Print

သွားဖာခြင်း

  24-Feb-2017
Preview Image

 

ကျွန်ုပ်တို့၏ သွားများသည် သွားပိုးစားရောဂါကြောင့် လည်းကောင်း၊ ထိခိုက်မိသည့်အခါ၌ လည်းကောင်း သွား၏အစိတ်အပိုင်းများ ပျက်စီးသည့်အခါ ပြန်လည် အစားထိုးဖာထေးရပါသည်။ အကယ်၍ စောစီးစွာ မပြုလုပ်နိုင်ပါက ပိုမိုပျက်စီး၍ သွားများဆုံးရှုံးနိုင်ပါသည်။ သွား၏ ပိုးစားပေါက်သည် ကြွေသွားလွှာ၊ ဆင်စွယ်နှစ်လွှာတို့ အတွင်းရောက်သော် ရိုးရိုးဆေးပစ္စည်းများဖြင့် ဖာနိုင်သော်လည်း၊ အတွင်းပိုင်း မွသားရောက်ပါက ရိုးရိုးဖာ၍ မရတော့ဘဲ သွားအမြစ်အတွင်း ကုသမှုပေးရပါသည်။ တစ်ခါတစ်ရံ သွားအပေါက်သည် နက်ပါက အတွင်း၌ ကယ်လစီယမ် ဟိုက်ဒရောက်ဆိုက် (Calclum Hydroxide, Glass Ionomer) ဆေးများဖြင့်ခံပြီး ဖာရပါသည်။ ထိုသို့မခံပါက သွားဖာပြီးနောက် ကျင်ခြင်း၊ နာခြင်းများ ဖြစ်တတ်ပါတယ်။ သွားဖာပြီးနောက် မြင့်နေ၊ ခုနေပါက သွားဆရာဝန်အား ပြန်လည်ပြသပါ။ ဤအတိုင်းထားပါက နောက်တွင် သွားမြစ်တွင်း ကုသမှုပေးရန် လိုအပ်ပါလိမ့်မည်။ 

 

တချို့က သွားတိုက်နည်းကို မှန်ကန်စွာ နားမလည်၍ ဘေးတိုက်ဆွဲတိုက်သည့်အတွက် သွားဖုံးနိမ့်သွားကာ သွား၏လည်ပင်းပိုင်း၌ အင်္ဂလိပ်စာလုံး V ဗွီပုံသဏ္ဍာန် အပေါက်ဖြစ်တတ်ပါသည်။ ထိုအပေါက်များကို မဖာဘဲထားပါက အပူအအေးသောက်သည့်အခါ ကျင်တတ်ပါသည်။ ထိုအပေါက်များကို ယခင်က ငွေပြဒါးအရောဖြင့် ဖာကြသော်လည်း ယခုအခါ သွားအရောင်တူသည့် Composite ဖြင့် ဖာနိုင်ကြပါပြီ။ မည်သည့်ဆေးဖြင့် ဖာနိုင်သည်ကို မိမိတို့နီးစပ်ရာ သွားဆရာဝန်များနှင့် တိုင်ပင်ကုသနိုင်ပါသည်။ သွားကို ထိခိုက်ဒဏ်ရာရပါက ကြွေလွှာပဲ့သွားလျှင် အဖြူရောင် Composite ဖြင့် ဖာနိုင်ပြီး ဆယ်စွယ်နှစ်လွှာရောက်လျှင် ဆေးတစ်ထပ်ခံပြီး ဖာရပါသည်။ ပဲ့သည့်အပိုင်းသည် ကြီးမားပြီး မွသားကို မထိပါက အပေါ်မှသွားအတု (Crown) ဖြင့် စွပ်ထားနိုင်ပါသည်။ မွသားအထိ ရောက်ပါက သွားအမြစ်အတွင်း ကုသမှုဖြင့်သာ ကုသနိုင်ပါတော့သည်။ ထို့ကြောင့် မိမိတို့၏ သွားများကိုမပျက်စီးခင်ကြိုတင်ကာကွယ်နိုင်အောင် အောက်ပါအချက်များကို သတိထားသင့်ပါသည်။

 

(၁) ခြောက်လတစ်ကြိမ် မိမိတို့ သွားဆရာဝန်များနှင့် မှန်မှန်စစ်ဆေးမှုခံယူပါ။

(၂) မိမိသွားတွင် အပေါက်ရှိသည်ဟု သံသယဖြစ်ပါက အမြန်ဆုံးကုသမှုခံယူပါ။
မည်သည့်ဆေးဖြင့် ဖာနိုင်သည်ကို မိမိကုသသည့် သွားဆရာဝန်နှင့် တိုင်ပင်ပါ။

(၃) မိမိတို့၏ သွားများ ထိခိုက်ဒဏ်ရာရလျှင် အမြန်ဆုံးကုသမှုခံယူနိုင်အောင် ကြိုးစားပါ။

(၄) မိမိတို့၏ သွားများကို နေ့စဉ်တစ်နေ့နှစ်ကြိမ် စနစ်မှန် သွားတိုက်နည်းဖြင့် တိုက်ပါက သွားတိုက်နည်း မမှန်သည့်အတွက်ကြောင့်ဖြစ်သော သွားအပေါက်များကို ကာကွယ်နိုင် ပါသည်။ အကယ်၍ ရှိပြီးအပေါက်များ (Abrasion) များရှိပါက ကြိုတင်ဖောက်ထား နိုင်ပါသည်။ အထက်ပါအချက်များကို ကြိုတင်သတိထား လိုက်နာခြင်းဖြင့် သင်တို့၏ သွားများကို မပျက်စီးအောင် ကြိုတင်ကာကွယ်နိုင်ကြောင်း ရေးသားလိုက်ရပါသည်။

 

Healthcare.com.mm

Ref:
ဒေါက်တာတင်လတ်
Health for all magazine October 2014,Pg.67-68



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18