး (Painkillers) များ သောက်သုံးခြင်း စသည်တို့ဖြင့် ကုသနိုင်သည်။


* လူနေမှုဘဝ ပြင်ဆင်ခြင်း (Lifestyle changes)

- ယောဂကျင့်ခြင်း

- နှိပ်နယ်ခြင်း

- လေ့ကျင့်ခန်း ပြုလုပ်ခြင်း

- ရေနွေးအိတ် (သို့) ပူနွေးသော အဝတ်စဖြင့် နဖူး၊ လည်ဂုတ်တို့ကို ကပ်ပေးခြင်း


* အနာသက်သာဆေး (Painkillers)

- Paracetamol, Ibuprofen, Aspirin စသော ဆေးများကို ဆရာဝန်က ညွှန်ကြားနိုင်သည်။

- (သတိပြုရန်မှာ တခါတရံ အနာသက်သာဆေးများကြောင့်လည်း ခေါင်းကိုက်တတ်သည်) ထိုအခါမျိုးတွင် ဆရာဝန်က သင့်အား ဆေးများရပ်ရန် ညွှန်ကြားနိုင်သည်။


Ref: NHS Choices, UK

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18